
ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၁၁၇ မိုင် ၁ ဖာလုံအနီးမှာ ဇန်နဝါရီ ၁ ရက် မနက်အစောပိုင်း ၃ နာရီခွဲလောက်က ဘုရားဖူးကား တိမ်းမှောက်ခဲ့ပြီး လူတယောက် သေဆုံး၊ ၃၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့ ကွပ်ကဲမှုရုံးဆီက သိရပါတယ်။
ယာဉ်မောင်းအပါအဝင် လူ ၄၅ ယောက် တင်ဆောင်လာတဲ့ အနီရောင် Yutong အမျိုးအစား ခရီးသည်တင် ဘုရားဖူးကားဟာ ရန်ကုန်ဘက်ကို နေပြည်တော်ကနေ အပြန်လမ်းမှာ လမ်းဘေးက ဘယ်ရီယာတုံးတွေကို တိုက်မိပြီး တိမ်းမှောက်သွားခဲ့တာ ဖြစ်ပါတယ်။
အမြန်လမ်းကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က “မိသားစု ဘုရားဖူးကား။ နေပြည်တော်ကနေ ညပိုင်း ပြန်ထွက်လာရင်း ယာဉ်မောင်းအိပ်ငိုက်ပြီး ဖြစ်တာ။ ယာဉ်မောင်းက မစိုးရိမ်ရဒဏ်ရာ ရတယ်။ အမျိုးသမီး ၁ ဦး သေဆုံး၊ ကလေးငယ် ၂ ဦး ဒဏ်ရာရ၊ ကျန်အမျိုးသားနဲ့ အမျိုးသမီးအားလုံး ၃၀ ကျော်ကို ကြက်ခြေနီ၊ EMS အဖွဲ့တွေက ဖြူးဆေးရုံ ပို့ပေးထားပါတယ်” လို့ ပြောပါတယ်။
ယာဉ်တိုက်မှုနေရာကို ၁၁၅ မိုင် အမြန်လမ်းကယ်ဆယ်ရေးအဖွဲ့တွေ ရောက်ရှိကူညီခဲ့ကြပြီး ပြင်းထန်ဒဏ်ရာရရှိသူ အမျိုးသား ၃ ယောက်၊ သေဆုံး အမျိုးသမီးတယောက်နဲ့ မစိုးရိမ်ရလူနာ အမျိုးသား ၇ ယောက်၊ အမျိုးသမီး ၂၃ ယောက်ကို ဖြူးမြို့နယ်ဆေးရုံကို ပို့ဆောင်ပေးခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ အောက်တိုဘာ ၁၆ ရက်ကလည်း အမြန်လမ်း ၁၅၄ မိုင် ၁ ဖာလုံမှာ ခရီးသည်တင်ယာဉ် တိမ်းမှောက်ပြီး အမျိုးသမီး ၂ ယောက် သေဆုံး၊ ၁၃ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။