
လေယာဉ်စီးရတာ ပျော်သည်။ ဘယ်အချိန်စီးစီး၊ ဘယ်တော့စီးစီး ပျော်သည်။ လေယာဉ်နှင့် ခရီးတွေ တထပ်ပြီးတထပ် ဆက်သွားနေကြရသူတွေတော့ မသိ။ ကိုယ်တွေအဖို့တော့ လေယာဉ်စီးရတိုင်း၊ လေယာဉ်ပေါ် တက်ရတိုင်း ပျော်သည်။ ပျော်သည် ဆိုတာထက် စိတ်လှုပ်ရှားသည်ဟု ဆိုရမည်။
၂၀၂၄ ခုနှစ်အတွင်း လေယာဉ်ခရီးစဉ်အမျိုးမျိုး စီးဖြစ်သည်။ တလအတွင်း တကြိမ် နှစ်ကြိမ်မက သွားခဲ့ရသည်လည်း ရှိသည်။ ဟိုးလေယာဉ်တွေ စစီးခဲ့ကတည်းက လေယာဉ်ပေါ်တက်ခါနီး ရင်ခုန်သံက ခုထိ သိပ်အပြောင်းအလဲ မရှိသေး။ ခရီးသွားရတာ၊ လူတွေကို ကြည့်ရတာ၊ ပတ်ဝန်းကျင်ကို စူးစမ်းရတာ ငယ်ကတည်းက ဝါသနာထုံခဲ့လေတော့ လေယာဉ်ခရီးစဉ်တိုင်းက အသစ်အဆန်းတွေချည်း ဖြစ်သည်။
လေယာဉ်ပေါ်မှာ Business Class သမားတွေက ရှေ့ဆုံးမှာ သီးခြား ခုံအကျယ်ကြီးတွေနှင့် နေရာယူကြသလို ဦးစားပေးအဆင့်အနေနှင့် သူတို့က အရင်ဆုံး လေယာဉ်ပေါ်တက်ကြရသည်။ ဟိုး နောက်ဆုံးခုံတန်းတွေက သူများမလိုချင်၍ ထိုင်ရသော ထိုင်ခုံတွေ။ အကြောင်းအမျိုးမျိုး ကိစ္စအမျိုးမျိုးနှင့် ခရီးသွားကြသူတွေ၊ မျက်နှာအမျိုးမျိုး၊ အသားရောင်အမျိုးမျိုး၊ ဝတ်စားဆင်ယင်ပုံအမျိုးမျိုးနှင့် လူတွေကြားထဲ ကိုယ်လည်းအပါအဝင်။ ဘယ်လို လေယာဉ်ခရီးစဉ်မျိုးပဲဖြစ်ဖြစ် လေယာဉ်မထွက်မီ ခရီးသည်တွေ လိုက်နာရမည့်အချက်တွေ၊ လေယာဉ် အရေးပေါ်ဖြစ်သည့်အခါ မည်သို့မည်ပုံ လုပ်ဆောင်ရမည်ဆိုသည်ကို လေယာဉ်မယ်အချို့က သရုပ်ပြလေ့ရှိကြသည်။ ခုနောက်ပိုင်းတော့ အသင့်ရိုက်ထားပြီး ဗီဒီယိုဖိုင်ပြသပြီး သတိပေးသည်။
လေယာဉ်စီးတာ ဝါရင့်နေပြီဖြစ်သည့် ခရီးသည်တချို့ကတော့ ရှေ့မှာ လေယာဉ်မယ်က လက်ဟန်၊ ခြေဟန်တွေနှင့် သရုပ်ပြနေတာကို ကြည့်မနေကြတော့။ ဘယ်နေရာမှာ အရေးပေါ်ထွက်ပေါက် ရှိသည်၊ အောက်စီဂျင်မတ်စ်ကို ဘယ်လိုသုံးရမည် စသည်ဖြင့် ရှင်းပြနေလည်း အတွေးက ရောက်ချင်ရာ ရောက်နေသည်။ ခဏခဏတော့ မြင်နေရတာပါပဲ။ ခုနေ တခုခုများဖြစ်လျှင်တော့ ဘာလုပ်ရမှန်းသိမှာမဟုတ်။
အရေးပေါ်အခြေအနေမျိုးဆိုတာ လေယာဉ်စီးခရီးသည်တွေ တသက်မှာ တကြိမ် ကြုံတွေ့ဖို့ ခဲယဉ်းသည်မဟုတ်လား။ ကြုံတွေ့ခဲ့ပြီဆိုလျှင်လည်း ထိုအကြောင်းကို ပြန်ပြောဖို့ပင်လျှင် အခွင့်အလမ်းမရှိ။ ကံကောင်းလွန်းပါမှ အသက်ရှင်မည်။
လေယာဉ်ဖြင့် ခရီးတွေ သွားနေကြသော်လည်း ထိုအဖြစ်အပျက်ကို လူတွေ မသိမဟုတ်။ သိနေကြတာပဲ ဖြစ်သည်။ လေယာဉ် အတက်၊ လေယာဉ် အဆင်း မတော်တဆ တခုခုဖြစ်ခဲ့လျှင် ယခု လှလှပပဝတ်စားထားသော ခန္ဓာကိုယ်တခု တမုဟုတ်ချင်း သက်မဲ့ဘဝဖြင့် မီးလောင်ပြာကျသွားနိုင်သည်။ ဘဝတခု ပြီးဆုံးပြီ။ ထို့ကြောင့် လေယာဉ်ပေါ်ရောက်သည့်အခါ ဗုဒ္ဓဘာသာဝင်တွေက ဂါထာတခုခု စိတ်က ရွတ်နေတတ်သလို တခြားဘာသာဝင်တွေလည်း သူတို့ယုံကြည်ရာတခုခု ရွတ်ဆိုနေကြမည်ထင်သည်။
တောင်ကိုရီးယား ခရီးသည်တင်လေယာဉ် ဂျေဂျူး မီးလောင်ပေါက်ကွဲသွားသည့်သတင်းကို အဖြစ်အပျက်ပေါ်ပေါက်ပြီး နှစ်နာရီအကြာတွင် ဘီဘီစီသတင်းတွင် ဖတ်လိုက်ရသည်။ လေယာဉ်ပျက်ကျသည်ဆိုသော သတင်းနှင့် ခရီးသည်သေဆုံးမှုသတင်းကို ဖတ်ရသောအခါ အလွန် တုန်လှုပ်သွားခဲ့သည်။ ခရီးစဉ်က ဘန်ကောက်ကလာသော ခရီးစဉ်။ မနက်အစောကြီးထွက်သည့် လေယာဉ်။ ဟိုတနေ့က သုဝဏ္ဏဘူမိလေဆိပ်မှာ လေယာဉ်စီးတော့ မနက်စောစော flight မို့ အရောင်အမျိုးမျိုး တံဆပ်ဒီဇိုင်းအမျိုးမျိုးနှင့် တခြားကမ္ဘာအရပ်ရပ်က လေယာဉ်တွေကိုလည်း တွေ့ခဲ့ရတာ အမှတ်ရနေမိသည်။ ကမ္ဘာကြီး၏ ကူးသန်းသွားလာမှုက ကင်းဝန်မင်းကြီးတို့၊ ဆရာကြီးမင်းသုဝဏ်တို့ ဘိလပ်သွားခဲ့သလိုမျိုး ပင်လယ်ကူးသင်္ဘောကြီးတွေ မဟုတ်တော့။ လေကြောင်းလိုင်းတွေ၊ လေကြောင်းကွန်ရက်တွေက ကမ္ဘာကြီး၏ တနေရာနှင့် တနေရာကို ချိတ်ဆက်ပေးထားကြပြီး လေယာဉ်ခရီးစဉ်များသည် ပြည်ပခရီးတခုအတွက် မရှိမဖြစ် ဖြစ်လာသည်။
တောင်ကိုရီးယား Jeju Air က သိပ်ထင်ရှားလှသော လေကြောင်းလိုင်းတော့ မဟုတ်။ သူက Air Asia လို ဘတ်ဂျက်အဲယားလိုင်း အမျိုးအစားဖြစ်သည်။ ခရီးသည်အပြည့် ၁၇၅ ဦး၊ လေယာဉ်အမှုထမ်း ၆ ဦး လိုက်ပါလာသည်။
ဖြစ်စဉ်ကိုတော့ ခုရက် သတင်းတွေထဲ အားလုံးဖတ်ထားကြပြီမို့ သိနေကြလောက်ပါပြီ။ ဗီဒီယိုဖိုင်ထဲမှာ ပြေးလမ်းပေါ် ဆင်းသက်လာသောလေယာဉ်ကို တွေ့ရပြီး လေယာဉ်ပြေးလမ်းအဆုံး အုတ်တံတိုင်းနှင့်တိုက်ကာ မီးလောင်ပေါက်ကွဲခဲ့သည်ကို မြင်ရသည်။ အစောပိုင်းသတင်းတွေမှာ သေဆုံးသူ ၄၇ ဦး၊ နောက်တော့ ၁၀၀ ကျော်၊ နောက်တော့ လေယာဉ်အမှုထမ်း ၂ ဦးမှအပ ကျန်ခရီးသည်အားလုံး သေဆုံးသွားသည်ဟု ဖော်ပြသည်။ တောင်ကိုရီးယား လေကြောင်းသမိုင်းမှာတော့ ဆယ်စုနှစ်အတွင်း လူသေပျောက်မှုအများဆုံး မှတ်တမ်းဝင်သွားသည်။
လေယာဉ်ပျက်မှုနှင့် ပတ်သက်၍ လေဆိပ်ပြေးလမ်းသို့ လေယာဉ်ဆင်းသက်စဉ် ငှက်အုပ်တအုပ်နှင့် တိုက်မိသဖြင့် အဆင်းဘီး ချမရတော့သည့် အတွက်ကြောင့်ဟု သတင်းများတွင် မှတ်ချက်ပေး ဖော်ပြကြသည်။ သို့သော် အတိအကျ မှတ်ချက်ပေးနိုင်ခြင်း မရှိသေး။ လေယာဉ်ပေါက်ကွဲမှုနှင့်အတူ ပါသွားသော ပျံသန်းမှုမှတ်တမ်းကို ဖော်ထုတ်ပြီးမှ ဘာ့ကြောင့် ပျက်ကျရသည်ကို အတိအကျ သိရမည်ဟု ဆိုသည်။
ကမ္ဘာအရပ်ရပ် လေ့လာသုံးသပ်သူတွေကတော့ မှတ်ချက်တွေ အမျိုးမျိုးပေးကြသည်။ ငှက်ဝင်တိုက်ရုံနှင့် လေယာဉ်ဘီး ချမရသည်အထိ မရှိကြောင်း၊ ပျံသန်းနေသောလေယာဉ်နှင့် ငှက်အုပ် တိုက်မိသည့်ဖြစ်စဉ် ကမ္ဘာအရပ်ရပ်မှာ ရှိကြောင်း၊ သို့သော် ယခုလို ဘီးချမရသည့် အဖြစ်မျိုး မရှိကြောင်း မှတ်ချက်ပေးသူတွေ ရှိသည်။
တချို့က ပြေးလမ်းအဆုံးက အုတ်တံတိုင်းကို အပြစ်ဖို့ကြသည်။ ဘာကြောင့် ဒီလေယာဉ်ကွင်းကို ခြံစည်းရိုးနဲ့ မကာဘဲ ထုထည်အမာ အုတ်တံတိုင်း ကာထားရသလဲ၊ အုတ်တံတိုင်းသာ ပြေးလမ်းအဆုံးတွင် မရှိလျှင် ယခုလို ပေါက်ကွဲမှုမဖြစ်ဘဲ သေပျောက်မှု နည်းနိုင်သည်ဟု ဆိုသည်။
ဂျေဂျူးလေယာဉ် ပေါက်ကွဲမှု မတိုင်မီ ဒီဇင်ဘာလ ၂၅ ရက်ကလည်း အဇာဘိုင်ဂျန် လေကြောင်းလိုင်းမှ လေယာဉ်တစီး ကာဇက်စတန်တွင် ပျက်ကျရာ ခရီးသည် ၃၈ ဦး သေဆုံးခဲ့သည်။ အဇာဘိုင်ဂျန်လေယာဉ်ပျက်ကျမှု ဖြစ်စဉ်မှာ မရိုးရှင်း။ သာမန် မတော်တဆ ပျက်ကျတာမျိုး မဟုတ်ဘဲ ရုရှားက ပစ်ချလိုက်သဖြင့် ပျက်ကျခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။ လေယာဉ်ပျက်ကျမှုဖြစ်ပြီး နှစ်ရက်အကြာမှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ဝမ်းနည်းကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ၂၀၂၄ နှစ်ကုန်ခါနီး ရက်ပိုင်းအလိုမှာ ကမ္ဘာအရပ်ရပ်မှာ လေယာဉ်ပျက်ကျမှုနှင့် မတော်တဆဖြစ်မှု ၅ ခုဖြစ်ခဲ့သည်။ အဆိုးဆုံးက ဂျေဂျူးလေယာဉ်နှင့် အဇာဘိုင်ဂျန်လေယာဉ်များ ဖြစ်သည်။ လူအသေအပျောက် များခဲ့သည်။
လေယာဉ်တွေ ပျက်ကျတာ မြင်ရတော့ သွားခဲ့သည့် လေယာဉ်ခရီးစဉ်တွေကို အမှတ်ရသည်။ လေယာဉ်ပေါ်တက်တိုင်း ထိုမြင်ကွင်းမျိုးတွေ ပေါ်လာတတ်သည်။ ဖွဟဲ့ လွဲဟဲ့ .. အတွေးပြောင်းပြီး ဘုရားစာရွတ်ရသည်။ လေယာဉ် အမြင့်ပေတခုမှာ ငြိမ်ပြီး ပျံသန်းနေပြီဆိုလျှင်တော့ အဆိုပါအတွေးတွေ ပျောက်သွားသည်။
ဂျေဂျူးလေယာဉ်မှာ အသက်ရှင်ကျန်ရစ်သူနှစ်ဦးက လေယာဉ်မောင်တဦး၊ လေယာဉ်မယ်တဦးဟု သိရသည်။ အသက်အန္တရာယ်ရှိသည်အထိ ထိခိုက်ဒဏ်ရာရမှု မရှိဘဲ အသက်ရှင်ကျန်ရစ်ခဲ့သည်။ သူတို့နှစ်ဦးသည် လေယာဉ်၏ အမြီးပိုင်းတွင် ထိုင်နေခဲ့သည်။ သူတို့အသက်ရှင်ကျန်မှုနှင့် ပတ်သက်၍ ယူဆချက်တွေ ရှိလာသည်။ လေယာဉ်မတော်တဆမှုတခုတွင် လေယာဉ်နောက်ပိုင်း၌ ထိုင်နေသူများ အသက်ရှင်ရန် ရာခိုင်နှုန်း များသည်ဆိုသော အယူအဆ။ လေယာဉ်ရှေ့ပိုင်း Business Class က သူဌေးကြီးတွေ၊ လုပ်ငန်းရှင်ကြီးတွေက အသက်အန္တရာယ်နှင့် ပိုနီးသည်ဆိုသော အယူအဆ။
ဂျေဂျူးလေယာဉ် ပျက်ကျရသည့်အကြောင်းရင်းကိုတော့ ခုချိန်ထိ ရှာဖွေဖော်ထုတ်နေကြဆဲ ဖြစ်သည်။ လေယာဉ်ပေါ်တက်စဉ်က စမတ်ကျကျ ကြွကြွရွရွနှင့် တက်လာသည့် ခရီးသည် ၁၇၉ ဦးသည် လေယာဉ်မဆင်း၊ ခရီးဆုံးမရောက်မီ မိနစ်ပိုင်းအလိုတွင် တစစီ ပျောက်ကွယ်သွားခဲ့ရသည်။
လေယာဉ်ခရီးစဉ်တွေ များလှပြီဆိုသော်လည်း ယခုချိန်ထိ လေယာဉ်စီးတိုင်း ရင်ခုန် ထိတ်လန့်နေရတုန်းပါ။











