DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် အောက်စဖို့ဒ်ကောလိပ်ကျောင်းအုပ်ကြီးက စစ်ကောင်စီထံ စာပေးပို့ တောင်းဆို
DVB
·
January 2, 2025
ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် အောက်စဖို့ဒ်ကောလိပ်ကျောင်းအုပ်ကြီးက စစ်ကောင်စီထံ စာပေးပို့ တောင်းဆို
Donate to DVB

အာဏာသိမ်းစစ်တပ်ရဲ့ မတရားပုဒ်မတွေနဲ့ နေပြည်တော်မှာ ဖမ်းဆီးအကျဉ်းချခံနေရတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ အောက်စဖို့ဒ် တက္ကသိုလ်ရဲ့ St Hugh ကောလိပ် ကျောင်းအုပ်ကြီး အဲလစ်ရှ်အန်ဂျီအိုလီနီက စစ်ကောင်စီထံ စာပေးပို့ တောင်းဆိုထားတယ်လို့ The Independent ဗြိတိန်သတင်းစာမှာ ဖော်ပြပါတယ်။

အလားတူ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ မကြာသေးခင်ကမှ တောင်းဆိုထားတဲ့ ဗြိတိန်ဝန်ကြီးဟောင်းတွေရဲ့ တောင်းဆိုချက်ကိုလည်း မစ္စအဲလစ်ရှ်အန်ဂျီအိုလီနီက သဘောတူ ထောက်ခံထားတယ်လို့ ဆိုပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဟောင်းတွေဖြစ်တဲ့ ဝီလျံဟိဂ်၊ မယ်ကွမ်ရဖ်ကင်းနဲ့ ဂျက်ခ်စတောတို့ကလည်း စစ်ကောင်စီရဲ့ အခြေအမြစ်မရှိတဲ့ ပုဒ်မတွေနဲ့ အကျဉ်းချခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်က တောင်းဆိုထားပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံကို ဒီမိုကရေစီနည်းကျ ဦးဆောင်နိုင်တဲ့ အခွင့်အလမ်းတွေနဲ့ ထိုက်တန်တယ်လို့ ပြောဆိုထားပါတယ်။

အသက် ၇၉ နှစ်ရှိပြီဖြစ်တဲ့ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထောင်ဒဏ် ၂၇ နှစ် ချမှတ်ခံထားရပြီး နေပြည်တော်ရှိ အမည်မသိနေရာတခုမှာ တယောက်တည်းသီးသန့် တိုက်ပိတ် အကျဉ်းချခံထားရတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်မှုတွေကို နှစ်ပေါင်းများစွာကြာ အကျဉ်းကျခံ တွန်းလှန်ခဲ့တဲ့ ဒီမိုကရေစီရဲ့ပြယုဂ် ဖြစ်ခဲ့ပေမဲ့ ရိုဟင်ဂျာတွေအ‌ပေါ် စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ကန့်ကွက်ပြောဆိုတာမရှိဘူးဆိုပြီး ပြစ်တင်ဝေဖန်ခံရမှုတွေနဲ့ ရင်ဆိုင်ခဲ့ရကာ နိုင်ငံတကာမှာ သူ့ရဲ့ ကျော်ဇောမှု ဂုဏ်သတင်းဟာလည်း မှေးမှိန် ကျဆင်းခဲ့ရပါတယ်။

ဒီဖြစ်ရပ်တွေအပါအဝင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝအနိမ့်အမြင့် အတက်အကျတွေနဲ့ မြန်မာပြည်ရဲ့ ဒုက္ခသုက္ခတွေကို The Independent TV က ရိုက်ကူးခဲ့တဲ့ Cancelled: The rise and fall of Aung San Suu Kyi လို့ အမည်ရတဲ့ မှတ်တမ်းရုပ်ရှင်ထဲမှာ  မီးမောင်းထိုး ဖော်ပြထားပါတယ်။

အဲဒီမှတ်တမ်းရုပ်ရှင်ထဲမှာတော့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဝီလျံဟိဂ်က “ ဘယ်လိုပဲ ပြစ်တင် ဝေဖန်ခံရမှုတွေရှိရှိ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီရဲ့ တွန်းအား၊ ဒီမိုကရေစီရဲ့ အမှတ်သင်္ကေတဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အားလုံး ဝိုင်းဝန်းကြိုးပမ်းသွားသင့်တယ်” လို့ ပြောထားပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်ရဲ့ မတရားပုဒ်မတွေနဲ့ အကျဉ်းချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတယောက်ဖြစ်ပြီး ဆိုးဝါးပြင်းထန်တဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရကြောင်း၊ မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍ ပြီးဆုံးသွားပြီလို့ ပြောဆိုနေတဲ့အရာတွေကို သူ့အနေနဲ့ လက်မခံနိုင်ကြောင်း၊ မြန်မာ့ဒီမိုကရေစီ အသွင် ကူးပြောင်းမှုမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အခိုင်မာဆုံးအင်အားအနေနဲ့ ဆက်ရှိနေတာကြောင့်ပဲ သူဟာ အခုလို စစ်တပ်ရဲ့ ထောင်သွင်းအကျဉ်းချခြင်းကို ခံထားရတာ ဖြစ်ကြောင်းလည်း ဝီလျံဟိဂ်က ပြောပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဝီလျံဟိဂ်ရဲ့ ပြောဆိုချက်တွေကို St Hugh ကောလိပ် အငြိမ်းစား ကျောင်းအုပ်ကြီး မစ္စအန်ဂျီအိုလီနီက သဘောတူ လက်ခံပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ စစ်ကောင်စီထံ စာရေးသား ပေးပို့တောင်းဆိုခဲ့တာဖြစ်တယ်လို့ မစ္စအန်ဂျီအိုလီနီက ရဲ့ ပြောရေးဆိုခွင့်ရှိသူက The Independent သတင်းဌာနကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၆၀ ပြည့်လွန်နှစ်တွေက ဗြိတိန်နိုင်ငံ၊ St Hugh ကောလိပ်မှာ နိုင်ငံရေး၊ ဒဿနိကဗေဒနဲ့ စီးပွားရေးဆိုင်ရာ ဘာသာရပ်တွေကို တက်ရောက်သင်ကြားခဲ့ပြီး ၁၉၉၀ ပြည့်နှစ်မှာ St Hugh ကောလိပ်ရဲ့ ဂုဏ်ထူးဆောင်ဘွဲ့ကို ပေးအပ်ချီးမြှင့်ခြင်း ခံခဲ့ရသူလည်း ဖြစ်ပါတယ်။

Source: The Independent

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013