DVB Logo
Home
မြန်မာသတင်း
Kpay မှ ငွေခိုးယူမှုခံရမှုများပြားလာ၊ စိစစ်ဖော်ထုတ်နေဟု ဗဟိုဘဏ်ထုတ်ပြန်
DVB
·
January 1, 2025
Kpay မှ ငွေခိုးယူမှုခံရမှုများပြားလာ၊ စိစစ်ဖော်ထုတ်နေဟု ဗဟိုဘဏ်ထုတ်ပြန်
Donate to DVB

Kpay ကနေ အကောင့်ပိုင်ရှင်မသိဘဲ ငွေခိုးယူတာတွေ တကြော့ပြန်အဖြစ်လာပြီးနောက် သုံးစွဲသူတွေ မဆုံးရှုံးအောင် ပူးပေါင်းစိစစ်ဖော်ထုတ်နေတယ်လို့ စစ်ကောင်စီဩဇာခံ ဗဟိုဘဏ်က ဒီဇင်ဘာ ၃၁ ရက်မှာ ထုတ်ပြန်ပါတယ်။

အစောပိုင်းဖြစ်စဉ်တွေမှာတော့ သူတို့အမှားမဟုတ်ဘူးလို့ ဘဏ်က တာဝန်မခံခဲ့ပေမဲ့ အခုတော့ ဒီဂျစ်တယ်နည်းပညာကိုသုံးပြီး ဘဏ်နဲ့မိုဘိုင်းငွေကြေးဝန်ဆောင်လုပ်ငန်းတွေ၊ သူတို့နဲ့ ဆက်စပ်ဆောင်ရွက်ရတဲ့ မိုဘိုင်းကွန်ရက်ဝန်ဆောင်မှုပေးသူတွေကတဆင့် သူတို့ရဲ့ တဆင့်ခံ ဝန်ဆောင်မှုပေးသူတွေရဲ့ စနစ်ကိုဖောက်ထွင်းပြီး နည်းပညာနဲ့ဖောက်ထွင်းယူတာတွေ လုပ်လာတာကို တွေ့ရတယ်လို့ ဗဟိုဘဏ်က ဆိုပါတယ်။

ဒီအကြောင်းကို DVB မှာ ပြီးခဲ့တဲ့ မေလက သတင်းဖော်ပြခဲ့ဖူးပြီး အော်ရီဒူးဆင်းမ်ကတ်ကို အသစ်ထုတ်ခံရပြီးနောက် Kpay အကောင့်ကိုပါဝင်ရောက်ပြီး ငွေတွေကို ထုတ်ယူသွားခဲ့ကြတာပါ။

အခုလည်း အော်ရီဒူးဆင်းမ်ကတ်သုံးသူတွေမှာ အဖြစ်များနေပြီး Kpay ကငွေတွေကို ခိုးယူသွားတာကို ကြုံနေကြရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ငွေခိုးခံရသူတယောက်က “KBZ ဘဏ်အကောင့်ထဲကငွေတွေကို Kpay ထဲရွှေ့ပြီး ထုတ်သွားတာ။ ညဘက်မှာထုတ်တာ သိန်းဆယ်ချီပါသွားတယ်။ ဘဏ်ကလည်း တာဝန်မယူဘူး။ ဘဏ်ကြောင့်မဟုတ်ဘူး။ ကျနော်က ဖုန်းထဲကို App တွေ ဒေါင်းထား လားမေးတယ်။ အဲလို ဒေါင်းတာမရှိဘူး။ ဖုန်းကတ်ရော ဖုန်းရော ကိုယ့်မှာပဲရှိနေတာ။ အော်ရီဒူးဆင်းမ်ကတ်သုံးထားတာ။ အော်ရီဒူးကတော့ ကတ်ပွားခံရတာမဟုတ်လို့ သူတို့နဲ့မဆိုင်ဘူးလို့ ပြောတယ်” လို့ ပြောပါတယ်။

နောက်တယောက်ကလည်း ဖုန်းရော ကတ်ရော သူနဲ့အတူရှိနေပေမဲ့ စောစောက အဖြစ်မျိုး တပုံစံတည်း ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။

ဗဟိုဘဏ်ကတော့ မိုဘိုင်းငွေကြေးသုံးစွဲသူတွေအနေနဲ့ နည်းပညာအသုံးပြု လိမ်လည်တာတွေကြောင့် ဆုံးရှုံးမှုမရှိစေရေး မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ခွင့်ပြုထားတဲ့ မိုဘိုင်းငွေကြေးလုပ်ငန်းတွေကိုပဲ သုံးကြဖို့နဲ့ ပို့ဆောင်‌ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက အသိမှတ်ပြု မှတ်ပုံတင်ထားတဲ့ SIM Card တွေကိုပဲ သုံးကြဖို့ ထုတ်ပြန်ပါတယ်။

ငွေခိုးခံရသူတယောက်က “Kpay က သူတို့ ခွင့်ပြုထားတဲ့ဟာပဲ။ အော်ရီဒူးကလည်း သူတို့ အသိအမှတ်ပြုထားတာပဲ။ အဲဒါတွေနဲ့ပဲ အခိုးခံနေရတာ။ ပြီးရင် ဘယ်သူကမှကို တာဝန်မခံဘဲ သုံးတဲ့သူကိုပဲ ပြန်ပြီး အပြစ်တင်နေတာ။ မရှိလို့သာသုံးနေရတယ်။ ဘာမှ ယုံစရာမရှိဘူး” လို့ ပြောပါတယ်။

ဖြစ်စဉ်တွေကို လေ့လာရမှာ ငွေခိုးယူသူတွေဟာ ခိုးယူထားတဲ့အကောင့်အချင်းချင်းကို လှည့်ပတ်ငွေလွှဲပြီးမှ သူတို့ရဲ့အကောင့်တွေဆီလွှဲယူပြီး ငွေထုတ်သွားကြတာကိုလည်း တွေ့ရပါတယ်။

သုံးစွဲသူရဲ့ အမှားအယွင်းနဲ့ လုပ်ဆောင်ချက်ကြောင့်မဟုတ်ဘဲ OTP နံပါတ်တွေ၊ ပတ်စ်ဝပ်တွေနဲ့ ကိုယ်ရေးအချက်အလက်တွေကို တခြားနည်းနဲ့ရပြီးဖြစ်သွားတဲ့ လိမ်လည်မှုဖြစ်စဉ်တွေအတွက် သုံးစွဲသူတွေဆုံးရှုံးမှုမရှိစေရေးအတွက် လိမ်လည်တဲ့သူ၊ အဖွဲ့အစည်းတွေကို ပူးပေါင်းစိစစ် ဖော်ထုတ်နေတယ်လို့ ဗဟိုဘဏ်က ဆိုပါတယ်။

သာမန်အားဖြင့်ဆိုရင်တော့ Kpay အသုံးပြုသူအနေနဲ့ နောက်ဖုန်းတလုံးမှာ ကိုယ့်ရဲ့အကောင့်ပြန်ဖွင့်မယ်ဆိုရင် ဝင်ရောက်ဖို့ အဆင့်ဆင့်လုပ်ဆောင်ချက်တွေ ကိုယ်တိုင်လုပ်မှ ရပေမဲ့ အခုတော့ သူခိုးတွေက လွယ်လွယ်ကူကူလုပ်ဆောင်သွားတဲ့အပေါ်မှာလည်း သုံးစွဲသူတွေက ဝေဖန်ကြပါတယ်။

အရင်တုန်းက ဖုန်းဆင်းမ်ကတ်ကို အသစ်ထုတ်ပြီး ခိုးယူတာဖြစ်ပေမဲ့ အခုအကြိမ်မှာတော့ ဖုန်းဆင်းမ်ကတ်ပွားခံရတာမျိုးမဟုတ်တာကြောင့် E-Sim ထုတ်ယူတာဖြစ်နိုင်တယ်လို့လည်း သုံးသပ်ကြပါတယ်။

ငွေခိုးခံရသူတယောက်ကတော့ ဒီဇင်ဘာ ၃၁ ရက် ဒီနေ့ညနေပိုင်းမှာ KBZ Call Center က ဖုန်းဆက်လာပြီး ခိုးခံရတဲ့ ငွေတွေကို ပြန်လျော်မဲ့အကြောင်း ဆက်သွယ်လာတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ခိုးယူမှုတွေတုန်းက DVB အနေနဲ့ အော်ရီဒူးမြန်မာကို အီးမေးလ်နဲ့ ဆက်သွယ် မေးမြန်းကြည့်ရာမှာ မေးမြန်းစုံစမ်းမှုတွေပြုလုပ်နေတဲ့အကြောင်းနဲ့ စီမံခန့်ခွဲမှုကော်မတီက စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်ပြီးတဲ့အခါ တွေ့ရှိမှုတွေကို လိုအပ်ရင် အကြောင်းပြန်ကြား ပေးသွားမယ်လို့ ပြန်စာပေးပို့ထားပါတယ်။

သုံးစွဲသူတွေကတော့ Kpay ဖွင့်ထားတဲ့ ဖုန်းနံပါတ်ကို တခြား အော်ပရေတာနဲ့ ပြောင်းလဲဖို့၊ ကိုယ့်ရဲ့ ဆင်းမ်ကတ်ကို တခုခုသံသယရှိရင် Kapy ကိုလည်း ပိတ်ထားဖို့၊ Kpay ထဲမှာ ငွေများများမထားဘဲ ဘဏ်အကောင့်နဲ့ချိတ်ဆက်ပြီး အဲဒီကိုငွေတွေပြောင်းဖို့၊ အဲဒီဘဏ်အကောင့်ကိုတော့ Mobile Banking က တဆင့် နောက်ထပ်အကောင့်တခုဆီကို လွှဲပြောင်းပစ်ဖို့ အကြံပြုကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013