
အဝတ်အစားစည်းကမ်းကို နိုင်ငံတကာစစ်တုရင်အဖွဲ့ချုပ်က ဖြေလျှော့ပေးခဲ့ပြီးနောက် ကမ္ဘာ့နံပါတ် ၁ စစ်တုရင်သမား မဂ္ဂနပ်ကာလ်ဆန် ပြိုင်ပွဲမှာ ပြန်လည်ယှဉ်ပြိုင်ခဲ့ပါတယ်။
သောကြာနေ့က နယူးယော့ခ်မှာ စတင်ကျင်းပတဲ့ ကမ္ဘာ့စစ်တုရင် အမြန်ရွှေ့ချန်ပီယံရှစ်ပြိုင်ပွဲမှာ ချန်ပီယံဆုကာကွယ်မယ့် ကာလ်ဆန်က ဂျင်းဘောင်းဘီဝတ်ထားတာကြောင့် ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံထားရတာ ဖြစ်ပါတယ်။
နိုင်ငံတကာစစ်တုရင်အဖွဲ့ချုပ်က အဝတ်အစားနဲ့ပတ်သက်ပြီး ကန့်သတ်ချက်ကို ဖြေလျှော့ပေးခဲ့တာပါ။
အသက် ၃၄ နှစ်အရွယ်ရှိ ကာလ်ဆန်ဟာ ပြိုင်ပွဲပြန်ဝင်မယ်လို့ တနင်္လာနေ့မှာ ပြောခဲ့ပြီး ဂျင်းဘောင်းဘီကို ဆက်ပြီး ဝတ်သွားမယ်လို့လည်း ဆိုပါတယ်။
ပြိုင်ပွဲက သတ်မှတ်ထားတဲ့ အဝတ်အစားမဟုတ်လို့ ကာလ်ဆန်ဟာ ပြီးခဲ့တဲ့အပတ်က ဒေါ်လာ ၂၀၀ ဒဏ်ရိုက်ခံခဲ့ရပါတယ်။
အမျိုးသားတွေအတွက် ပြိုင်ပွဲက သတ်မှတ်ထားတဲ့ ဘောင်းဘီအရောင်က အမဲရောင်ဖြစ်ပြီး ဂျင်းဘောင်းဘီကို ခွင့်မပြုထားပါဘူး။
အဲဒီအချိန်မှာ ကာလ်ဆန်က နောက်နေ့မှ ဘောင်းဘီလဲခွင့်ပြုဖို့ ကမ်းလှမ်းခဲ့ပေမဲ့ ချက်ချင်းလဲပေးဖို့ တောင်းဆိုခံရလို့ ပြိုင်ပွဲမပြိုင်တော့ဘူးလို့ ငြင်းဆိုခဲ့တာပါ။
ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ်ကတော့ ပြိုင်ပွဲဝင်တွေအားလုံး ပရော်ဖက်ရှင်နယ်ဆန်ဖို့နဲ့ မျှတမှုရှိဖို့ အဝတ်အစားစည်းကမ်း ထုတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ကမ္ဘာ့စစ်တုရင်ချန်ပီယံ ၅ ကြိမ်ဖြစ်ဖူးတဲ့ ကာလ်ဆန်ဟာ အသက် ၁၃ နှစ်အရွယ်မှာပဲ ဂရန်းမာစတာဖြစ်ခဲ့ပြီး ရှေးရိုးကနေခွဲထွက်တဲ့ ထူးခြားတဲ့ အမူအကျင့်ရှိသူတယောက် ဖြစ်ပါတယ်။
ကာလ်ဆန်ဟာ ၂၀၂၂ ခုနှစ်မှာ အသက် ၁၉ နှစ်အရွယ် အမေရိကန်နိုင်ငံသား ဟန်နီမန်းကို မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့ဖူးပါတယ်။
အဲဒီရှုံးနိမ့်မှုဟာ မသမာမှုရှိတယ်လို့ ကာလ်ဆန်က စွပ်စွဲခဲ့ပြီး နီမန်းက ငြင်းဆိုခဲ့ကာ အသရေဖျက်မှုနဲ့ ဒေါ်လာ သန်း ၁၀၀ ဒဏ်တပ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လမှာ Chess.com က ဒီအမှုကို တရားရုံးအပြင်မှာ ဖြေရှင်းပြီးကြောင်းနဲ့ ကာလ်ဆန်က နီမန်း မသမာမှု မလုပ်ခဲ့ဘူးဆိုတာ လက်ခံကြောင်း ပြောဖူးပါတယ်။
Source : Reuters











