
ကရင်ပြည်နယ်၊ မြဝတီမြို့မရဲစခန်းကို ဒီဇင်ဘာ ၂၈ ရက်နေ့ ည ၇ နာရီကျော်လောက်က ဒရုန်းနဲ့ ဗုံး ၂ လုံး ကြဲချအတိုက်ခံရတာကြောင့် ရဲတပ်ဖွဲ့ဝင် ၃ ယောက်နဲ့ မိသားစုဝင် ၁ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
မြဝတီမြို့ပေါ်မှာ ရဲ၊ စစ်သားနဲ့ ထွေအုပ်ဝန်ထမ်းတွေက ခရီးသွားပြည်သူတွေနဲ့ မြဝတီမြို့ကို လာရောက်တည်းခိုသူတွေကို ပေါ်တာဆွဲနေတယ်ဆိုတဲ့ အသံတွေ ထွက်ပေါ်လာပြီးနောက် ရဲစခန်းကို ဒရုန်းနဲ့ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခံရတာလို့ ဆိုပါတယ်။
မြဝတီမြို့နေထိုင်သူတယောက်က “အသံကတော့ အတော်လေးကျယ်တယ်။ ရဲစခန်းထဲမှာ ဖြစ်တာဆိုတော့ လက်နက်ခဲယမ်းတခုခု ပေါက်ကွဲတယ် ထင်တာ။ နောက်မှ ဒရုန်းနဲ့ ဗုံးကြဲချခံရတာဆိုတာ သိရပြီ။ ထိခိုက်ဒဏ်ရာရရှိသူတွေကို မြဝတီမြိုဆေးရုံကြီးကို ခေါ်သွားတယ်” လို့ DVB ကို ပြောပါတယ်။
ဘယ်အဖွဲ့အစည်းက လာရောက်တိုက်ခိုက်တယ်ဆိုတာတော့ မသိရသေးဘဲ မြဝတီမြို့တွင်းမှာ ရဲ၊ BGF တပ်ဖွဲ့တွေက အဓိကလုံခြုံရေးယူထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တပ်တွင်းထဲမှာပဲ နေထိုင်ကြသလို အရပ်ဝတ်နဲ့ပဲ အပြင်ကိုထွက်လေ့ရှိပြီး မြဝတီမြို့တွင်း ကင်းလှည့်ရာမှာတော့ BGF တပ်တွေနဲ့ ပူးပေါင်းလှုပ်ရှားတာရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။