DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ်၌ စစ်ကောင်စီတပ်က  စစ်မှုထမ်းခိုင်းရန် လူငယ်များကို  ပစ်မှတ်ထား ဖမ်းဆီး
DVB
·
December 26, 2024
ကရင်ပြည်နယ်၌ စစ်ကောင်စီတပ်က  စစ်မှုထမ်းခိုင်းရန် လူငယ်များကို  ပစ်မှတ်ထား ဖမ်းဆီး
Donate to DVB

ကရင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်က စစ်မှုထမ်းခိုင်းဖို့  လူငယ်တွေကို ပစ်မှတ်ထား ဖမ်းဆီးနေပြီး ရာနဲ့ချီတဲ့ လူငယ်တွေ ဖမ်းဆီးခံထားရတယ်လို့ မြို့ခံပြည်သူတွေက ပြောပါတယ်။

နိုဝင်ဘာလက စတင်ပြီး ကရင်ပြည်နယ်အတွင်းက ဘားအံ၊ လှိုင်းဘွဲ၊ ကော့ကရိတ်မြို့နယ်တွေမှာ စစ်ကောင်စီတပ်က စစ်မှုထမ်းဆောင်ဖို့ လူငယ်တွေကို အတင်းအဓမ္မ လူသစ်စုဆောင်းတာတွေ လုပ်ဆောင်နေပါတယ်။ 

ဒီဇင်ဘာ ၂၀ ရက် ညနေပိုင်းလောက်က ဘားအံမြို့၊  အမှတ် ၉ ၊ စစ်ပစ်ကွင်းရပ်ကွက်မှာ ဇယ်တောက်နေတဲ့ လူငယ်တွေကို စစ်မှုထမ်းဆောင်ဖို့ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပါတယ်။ 

ဒါအပြင် ဘားအံမြို့ တပ်မ ၂၂ ထဲမှာ လူငယ်တွေ ရာနဲ့ချီပြီး ဖမ်းဆီးခံထားရတယ်လို့ မြို့ခံက ပြောပါတယ်။

“တပ်မ ၂၂ မှာတော့ တပ်သားသစ်တွေ စုဆောင်းထားတာ အများကြီးပဲ။ ပိတ်လှောင်ထားတယ်လို့ သတင်းကြားတယ်။ ရာနဲ့ချီရှိတယ်လို့တော့ ပြောတာပဲ။ သံတံခါးနဲ့ ပိတ်ထားတယ်လို့ ကြားတယ်။ တချို့ကျတော့လည်း ပိုက်ဆံမရှိတဲ့ ဆင်းရဲတဲ့လူတွေကျတော့  ပိုက်ဆံပေးတော့ လိုက်သွားတဲ့ ကလေးတွေလည်း ရှိတယ်။ ညပိုင်းထွက်တဲ့သူတွေ စိုးရိမ်စရာရှိတယ်။”

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ ၆ နယ်မြေနဲ့ KNLA ပူးပေါင်းစစ်ကြောင်းတွေ ထိန်းချုပ်ထားတဲ့ နယ်မြေအတွင်းမှာတော့  စစ်မှုတပ်သားသစ်စုဆောင်းတာတွေကို လက်မခံတဲ့အပြင် လုံးဝအလုပ်မလုပ်ရဲဘူးလို့  တာဝန်ရှိသူက ပြောပါတယ်။ 

ဒါအပြင် ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်း ကောက်ခံတာကိုလည်း လက်မခံဘူးလို့ ဆိုပါတယ်။ စစ်မှုထမ်းဥပဒေကို တိမ်းရှောင်လာမယ့် လူငယ်တွေအတွက်  ခိုလှုံစရာ နေရာတွေ လုပ်ဆောင်ပေးထားတယ်လို့  တပ်မဟာ ၆ လုံခြုံရေးမှူး ဗိုလ်မှူး ဒါဘောက ပြောပါတယ်။

“လူငယ်တွေအနေနဲ့ ကိုယ့်ဟာကို အမှား အမှန် တွေးတော ဆုံးဖြတ်ပိုင်းခြားနိုင်တာကြောင့်  အဖမ်းမခံရခင်မှာ တော်လှန်ရေးအင်အားစုတွေလည်း အမြဲတံခါးဖွင့်ထားတယ်။ အကုန်လုံး ကြိုဆိုထားတယ်။ လက်နက်မကိုင်ချင်ဘူးဆိုရင် သွားခိုလှုံဖို့ဆိုရင် ခိုလှုံဖို့နေရာတွေရှိတယ်။ တတ်နိုင်တဲ့ဘက်က ကျနော်တို့ လုပ်ဆောင်ထားတာတွေရှိတယ်၊”

စစ်ကောင်စီတပ်က စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်နေတာတွေကြောင့် ကရင်ပြည်နယ်အတွင်းက လူငယ်တွေဟာ ထိုင်းနိုင်ငံအတွင်းကို နည်းမျိုးစုံနဲ့ ထွက်ပြေးတိမ်းရှောင်နေသူတွေ ရှိပါတယ်။ 

ပူလောင်သောက ရောက်နေတဲ့အချိန်မှ  စစ်မှုထမ်းဥပဒေကို ချက်ချင်းလုပ်ဆောင်တာဟာ  တိုင်းပြည်မှာရှိတဲ့ လူသားအရင်းအမြစ်တွေ ထပ်ပြီး ဆုံးရှုံးစေတယ်လို့ DKBA စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်စောဆန်အောင်က DVB ကို ပြောပါတယ်။

“စိတ်မကောင်းဘူး။ ဒီဥပဒေထွက်လာပြီးတော့ ငါတို့လူသားအရင်းအမြစ်တွေ ရှုံးသထက်ရှုံးတယ်။ ပူလောင်သောက ရောက်နေတဲ့အချိန်မှ  ချက်ချင်းလုပ်တာက  ငါတို့ တိုင်းပြည်မှာရှိတဲ့ လူသားအရင်းအမြစ်တွေ ထပ်ပြီးရှုံးတယ်။ စစ်သားလုပ်ရတာ ကြောက်ဖို့ကောင်းတယ်။ ဒါကြောင့် သူတို့ပြေးတယ်။ ငါတို့ တိုင်းသူပြည်သားအတွက် ရှုံးတယ်။ လူသားအရင်းအမြစ်မရှိဘူးဆိုရင် တိုင်းပြည်က ဘယ်လိုလုပ် ကောင်းမလဲ။ အင်မတန်စိတ်မကောင်းဘူး။”

ကရင်ပြည်နယ်အတွင်း စစ်မှုထမ်းအတွက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက အစည်းအဝေးခေါ်ယူပြီး လူအစားထိုးနိုင်ဖို့ ငွေကြေးကောက်ခံနေတာတွေရှိတယ်လို့ ငွေပေးခဲ့ရတဲ့ မြို့ခံပြည်သူတွေက ပြောပါတယ်။ 

ဘားအံ- ရန်ကုန် ကားလမ်းပေါ်က  သံလွင်တံတားနဲ့ လမ်းကြောင်းတလျှောက်က စစ်ဆေးရေးဂိတ်တွေမှာ လူငယ်တွေကို ပစ်မှတ်ထားပြီး တပ်သားသစ်စုဆောင်းဖို့ ဖမ်းဆီးခေါ်ဆောင်ခံရသူတွေရှိနေပါတယ်။

ဒါအပြင် ညပိုင်း သွားလာနေသူတွေ ဖမ်းဆီးခံရသူတွေရှိပြီး ငွေနဲ့ ပြန်လည်ရွေးယူရတာတွေလည်း ရှိတယ်လို့ ဘားအံမြို့ ခံတွေဆီက သိရပါတယ်။

 အောင်ခန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013