DVB Logo
Home
နိုင်ငံတကာ
အဇာဘိုင်ဂျန် လေကြောင်းလိုင်း လေယာဉ်ပျက်ကျ ၃၈ ဦး သေဆုံး  
DVB
·
December 26, 2024
အဇာဘိုင်ဂျန် လေကြောင်းလိုင်း လေယာဉ်ပျက်ကျ ၃၈ ဦး သေဆုံး  
Donate to DVB

အဇာဘိုင်ဂျန်မှ ရုရှားနိုင်ငံကို ပျံသန်းပြေးဆွဲတဲ့ အာဇာဘိုင်ဂျန်လေကြောင်းလိုင်းပိုင် အမ်းဘရိုင်ယာ ခရီးသည်တင်လေယာဉ်ဟာ ဒီဇင်ဘာ ၂၅ ရက်က ကာဇက်စတန်နိုင်ငံ အက်သ်တောင်းမြို့အနီးမှာ ပျက်ကျပြီး လူ ၃၈  ယောက် သေဆုံးတယ်လို့ ကာဇက်အာဏာပိုင်တွေ ပြောပါတယ်။

လေယာဉ်ပေါ်မှာ လူ ၆၇ ယောက် လိုက်ပါလာခဲ့တာမှာ ၂၉ ယောက် အသက်ရှင် လွတ်မြောက်ခဲ့တယ်လို့လည်း AP သတင်းမှာ ဖော်ပြပါတယ်။

ကာဇက်စတန်နိုင်ငံရဲ့ အရေးပေါ် ဝန်ကြီးဌာနက မီးငြှိမ်းသတ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးခဲ့ပြီး ကလေးငယ် ၂ ယောက် အပါအဝင် အသက်ရှင် ကျန်ရစ်သူတွေကို အနီးနားရှိ ဆေးရုံတခုမှာ ကုသမှု ခံယူနေကြကြောင်း မီးသတ်တပ်ဖွဲ့ကက ပြောပါတယ်။

သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ဆယ်ယူရရှိထားကြောင်းလည်း သိရပါတယ်။  အဇာဘိုင်ဂျန် လေကြောင်းလိုင်းဟာ လေယာဉ်အမှတ် J2-8243 အမ်းဘရိုင်ယာ ဝမ်းနိုင်းဇီးရိုး လေယာဉ်ဟာ မြို့တော် ဘာကူကနေ ရုရှားနိုင်ငံ ချေချင်းညာဒေသရဲ့ မြို့တော် ဂရော့ဇ်နီကို ပျံသန်းခဲ့ပြီး ကာဇက်ရဲ့  အခ်တောင်း မြို့မှ ၃ ကီလိုမီတာလောက်အကွာမှာ အရေးပေါ်ဆင်းသက်ခဲ့ရကြောင်း သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာတွေကနေ ပို့စ်တွေ တင်ခဲ့ပါတယ်။ 

ဂရော့ဇ်နီမှာ မြူခိုးတွေကြောင့် လေယာဉ်ကို လမ်းကြောင်းပြောင်းခဲ့ရကြောင်း ရုရှားသတင်းအေဂျင်စီတွေက ပြောပါတယ်။ 

ကာဇက်စတန်ရှိ အာဏာပိုင်တွေဟာ နည်းပညာပိုင်းဆိုင်ရာ ပြဿနာအပါအဝင် ဖြစ်ပျက်ခဲ့တဲ့ ဖြစ်နိုင်ခြေ အမျိုးမျိုးကို စုံစမ်းစစ်ဆေးဖို့ အစိုးရကော်မရှင်တရပ်ကို ဖွဲ့စည်းထားကြောင်း ရုရှားနိုင်ငံ အင်တာဖှက်စ် သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

အဖွဲ့ဝင်တွေကိုလည်း အဲဒီနေရာကို သွားရောက်ဖို့ အမိန့်ထုတ်ထားပြီး သေဆုံးသူတွေနဲ့ ဒဏ်ရာရရှိသူတွေရဲ့ မိသားစုတွေကို လိုအပ်တဲ့ အကူအညီတွေ သေချာရရှိစေဖို့ ညွှန်ကြားခဲ့ပါတယ်။

စုံစမ်းစစ်ဆေးမှုမှာ ကာဇက်စတန်ဟာ အဇာဘိုင်ဂျန်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ကြောင်းလည်း အစိုးရက ပြောပါတယ်။

ရုရှားလေကြောင်းစောင့်ကြည့်ရေးအဖွဲ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားတဲ့ ပဏာမ အချက်အလက်တွေအရ လေယာဉ်ကို ငှက်ဝင်တိုက်မှုအပြီးမှာ လေယာဉ်မှူးက အရေးပေါ်ဆင်းသက်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။

လေယာဉ်ပျက်ကျမှုဖြစ်ပွားခဲ့အပြီး ဗုဒ္ဓဟူးနေ့မှာ ထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ ရုရှားကို ရောက်ရှိနေတဲ့ အဇာဘိုင်ဂျန် သမ္မတ အီလ်ဟမ် အလီယက်ဗ်ဟာ နိုင်ငံကို ပြန်သွားခဲ့ကြောင်း ရုရှားသတင်းအေဂျင်စီ RIA က မှာဖော်ပြပါတယ်။ 

ရုရှားသမ္မတ ဗလာဒီမာပူတင်ကလည်း  ဒီဇင်ဘာ ၂၅ ရက် ဗုဒ္ဓဟူးနေ့က အဇာဘိုင်ဂျန် လေကြောင်းလိုင်းမှ လေယာဉ် ပျက်ကျမှုမှာ အသက်ဆုံးရှုံးခဲ့ရမှုအတွက် ဝမ်းနည်းကြောင်း အဇာဘိုင်ဂျန်သမ္မတ အီလ်ဟမ် အလီယက်ဗ်ကို ပြောကြားခဲ့ကြောင်း ကရင်မလင်မှ ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီ ပက်စ်ကို့ဗ်က ထုတ်ပြန်ခဲ့ပါတယ်။

ကရင်မ်လင် ကျောထောက်နောက်ခံပြု ချေချင်းညာရဲ့ ခေါင်းဆောင် ရမ်ဇံကာဒီရော့ဗ်က ဝမ်းနည်းကြေကွဲကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီးတော့ ဆေးရုံမှာ ကုသခံနေရသူ တချို့မှာ အလွန်ပြင်းထန်တဲ့ အခြေအနေမှာ ရှိနေပြီးတော့ သူတို့တွေ မြန်မြန် နေပြန်ကောင်းလာစေဖို့ ဆုတောင်းပေးနေကြောင်းလည်း ဖော်ပြထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013