DVB Logo
Home
မြန်မာသတင်း
အမ်းမြို့နယ် တိုက်ပွဲများကြောင့် တနှစ်အတွင်း အရပ်သား ၁၃ ဦးသေ၊ ၃၆ ဦး ဒဏ်ရာရ၊ သောင်းချီ အကူအညီလိုအပ်
DVB
·
December 23, 2024
အမ်းမြို့နယ် တိုက်ပွဲများကြောင့် တနှစ်အတွင်း အရပ်သား ၁၃ ဦးသေ၊ ၃၆ ဦး ဒဏ်ရာရ၊ သောင်းချီ အကူအညီလိုအပ်
Donate to DVB

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်ကနေ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်အထိ တနှစ်ကျော်ကာလအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား စုစုပေါင်း သေဆုံးသူ ၁၃ ယောက်နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၃၆ ယောက်ထိ ရှိခဲ့တယ်လို့ အာရက္ခတပ်တော် လူသားချင်း စာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က ဒီဇင်ဘာ ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။

အမ်းမြို့နယ် တိုက်ပွဲအတွင်းမှာ ဒေသခံတွေ ထိခိုက်၊ သေဆုံးမှု ရှိခဲ့သလို သောင်းနဲ့ချီ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ အရေးတကြီး လိုအပ်နေတယ်လို့ ဆိုပါတယ်။

HDCO ရုံးတာဝန်ရှိသူတဦးက “ဆောင်းရာသီဖြစ်တာကြောင့် အခက်အခဲ တော်တော်ဖြစ်နေတယ်။ နေစရာ အမိုးအကာလည်း မရှိဘူး။ ကြားထဲ ကျန်းမာရေးချို့ယွင်းတယ်၊ တုပ်ကွေးဖြစ်ကြတယ်၊ ဖျားနာတာ များတယ်။ ဒီမှာက အရမ်းအေးတော့ အနွေးထည်တွေ လိုအပ်တယ်၊ အမိုးအကာတွေလည်း လိုအပ်တယ်။ ခုက အပင်က အရိပ်၊ အခက်တွေကို အမိုးအကာလုပ်ပြီး နေနေကြရတယ်။ စားနပ်ရိက္ခာတွေလည်း လိုအပ်တယ်။ မြေပြင်မှာ အကူအညီပေးတဲ့သူတွေ လာမှ စားရတယ်။ ကလေးတွေကို ဦးစားပေးပြီးတော့ တနေ့ ထမင်းနှစ်နပ် ကျွေးတယ်။ လူကြီးတွေ၊ သန်စွမ်းတဲ့သူတွေက ထမင်းတနပ်ပဲ စားပြီးနေတယ်။ ပုံမှန်တော့ မစားရဘူး၊ ဗိုက်ဆာပေမဲ့ တောင့်ခံနေရတယ်”လို့ ပြောပါတယ်။

လတ်တလော စစ်ဘေးရှောင်ပြည်သူတွေမှာ စားနပ်ရိက္ခာတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ၊ အမိုးအကာတွေ၊ အိုးခွက်ပန်းကန် စတဲ့ မီးဖိုချောင်သုံးပစ္စည်းတွေ၊ တကိုယ်ရေသုံးပစ္စည်းတွေ၊ အမျိုးသမီး လစဉ်သုံးပစ္စည်းတွေ၊ မိခင်နဲ့ ကလေးတွေအတွက် အာဟာရတွေ၊ ခြင်ထောင်တွေ အပြင် ဆောင်းရာသီဖြစ်တာကြောင့် အနွေးထည်တွေလည်း အရေးပေါ် လိုအပ်နေတယ်လို့ HDCO က ဆိုပါတယ်။

ဒါ့အပြင် စစ်ဘေးရှောင်ပြည်သူတွေဟာ နေရာအတည်တကျမရှိဘဲ မြေကွက်လပ်တွေမှာ ယာယီတဲတွေထိုးပြီး စစ်ရှောင်နေရတာကြောင့် အမိုးအကာတွေ အရေးတကြီး လိုအပ်နေတယ်လို့ ဆိုပါတယ်။

အမ်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော်တို့အကြား ၂၀၂၄ ခုနှစ်၊ ဧပြီလကစတင်ကာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီး အာရက္ခတပ်တော် (AA) က ဒီဇင်ဘာ ၂၀ ရက်မှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ အမ်းမြို့တခုလုံးကို အလုံးစုံ သိမ်းပိုက်ရရှိခဲ့ပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013