DVB Logo
Home
Lead Story
ပြည်သူ့အာဏာ (သို့) အာဏာရှင်လက်ဆုပ်ထဲက နီနီရဲရဲ မီးကျီခဲ
DVB
·
December 21, 2024
ပြည်သူ့အာဏာ (သို့) အာဏာရှင်လက်ဆုပ်ထဲက နီနီရဲရဲ မီးကျီခဲ
Donate to DVB

ပြည်သူလူထုက မပေးအပ်ဘဲ လက်နက်အားကိုးနဲ့ လုယူကြတဲ့ အာဏာရှင်တွေရဲ့လက်ဆုပ်ထဲက ပြည်သူ့အာဏာကို ပမာအမျိုးမျိုးပေးကြရာမှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က ဒီလိုပြောခဲ့ပါတယ်။

“ပြည်သူဆိုတာ လက်ခုပ်ထဲကရေမဟုတ်ဘူး၊ လက်ခုပ်ထဲက ဖန်ကွဲစပဲ ဆုပ်ရဲရင်ဆုပ်ကြည့်လိုက်" လို့ ပြောခဲ့ဖူးပါတယ်။

ထို့အတူပဲ မန္တလေးက လူရိုသေရှင်ရိုသေ စာရေးဆရာမကြီး လူထုဒေါ်အမာကလည်း အာဏာရှင် လက်ဆုပ်ထဲက အာဏာကို ဖြည်ယူလို့မရဘူး၊ ဖြတ်ယူမှရမယ်"လို့ ပြတ်ပြတ်သား ပြောဆိုသတိပေးခဲ့ပါတယ်။ တကယ်တော့ အဲ့ဒီစကားတွေဟာ သွေးထွက်အောင်မှန်ပါတယ်။ အာဏာရှင်ဆိုတာ မစားကောင်းတဲ့ အသီးစားမိသူလို အာဏာကိုဆုပ်ကိုင်မိပြီဆိုရင် သူ့အလိုလို အသိတရားရှိရှိ လက်ဆုပ်ဖြေမပေးလိုတော့ပါဘူး။

ဘာကြောင့်လဲဆိုတော့ အာဏာရှင်တွေဟာ သူတို့ကျုးလွန်ခဲ့ကြတဲ့ စစ်ရာဇဝတ်မှုတွေအပေါ် တာဝန်ယူ တာဝန်ခံရမှာ စိုးရွှံ့တဲ့ ဘယာဂတိတွေဖိစီးပြီး ကြောက်လန့်တကြား အသေဆုပ်ထားတတ်ကြလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာ့သမိုင်းတလျှောက်ကို ပြန်လည်စောင်းငဲ့ကြည့်လိုက်ရင် အတိုက်အခံတွေရဲ့ သတ်ဖြတ်ခံရ၊ ကိုယ်ဖာသာ သတ်သေခဲ့၊ ဖမ်းမိလို့ ကြိုးပေးကွက်မျက်ခံရ၊ တိုင်းတပါးကို အသက်လုပြေးခိုလှုံခဲ့ရတဲ့ အာဏာရှင်တွေ မနည်းလှပါဘူး။

ဂျာမဏီအာဏာရှင်ဟစ်တလာ၊ အီတလီက မူဆိုလိုနီ၊ ရိုမေးနီးယားက ချောင်ဆက်စကူး၊ အီရတ်က ဆဒမ်ဟူစိန်၊ လစ်ဗျားက ကဒါဖီတို့နဲ့ အခုနောက်ဆုံး ဆီးရီးယားနိုင်ငံရဲ့ အာဏာရှင်အာဆတ်တို့ရဲ့ လုပ်ရပ်နဲ့ ကံကြမ္မာတွေကိုကြည့်လိုက်ရင် နောက်ဆုံးအချိန်ထိတိုင် အာဏာရှင်တိုင်းဟာ အာဏာကို ဆုပ်ကိုင်လို့ရသမျှ ဆုပ်ကိုင်ခဲ့ကြတာ သမိုင်းမှာ အထင်အရှားရှိခဲ့ပြီးသားဖြစ်ပါတယ်။

ဒီကနေ့ မြန်မာနိုင်ငံမှာလည်း ၁၉၆၂ ခုနှစ်မှာ စတင်ပေါ်ထွက်ခဲ့တဲ့ စစ်အာဏာရှင်အဆက်ဆက်ဟာလည်း သူတို့လုယူထားတဲ့ ပြည်သူ့အာဏာကို လက်လွှတ်ဖို့ လက်ဆုပ်ဖြေဖို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ကြဘဲ အစွမ်းကုန်ယုတ်မာတဲ့ နည်းလမ်းပေါင်းစုံသုံးပြီး ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့ကြပါတယ်။

တိုင်းရင်းသား ရဟန်းရှင်လူပြည်သူတွေဘက်ကလည်း ရတဲ့အချိန် ရတဲ့နည်းလမ်းနဲ့ ခေတ်အဆက်ဆက်မှာ စစ်အာဏာရှင်တွေကို လက်မခံဘဲ ဆန့်ကျင်တွန်းလှန်ခဲ့ကြတာ ဆဲဗင်းဇူလိုင်၊ ဦးသန့်အရေးအခင်း၊ မှိုင်းရာပြည့်အရေးအခင်း၊ ဖုန်းမော်အရေးအခင်း၊ ရှစ်လေးလုံးလူထုအရေးတော်ပုံ၊ ၁၉၉၆ ကျောင်းသားအရေးအခင်း၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးနဲ့ အခုနောက်ဆုံး ၂၀၂၁ မြန်မာ့နွေဦးတော်လှန်ရေးကြီးက သက်သေခံနေပါတယ်။

တနည်းအားဖြင့်ပြောရရင် စစ်အာဏာရှင်တွေ လက်နက်အားကိုးနဲ့ အကြမ်းဖက်လုယူခဲ့တဲ့ သူတို့လက်ဆုပ်ထဲက ပြည်သူ့အာဏာဟာ နှစ်ပေါင်း ၆၀ ကျော်အတွင်း တစ တစ ပူပြင်းလောင်မြိုက်လာနေတဲ့ နီနီရဲရဲ မီးကျီခဲသဖွယ်ဖြစ်လာတာကို အားလုံးအမြင်ပဲ ဖြစ်ပါတယ်။ စစ်အာဏာရှင်တွေ ပြည်သူ့အာဏာကို ဘယ်လောက်ပဲ ဆုပ်ကိုင်ထားချင်ပါစေ သူတို့အတွက် ဆက်မဆုပ်ထားနိုင်လောက်အောင် အရှိန်တငြီးငြီး တောက်လောင်လာတာမို့ လက်ဆုပ်မဖြည်ဘဲ မရတဲ့အခြေအနေကို ဆိုက်ရောက်လာနေပြီလို့ အောက်ပါလက္ခဏာတွေအရ ဒီဆောင်းပါးကနေ ရဲရဲကြီး သတိပေးရေးသားပါတယ်။

၁) စစ်ဗိုလ်စစ်သားတွေနဲ့ စစ်တပ်ထောက်ခံသူ အသိုက်အဝန်းအတွက် ပြည်သူလူထုကြား အသက်ဘဝလုံခြုံမှု အာမခံချက် မရှိတော့ဘဲ ပုန်းလျှိုးကွယ်လျှိုး‌နေထိုင်ရခြင်း။

၂) စစ်ဗိုလ်စစ်သားနဲ့ စစ်တပ်ထောက်ခံသူ အသိုက်အဝန်းမှာ တိုက်တိုင်းရှုံးနိမ့်ရမှုအတွက် ယုံကြည်ချက်မဲ့၊ ရည်မှန်းချက် ခံယူချက်ပျောက်ပြီး စစ်စွမ်းရည်တိုက်စွမ်းရည်ကုန်ခမ်းသွားခြင်း။

၃) စစ်ဗိုလ်စစ်သားနဲ့ စစ်တပ်ထောက်ခံသူအသိုက်အဝန်းတွေမှာ စစ်ခွေးဟူသောအမည်ဆိုးအောက် ငြိမ်းချမ်းမှု၊ တည်ငြိမ်အေးချမ်းမှုမရှိတော့ဘဲ စိတ်ဖိစီးမှုတွေများပြီး ပျော်ရွှင်တယ်လို့ မခံစားရတော့ဘဲ သူတို့စိတ်ကို ဘယ်အရာကမှ သက်သာအောင်မလုပ်ပေးနိုင်တဲ့အတွက် ပင်ပန်းလာပြီး စိတ်ရဲ့ငြိမ်းချမ်းတွေ တဖြည်းဖြည်းပျောက်ကွယ်လာခြင်း။

၄) စစ်ဗိုလ်စစ်သားနဲ့ စစ်တပ်ထောက်ခံသူအသိုက်အဝန်းတွေမှာ ပြည်သူကို သစ္စာဖောက်ခဲ့တာမို့ ပြည်သူလူထုရဲ့ လူမှုရေးအကြဉ်ခံရတဲ့ အပြစ်ဒဏ်ခတ်ခံရပြီး အမြဲတမ်းလိုလို အထီးကျန် ဝမ်းနည်းရကာ ကိုယ့်နှလုံးသားနဲ့ကိုယ့်လိပ်ပြာအတွင်းစိတ်က ကိုယ့်ကိုလက်မခံတော့ခြင်း။

၅) စစ်တပ်ထိန်းချုပ်နိုင်တဲ့နယ်မြေ ကျဉ်းသထက်ကျဉ်းလာတာမို့ စစ်ဗိုလ်စစ်သားနဲ့ စစ်တပ်ထောက်ခံသူ အသိုက်အဝန်းကြားမှာ မသေချာ၊ မရေရာတဲ့လမ်းကို လျှောက်လှမ်းလာရသလို ခံစားရခြင်း။

၆) စစ်ဓားပြခေါင်းဆောင်ကစလို့  စစ်ဗိုလ်စစ်သားနဲ့ စစ်တပ်ထောက်ခံသူအသိုက်အဝန်းတွေကြားမှာ ဘယ်သွားသွား ဘယ်လာလာ မလုံမလဲဖြစ်ပြီ ခိုးကြောင်ခိုးဝှက်သွားလာရခြင်း။

၇) စစ်ဗိုလ်စစ်သားနဲ့ စစ်တပ်ထောက်ခံသူအသိုက်အဝန်းတွေကြားမှာ လုပ်ဖော်ကိုင်ဖက်တွေရဲ့ နာရေးသတင်းတွေ၊ ကျဆုံး၊ လက်နက်ချ အလံဖြူထောင် အဖမ်းဆီးခံ၊ ထောင်ချခံရတဲ့ သတင်းဆိုးတွေ ခပ်စိတ်စိတ်ကြားလာရခြင်း။

၈) မကျစတမ်း ခံစစ်စခန်းတွေ၊ ကွပ်ကဲရေးစခန်း၊ ‌ဗျုဟာစခန်းတွေ၊ တပ်မတွေ အပါအဝင် အရေးပါပြီး အစဥ်အလာရှိခဲ့ဖူးတဲ့စစ်တိုင်းဌာနချုပ်ကြီးတွေပါ ဆုံးရှုံးလာရခြင်း။

၉) အာဏာလုယူတာ ၄ နှစ်ကြာခဲ့ပေမဲ့ တိုင်းရင်းသားပြည်သူလူထုတရပ်လုံးရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးစိတ်ဓာတ်နဲ့ တော်လှန်ရးအင်အားက တနေ့တခြား အဆမတန်ကြီးထွားလာနေခြင်း။

ဒီဆောင်းပါးကိုနိဂုံးသပ်ရရင် ကိုယ်ကျင့်သီလ မကောင်းတဲ့ စစ်အာဏာရှင်တွေဟာ ပြည်သူလူထု အလိုမတူဘဲ လက်နက်နဲ့အကြမ်းဖက် လုယူတတ်ကြပြီး သူတို့မပိုင်ဆိုင်တဲ့ ပြည်သူ့အာဏာကို ဘယ်သောအခါမှ အလွယ်တကူ လက်လွှတ်မပေးတတ်ကြပါဘူး။ လောဘဇောတိုက်ပြီး မဟာ အကုသိုလ်ကြီးတွေ တနင့်တပိုးကျုးလွန်ရာက ပြန်ခံရမှာ အာဏာလက်လွှတ်ရမှာကို စိုးရွှံ့တဲ့ ဘယာဂတိဆိုတဲ့ ကြောက်လန့်ခြင်းရဲ့‌ စေ့‌ဆော်မှုတွန်းအားနဲ့ နောက်ပြန်လှည့်ဖို့ စိတ်ကူးမရှိတော့ဘဲ စစ်အာဏာရှင်တွေဟာ မီးကုန်ယမ်းကုန် မိုက်မဲရက်စက်ယုတ်မာလေ့ရှိကြပါတယ်။ ဒါပေမဲ့လည်း အဆုံးမှာတော့ အာဏာရှင်တွေဟာ ပြည်သူလူထုရဲ့ ချေမှုန်းတာခံကြရပြီး ကျဆုံးခဲ့ကြရပါတယ်။

ဒီကနေ့မြန်မာနိုင်ငံမှာလည်း တပ်မတော်အမည်ခံ စစ်ဓားပြတပ်ဟာ နိုင်ငံတော်အချုပ်အခြာအာဏာ ၃ ရပ်ကို သေနတ်နဲ့ထောက်ပြီး လုယူသိမ်းပိုက်ခဲ့ကြတာ နှစ်ပေါင်း ၆၀ ကျော်ကြာညောင်းခဲ့ပေမဲ့ စစ်ဘားတိုက်ကို အေးအေးချမ်းချမ်းပြန်ဖို့ စိတ်ကူးမရှိတဲ့ လောဘသားကောင် စစ်ဗိုလ်ချုပ်ကြီးတွေဟာ ပြည်သူ့အာဏာကို အသေဆုပ်ပြီး စိုးမိုးဗိုလ်ကျလာရာက အဖိနှိပ်မခံတဲ့ တိုင်းရင်းသားပြည်သူတရပ်လုံးရဲ့ စုစည်းညီညွတ်စွာ ဆန့်ကျင်တော်လှန်မှု အပြင်းထန်ဆုံးခံလာရတာမို့ သူတို့လက်ဆုပ်ထဲက ပြည်သူ့အာဏာဟာ အခုဆို နီရဲရဲ မီးကျီခဲ ပမာ ဆုပ်လို့မရနိုင်လောက်အောင် ပူပြင်းတောက်လောင်လာတာမို့ သူတို့လက်မလွှတ်ချင်သည်ဖြစ်စေ ဆက်လက်မဆုပ်ကိုင်နိုင်တော့ဘဲ လွှတ်ချရတဲ့အခြေအနေကို ဆိုက်ရောက်လာပြီဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013