
ကရင်နီပြည်နယ်မှာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီက ဓာတုလက်နက်တွေ အသုံးပြုခဲ့တယ်လို့ ကရင်နီပြည်နယ်အတွင်းက ဒေသကာကွယ်ရေးတပ်တွေနဲ့ မြေပြင်ရဲဘော်တွေက ပြောပါတယ်။
ဒီဇင်ဘာ ၂၀ ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ကရင်နီပြည်နယ် ကြားကလကောင်စီ (IEC) တို့က “ကရင်နီပြည်နယ်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ဓာတုပစ္စည်းအသုံးပြု တိုက်ခိုက်မှု” ဆိုတဲ့ သတင်းစာရှင်းလင်းပွဲတခု ပြုလုပ်ပြီး အခုလို ပြောဆိုခဲ့ကြတာပါ။
ရှမ်း-ကယားနယ်စပ် မိုးဗြဲနဲ့ ဖယ်ခုံမြို့နယ်မှာ စစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာ ၄ လနီးပါး ကြာမြင့်နေပြီဖြစ်ပါတယ်။
ဒီဇင်ဘာ ၇ ရက်နဲ့ ၈ ရက်တွေမှာတော့ စစ်တပ်ဘက်က ဓာတုအဆိပ်ငွေ့တွေ သုံးလာတာကို မြေပြင်မှာရှိတဲ့ ရဲဘော်တွေက သက်သေတွေတွေ့ရှိခဲ့သလို အဆိပ်ငွေ့ကြောင့် နောက်ဆက်တွဲ ထိခိုက်ခံစားရတဲ့ ရဲဘော်ကလည်း သူတို့ တွေ့ကြုံရတာတွေကို ပြောပြခဲ့ကြပါတယ်။
ဓာတုအဆိပ်ငွေ့ ခံစားရတဲ့ ရဲဘော်တွေအနေနဲ့ မူးဝေတာ၊ အော့အန်တာ၊ အလုပ်လုပ်ကိုင်ချင်စိတ် မရှိဘဲ နုံးခွေနေတာတွေနဲ့ နှလုံးခုန်မြန်တာ၊ ဝမ်းလျှောတာတွေကိုလည်း ခံစားရကြောင်း ပြောဆိုသလို မြေပြင် ကျန်းမာရေးဝန်ထမ်းတွေကလည်း အတည်ပြုကြပါတယ်။
NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနအနေနဲ့ ဓာတုလက်နက် အသုံးပြုတဲ့ ဖြစ်ရပ်ပေါင်း ၈ ခုကို မှတ်တမ်းတင်ထားပြီး အဲဒီထဲမှာ တချို့ကတော့ အွန်လိုင်းကရထားတဲ့သတင်းတွေ ဖြစ်ပါတယ်။
အဲဒီထဲက မှတ်တမ်း ၆ ခုကတော့ ဒေသတွင်း ခံစားရသူတွေ၊ ရဲဘော်တွေ၊ အဲဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး အရေးပေါ်ကုသပေးသူတွေကို မေးမြန်းထားတာဖြစ်ပြီး အခု ကရင်နီမှာဖြစ်တဲ့ ဖြစ်စဉ်ကတော့ သက်သေခိုင်ခိုင်မာမာရတဲ့ ဖြစ်စဉ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။
လက်ရှိ ကရင်နီပြည်နယ်မှာ တွေ့ရှိထားတဲ့ အဆိပ်ငွေ့တွေဟာ စိုက်ပျိုးရေးလုပ်ငန်းသုံး အလူမီနီယမ်ဖော့စ်ဖိုက်အက်စ်ဖော့စ် ၅၆၀ တွေဖြစ်ပြီး တိရစ္စာန်ဖျက်ပိုးတွေအတွက် အသုံးပြုကြတာ များပါတယ်။
ဓာတုဗေဒနဲ့ဆိုင်တဲ့ ပစ္စည်းတွေကို စစ်ပွဲတွေအတွင်းမှာ အသုံးပြုခြင်းဟာ Chemical Weapons Convention ဆိုတဲ့ စာချုပ်ကို ချိုးဖောက်တဲ့ ရာဇဝတ်မူတခု ဖြစ်ပါတယ်။
ဒီစာချုပ်ကိုတော့ ၁၉၉၇ ခုနှစ်ကတည်းက ပြဋ္ဌာန်းထားတာဖြစ်ပြီး မြန်မာနိုင်ငံကလည်း ဒါကို ၂၀၁၅ ခုနှစ်မှာ သဘောတူ လက်မှတ်ရေးထိုးထားပါတယ်။
စစ်ကောင်စီအနေနဲ့ လက်ရှိကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေအပြင် ဒီသဘောတူညီမှုကိုပါ ချိုးဖောက်နေတဲ့အတွက် နှစ်ထပ်ကွမ်းကျူးလွန်မှုတွေအတွက် အရေးယူခံရမှုတွေနဲ့ တာဝန်ယူရမှုတွေလည်း နှစ်ဆပိုတိုးလာမှာ ဖြစ်တယ်လို့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။
စစ်ကောင်စီက ဓာတုလက်နက် အသုံးပြုတယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ တွေ့ရှိချက်တွေဟာ ချင်းပြည်နယ်၊ ရခိုင်၊ ကချင်ပြည်နယ်နဲ့ ရှမ်းမြောက်ဒေသတွေဘက်မှာလည်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေက ပြောဆိုထားကြတာ ဖြစ်ပါတယ်။











