DVB Logo
Home
မြန်မာသတင်း
ဓာတုလက်နက် ဆောင်ရန်/ရှောင်ရန် အချက်များ AA ကျန်းမာရေး ဌာနသတိပေး
DVB
·
August 27, 2026
Photo: အာရက္ခပြည်သူ့ကျန်းမာရေးဌာန
Photo: အာရက္ခပြည်သူ့ကျန်းမာရေးဌာန
Donate to DVB

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို စစ်အာဏာရှင် တပ်က နေ့စဉ်ရက်ဆက်ဆိုသလို လေကြောင်းတိုက်ခိုက်နေပြီး ဓာတုလက်နက်တွေ သုံးစွဲမှု ရှိလာ တယ်လို့ သံသယရှိလို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဓာတုလက်နက်အကြောင်း အသိပညာ ပေးချက်ကို ဩဂုတ် ၂၆ ရက်က ထုတ်ပြန်ပါတယ်။

ဓာတုလက်နက်ဟာ အထူးပြုလုပ်ဖန်းတီးထားတဲ့ Man-Made Poison ဖြစ်ပြီး အထဲမှာ ဓာတ်ငွေ့၊ အရည်၊ အမှုန့်အနီတွေနဲ့ ထုတ်လုပ်ထားတာဖြစ်ပြီး အမြောက်ကျည်ဆန်၊ ဒုံးကျည်၊ လေကြောင်း တိုက်ခိုက်မှု၊ ဝေဟင်က ကြဲချမဲ့ ဗုံးသီး၊ ဒရော့ဗုံးသီးတွေမှာ ထည့်သွင်းပစ်ခတ်လေ့ရှိတဲ့ လက်နက် တမျိုးဖြစ်တယ်လို့ ပြောပါတယ်။

ဓာတုလက်နက်တွေက အဆိပ်ဓာတ်ငွေ့၊ အရည်နဲ့ အမှုန့်တွေဟာ ပတ်ဝန်းကျင်မှာ ပုံစံမျိုးစုံနဲ့ တည်ရှိ နိုင်ပြီး ကိုယ်ခန္ဓာအတွင်းကို အဆုတ်၊ အရေပြား၊ မျက်လုံးနဲ့ အမြှေးပါးတွေက တဆင့် ဝင်ရောက် နိုင်ကာ အရေပြားနဲ့ မျက်စိ၊ အသက်ရှုလမ်းကြောင်း၊ အဆုတ်၊ နှလုံး၊ ဦးနှောက်နဲ့ အာရုံကြော၊ အစာအိမ်အူလမ်းကြောင်း၊ ကြွက်သားအဖွဲ့အစည်းတွေကို ထိခိုက်ပျက်စီးနိုင်တယ်လို့ အာရက္ခ ပြည်သူ့ကျန်းမာရေးဌာနက သတိပေးထားပါတယ်။

အနီးပတ်ဝန်းကျင်မှာ ဗုံးကြဲခံရပြီးနောက် ထိခိုက်ဒဏ်ရာရရှိမှု မရှိဘဲ အဆိပ်သင့်လက္ခဏာရှိသူ၊ ရရှိထားတဲ့ ဒဏ်ရာနဲ့ မသက်ဆိုင်ဘဲ အဆိပ်သင့်ဝေဒနာ ခံစားနေရသူ၊ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ လူအများအပြား ရုတ်တရက်သေဆုံးမှု၊ ပုံမှန်မဟုတ်တဲ့ အနံ့၊ အရည်၊ အငွေ့တွေနဲ့ ထိတွေပြီး အဆိပ်သင့်လက္ခဏာပြလာတာ၊ ကျွဲ၊ နွားတိရစ္ဆာန်တွေ ပုံမှန်မဟုတ်အစုလိုက် အပြုံလိုက် သေဆုံးမှု ရှိလာတာတွေဟာ ဓာတုလက်နက်သုံးစွဲခဲ့တယ်လို့ ယူဆနိုင်တဲ့ သံသယလက္ခဏတွေလို့ ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။

ဓာတုလက်နက်နဲ့ ဗုံးကြဲခံရပြီးနောက် အဆိပ်နဲ့ ထိတွေ့မိပြီး အစပိုင်းမှာ မျက်ရည်ကျတာ၊ မျက်စိစပ်တာ၊ မျက်သားရောင်တာ၊ မျက်ကြည်လွှာပျက်စီးတာနဲ့ မျက်စိယာယီ မမြင်ရတာ၊ လည်ချောင်းနာတာ၊ အသံဩတာတွေကို ပထမ ခံစားရနိုင်တယ်လို့ ဆိုပါတယ်။

အဲဒီနောက် နာရီပေါင်းများစွာကြာပြီးနောက်မှာ အရေပြားတွေမှာ နီရဲနာကျင်လာတာ၊ ရောင်ရမ်း လာတာ၊ အရည်ကြည်ဖုတွေ ထွက်ရှိလာတာ၊ အနာဖြစ်လာတာ၊ အနာမကျက်တာ၊ အသက်ရှု လမ်းကြောင်း ရောင်ရမ်းတာ၊ ချောင်းဆိုးတာ၊ အသက်ရှုရ ခက်ခဲလာတာစတဲ့ လက္ခဏာတွေကို ခံစားရနိုင်တယ်လို့ ဖော်ပြပါတယ်။

ဓာတုဗုံးကြဲခံရတယ်လို့ သံသယဖြစ်လာပါက စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားပြီး ဓာတုဓာတ်ငွေ့၊ အရည်(သို့) အမှုန့်တွေနဲ့ ဝေးရာဟင်းလင်ပြင် လေတိုက်ရာဘက်မှာ နေထိုင်တာ၊ ဝတ်ထားတဲ့ အဝတ်အစားတွေကို ချွတ်ပြီး ပလတ်စတစ်အိပ်မှာ လုံခြုံစွာ ထည့်ထားတာ၊ ရေနဲ့ဆပ်ပြာကို သုံးပြီး ဆေး-သုတ်-ဆေး နည်းစနစ်နဲ့ ဓာတုပစ္စည်းတွေကို ဆေးကြောတာ၊ မျက်လုံးထိခိုက်ပါက ရေ ဒါမှမဟုတ် ၀ ဒသမ ၉ ရာခိုင်နှုန်း ဆလိုင်းတို့နဲ့ ဆေးကြောတာ၊ အရေပြားရှိ ဓာတုအဆိပ်တွေနဲ့ စုပ်ယူဓာတ်ပြယ်စေနိုင်တဲ့ ပေါင်ဒါတွေကို လိမ်ဆေးတွေကို အသုံးပြုတာကို ပြုလုပ်ကြဖို့ကို အသိပေးတိုက်တွန်းထားပါတယ်။

ဒါအပြင် ဆေးကြောရာမှာလည်း ရေအများသုံးဖို့နဲ့ အနည်းသာ အသုံးပြုပါက ဆေးကြောရာ မရောက်ဘဲ ဓာတုပစ္စည်းတွေကို ပိုပြီး ပြန့်သွားစေနိုင်သလို၊ အဝတ်အစားတွေရှိ ခြည်မျှင်တွေမှာ လည်း ဓာတုအဆိပ်အရည်နဲ့ အငွေ့တွေ ခိုအောင်းနေတတ်တာကြောင့် လူနာတွေရဲ့ အဝတ်အစား တွေကို ဖယ်ရှားတာဟာ ဓာတုအဆိပ်တွေကို ၈၀ ရာခိုင်နှုန်း ဖယ်ရှားနိုင်တယ်လို့ ခန့်မှန်းနိုင်ကြောင်း ပြောထားပါတယ်။

အဝတ်အစားတွေ အသုံးအဆောင်တွေကို ဖယ်ရှားရာမှာလည်း ဓာတုပစ္စည်းစွန်းပေခြင်းမရှိတဲ့ ခန္ဓကိုယ် အစိတ်အပိုင်တွေကို ပျံ့နှံ့စွန်းပေတာမျိုးမရှိအောင် အထူးသတိပြုရမှာဖြစ်ပြီး အဆိပ်သင့် လက္ခဏာရှိ၊ မရှိစောင့်ကြည့်ပြီးနောက် အဆိပ်သင့် လက္ခဏာတွေ မပြပေမဲ့ ဓာတုအဆိပ်တမျိုးမျိုးနဲ့ ထိတွေ့မှုရှိပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွေမှာ သွားပြီး ပြသကြဖို့ကိုလည်း ကျန်းမာရေးဌာနက တိုက်တွန်းပါတယ်။

ဩဂုတ် ၂၀ ရက်က ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာအနီး တောင်တန်းတွေကို စစ်တပ် က ဗုံးကြဲတိုက်ခိုက်ပြီးနောက် အနီးအနားမှာ အစာသွားစားတဲ့ နွားတွေ ဆက်တိုက် သေဆုံး လာပြီးနောက် ဓာတုဗုံးတွေ သုံးစွဲမှု သံသယဖြစ်ပွားရှိလာတာကြောင့် ပြည်သူတွေအနေနဲ့ ဓာတု လက်နက်အန္တရာယ် အထူးသတိထားသင့်တယ်လို့ ကျန်းမာရေးဌာနနဲ့ နီးစပ်တဲ့‌ အမျိုးသား တယောက်က ပြောပါတယ်။

“စစ်တပ်က ရခိုင်တိုက်ပွဲ အစအတည်းက ပလက်ဝတို့၊ မောင်တောမြို့သိမ်းတိုက်ပွဲတွေမှာ ဓာတု လက်နက်တွေ သုံးစွဲခဲ့တဲ့ ဖြစ်စဉ်တွေရှိခဲ့တယ်။ အခုလည်း ရသေ့တောင် နွားတွေ ဆက်တိုက် သေဆုံးမှု ဖြစ်စဉ်က ဓာတုလက်နက် သံသယဖြစ်စဉ် အဖြစ်ရှိနေတာကြောင့် ပြည်သူတွေ ဓာတုလက်နက် အန္တရာယ် အထူးသတိထားဖို့ လိုအပ်လာပြီ။”

လက်ရှိမှာ ရသေ့တောင်မြို့နယ် ဗုံးကြဲခံရတဲ့နေရာက အစာတွေစားပြီး သေဆုံးခဲ့ကြတဲ့ နွားတွေရဲ့ သေဆုံးမှုကို အသေးစိတ် စစ်ဆေးနေတယ်လို့ အာရက္ခပြည်သူ့ကျန်မာရေးဌာနက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ၂၀၂၄ ခုနှစ်အတွင်းက ပလက်ဝမြို့သိမ်းတိုက်ပွဲနဲ့ မောင်တောမြို့ သိမ်းတိုက်ပွဲတွေမှာ အာရက္ခတပ်တော်ကို ဓာတုလက်နက်တွေအသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်လို့ AA က စစ်ရေးသတင်းတွေ ထုတ်ပြန် ပြောပါတယ်။

စစ်အာဏာရှင်တပ်ဟာ ၂၀၂၆ ခုနှစ် ဇွန်၊ ဇူလိုင်နဲ့ ဩဂုတ်လတွေမှာ ရခိုင်က မြို့နယ်တွေနဲ့ ပလက်ဝ မြို့နယ်တို့ကို နေ့စဉ်ရက်ဆက်လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် အရပ်သား ထိခိုက် သေဆုံးမှု မြင့်တက်လာနေပြီး ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ် အထူးသတိပြုကြဖို့ ကိုလည်း အာရက္ခတပ်တော်က တိုက်တွန်းထားပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013