DVB Logo
Home
မြန်မာသတင်း
မလေးရှားတွင် တလအတွင်း မြန်မာနိုင်ငံသား ၁,၀၀၀ နီးပါးဖမ်းဆီးခံရ 
DVB
·
December 20, 2024
မလေးရှားတွင် တလအတွင်း မြန်မာနိုင်ငံသား ၁,၀၀၀ နီးပါးဖမ်းဆီးခံရ 
Donate to DVB

မလေးရှားနိုင်ငံမှာ တရားမဝင် သွားရောက် အလုပ်လုပ်ကိုင်တဲ့ မြန်မာနိုင်ငံသား ၁၀၀၀ နီးပါး အခု ဒီဇင်ဘာလအတွင်းမှာ ဖမ်းဆီးခံခဲ့ရတယ်လို့ မလေးရှားရောက် မြန်မာနိုင်ငံသားတွေအရေး ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက အော်ပရာစီဝင်ရောက်ဖမ်းဆီးတာကြောင့် အောက်တိုဘာ လဆန်းပိုင်းကစပြီး အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေ နေ့တိုင်း နီးပါးဖမ်းဆီးခံနေရပြီး ဆလန်ဂေါပြည်နယ်နဲ့ ဂျိုဟိုးပြည်နယ်တို့မှာဖမ်းဆီးခံရမှု အများဆုံးဖြစ်ပါတယ်။

Myanmar Labour Affairs and Refugees  အဖွဲ့မှကိုမင်းထိုက်က “စစဖမ်းခံရတဲ့နေ့ကဆို under operation ပေါ့ ၁၄ ရက် အတောအတွင်း တရားရုံးကိုတင်ပါတယ်။ အမိန့်ချပြီးဆိုရင်တော့ ထောင်ကိုပို့တာပေါ့။ ၄ လပျမ်းမျှ ဝန်းကျင်ပေါ့။ ထောင်မှာနေပြီး ရက်ပြည့်ရင်တော့ လဝက ထုံးစံအတိုင်းပဲပေါ့နော်။ ထိန်းသိမ်းရေးစခန်းရောက်ပြီးတော့ မြန်မာသံရုံးက လာတွေ့ပြီးတော့ အမည်စာရင်းကောက်တာပေါ့။ အမည်စာရင်းဝင်ပြီဆိုရင် ပြန်တဲ့သူတွေအတွက် လေယာဉ်လက်မှတ် ပြင်ဆင်ခိုင်းတယ်။ လေယာဉ်လက်မှတ်အဆင်သင့်ဖြစ်ပြီးတာနဲ့ သံရုံးက ပြည်တော် ပြန်ခိုင်းတာပေါ့”လို့ ပြောပါတယ်။

အော်ပရာစီဖမ်းဆီးခံရတဲ့ အထောက်အထားမဲ့ နိုင်ငံခြားသားတွေနဲ့ နေထိုင်ခွင့်သက်တမ်း ကျော်လွန်သူတွေကို လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ ထောင်ဒဏ် ၅ လကနေ ၁ နှစ်အထိ ချမှတ်ပြီး မြန်မာနိုင်ငံကို ပြန်ပို့လေ့ရှိပါတယ်။

မလေးရှားကို ထိုင်းနိုင်ငံက တဆင့် တရားမဝင်လမ်းကြောင်းက ဝင်ရောက်လာတဲ့အခါ နယ်စပ်ဒေသမှာ ဖမ်းဆီးခံကြရပြီး စစ်မှုထမ်းဥပဒေ အသက်သွင်းပြီး နောက်ပိုင်း ဝင်ရောက်လာသူ ပိုများလာတဲ့အတွက် နယ်စပ်မှာ အဖမ်းခံရမှုတွေလည်း ပိုများလာတယ်လို့ သိရပါတယ်။

မလေးရှားမှာ တရားမဝင်နေထိုင်ကြသူတွေဟာ ဖမ်းဆီးခံကြရတဲ့အခါ အကာအကွယ်ဖြစ်နိုင်ဖို့နဲ့ တရားရင်ဆိုင်နိုင်ဖို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UNHCR) ဆီမှာ ဒုက္ခသည်အနေနဲ့ ယာယီခို လှုံခွင့်လျှောက်ထားကြရတယ်လို့ သိရပါတယ်။

NLD OC International Malaysiaရဲ့ နိုင်ငံခြားရေးရာတာဝန်ခံ  Kris “မလေးရှားဘက်ကို ရောက်လာတဲ့သူတွေကတော့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဘယ်လိုမှနေမရလို့ အိုးမဲ့အိမ်မဲ့တွေ ဖြစ်ပြီးတော့မှ ထွက်ပြေးလာသူကြီးပဲ။ စစ်မှုထမ်းဥပဒေကြောင့် ထွက်ပြေးလာရတဲ့ လူငယ်တွေလည်းရှိတယ်။ အော်ပရာစီ ဒီနားမှာဖြစ်တယ်ဆို ထွက်ပြေးပြီးတော့မှ တခြားနေရာမှာနေကြပေါ့။ အထောက်အထားဘာမှမရှိတဲ့သူဆိုရင် ကျမတို့ကနေမှ member ကတ်လုပ်ပေးတယ်၊ အဲ့ဒီကတ်နဲ့ပဲ UNHCR အွန်လိုင်းကနေ စာရင်း ပေးသွင်းထားရတာပေါ့နော်။ ဘာကြောင့်လဲဆိုတော့ တကယ့်တကယ် တရားရင်ဆိုင်လာတဲ့အခါကျရင် အဲ့ဒီစာရွက်က အရေးကြီးတယ်။ အဲ့ဒီစာရွက်သည် UNHCR ရဲ့ တရားဝင်အထောက်အထားလို့ မဆိုလိုဘူး။ တရားဝင်အထောက်အထားမဟုတ်ဘူး။ ဒါပေမဲ့ အဲ့ဒီလျှောက်လွှာလေးနဲ့ပဲ တရားရင်ဆိုင်တယ်။ အဲ့ဒီလျှောက်လွှာမရှိရင် လုံးဝတရားရင်ဆိုင်လို့ မရဘူး”လို့ ပြောပါတယ်။

မလေးရှားအစိုးရက ဒီနှစ် ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ မလေးရှားနိုင်ငံတွင်း နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေကို တရားဝင်ဒဏ်ငွေဆောင်ပြီး ကိုယ့်နိုင်ငံကိုယ်ပြန်ကြဖို့ ထုတ်ပြန်ထားပေမဲ့ ပြန်တဲ့သူနည်းတဲ့အတွက် အော်ပရာစီဖမ်းဆီးမှုတွေ ဆက်တိုက် လုပ်ဆောင်နေတယ်လို့ အကူအညီပေးနေသူတွေက‌ ပြောပါတယ်။  

သီရိ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013