DVB Logo
Home
မြန်မာသတင်း
ရေးမြို့နယ်တွင် CDM ကျောင်းဆရာများ အပါအဝင် ၇ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး
DVB
·
December 20, 2024
ရေးမြို့နယ်တွင် CDM ကျောင်းဆရာများ အပါအဝင် ၇ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ CDM ကျောင်းဆရာ ဆရာမတွေ အပါအဝင် ဒေသခံ ၇ ယောက်ကို စစ်ကောင်စီတပ်က ၃ ရက်အတွင်း ဖမ်းဆီးသွားကြောင်း ဒေသခံတွေထံက သိရပါတယ်။

ရေးမြို့နယ်၊ အစင်စံပြကျေးရွာမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်က CDM ကျောင်းဆရာတယောက်နဲ့ ကျောင်းဆရာမ ၂ ယောက်တို့ကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ နေအိမ်မှာ လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တာလို့ ရွာခံတယောက်က ပြောပါတယ်။

“လာဖမ်းတာက လူအများကြီးပဲ။ စစ်သားတွေရော ရဲတွေရော ပြည်သူ့စစ်တွေရော ပါတယ်။ ကျောင်းဆရာလေးကို ဖမ်းတုန်းကဆိုရင် သေနတ်ဒင်တွေနဲ့ပါ ဝိုင်းထုပြီး အတင်းဆွဲခေါ်သွားတာ။ နောက်ပြီး ဆရာမနှစ်ယောက်ကို ဖမ်းတုန်းကလည်း တအိမ်လုံးကို မွှေနှောက်သွားတာ။ ဖုန်းတွေရော ပိုက်ဆံတွေပါ တွေ့တာ အကုန်ယူသွားကြတယ်။”

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ဒီဇင်ဘာ ၁၃ ရက်မှာလည်း အစင်စံပြကျေးရွာအနီးရှိ ပတ္တမြားကျားတန်းကျေးရွာက ရေလုပ်ငန်းရှင်တယောက်နဲ့ လမိုင်းမြို့၊ မော့ကနင်းကျေးရွာက ကွမ်းယာဆိုင် လင်မယား ၂ ယောက်အပြင် သူတို့ရဲ့ သမီးဖြစ်သူကိုလည်း ဒီဇင်ဘာ ၁၄ ရက်မှာ ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရေးမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ရေးဘီလူးက “CDM လုပ်ထားတဲ့ ဆရာ ဆရာတွေကို ဖမ်းဆီးတဲ့နေရာမှာ ရိုက်နှက်ပြီး ဖမ်းဆီးတယ်ဆိုတာက ဘယ်လိုမှ မသင့်တော်တဲ့လုပ်ရပ်ပါ။ ပြောရရင် ကြွက်မနိုင်လို့ ကျီကို မီးနဲ့ရှို့တယ်ဆိုတဲ့သဘော ဖြစ်နေတယ်” လို့ DVB ကို ပြောပါတယ်။

“ကျနော်တို့ တော်လှန်ရေးနယ်မြေတွေဘက်မှာ Non CDM ပညာရေးဝန်ထမ်းတွေကို ဖမ်းဆီးအရေးယူတာတွေတော့ မရှိဘူး။ စစ်ကောင်စီဘက်က CDM တွေကို အခုလို ဆက်တိုက်ဖမ်းဆီးမှုတွေ ထပ်ပြီးလုပ်လာခဲ့ရင်တော့ Non တွေကိုလည်း ပြတ်ပြတ်သားသား ဆောင်ရွက်သွားဖို့ ရှိလာမှာပါ။ လာမယ့် ၂၀၂၅ ခုနှစ်လောက်ကစပြီး နယ်မြေထဲကို ဝင်ခွင့်ပြုဖို့တောင် ရှိလာမှာမဟုတ်တော့ဘူး။”

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သူတွေကို စစ်မိန့်နဲ့ ရက်ပိုင်းအတွင်း အပြီးသတ်အမိန့်ချလေ့ရှိကြောင်း ရေးမြို့နယ် တရားရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်ကလည်း မွန်ပြည်နယ် ရေးမြို့၊ အောင်မေတ္တာရပ်ကွက်က ဒေသခံတယောက်ကို CRPH ၊ NUG တို့နဲ့ပတ်သက်ပြီး လှုံ့ဆော် ဝါဒဖြန့်ရာမှာ လိုက်ပါလုပ်ဆောင်တာအပြင် အားပေးကူညီတာတွေ ပြုလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သံဖြူဇရပ်မြို့မရဲစခန်းမှာ ဖမ်းဆီးထားကြောင်း မြို့ခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013