
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အရှေ့ဘက်ကမ်းကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်တာကြောင့် လယ်ထွန်ကျေးရွာက ပြည်သူတွေရဲ့ နေအိမ်ပေါ်ကျရောက်ပေါက်ကွဲကာ သက်ကြီးရွယ်အို တယောက် သေဆုံးပြီး တယောက် ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ဘေးရှောင်ဆီက သိရပါတယ်။
ဒီဇင်ဘာ ၁၈ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်လောက်မှာ လက်နက်ကြီးက နေအိမ်ပေါ်ကျရောက်လို့ အသက် ၈၀ အရွယ်အဘွားအိုက သေဆုံးသွားခဲ့ပြီး အသက် ၄၀ အရွယ်အမျိုးသမီးက ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။
စစ်ဘေးရှောင်အမျိုးသမီးတယောက်က "ညီမတို့ရွာဘက်က လယ်ထွန်ကျေးရွာလေ။ လက်နက်ကြီးကျတာ အဘွားကိုထိတာ။ တိုက်ပွဲမရှိလည်း ရမ်းပစ်နေတာ။ ညချိန်လည်း လေယာဥ်အမြဲတမ်းလာတယ်။ တချို့က ရှောင်ကုန်ကြပြီ"လို့ ပြောပါတယ်။
တိုက်ပွဲမဖြစ်ပေမဲ့ စစ်ကောင်စီတပ်က ကျေးရွာတွေထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ဒရုန်းနဲ့ ဗုံးကြဲတာတွေကြောင့် ဒေသခံပြည်သူတွေ စစ်ဘေးရှောင်နေကြရပြီး နေအိမ်ပျက်စီးတာတွေလည်းရှိနေ ပါတယ်။
ဖယ်ခုံ ခမရ ၄၂၂ တပ်ကနေ လက်နက်ကြီးနဲ့ အနီးပတ်ဝန်းကျင်ကို ပစ်ခတ်နေတဲ့အပြင် မိုးဗြဲဘက်ကိုလည်း လက်နက်ကြီးနဲ့ပစ်ခတ်နေတာကြောင့် နေအိမ်ပျက်စီးတာတွေရှိနေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ဒုတိယအပတ်မှာလည်း ဖယ်ခုံအရှေ့ဘက်ကမ်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ ၂ ယောက်သေဆုံးပြီး နေအိမ်တွေလည်းပျက်စီးခဲ့ရပါသေးတယ်။
စစ်ကောင်စီတပ်က မိုးဗြဲ - ဖယ်ခုံ - ပင်လောင်း လမ်းပိုင်းကိုထိန်းချုပ်နိုင်ဖို့ ခမရ (၄၂၂) မှာတပ်စွဲထားပြီး စစ်ကြောင်းထိုးဖို့ကြိုးစားနေတာကြောင့် လွိုင်ကော်၊ မိုးဗြဲပတ်ဝန်းကျင်တွေမှာ တိုက်ပွဲငယ်တွေနဲ့ လက်နက်ကြီးပစ်ခတ်မှုရှိနေတယ်လို့ တာဝန်ရှိသူတွေနဲ့ ဒေသခံကပြောပါတယ်။
လွိုင်ကော်မြို့အဝင်က နွားလဝိုးဝန်းကျင်အပြင် မိုးဗြဲ - လွိုင်ကော် - ဖယ်ခုံ ကြားကနေရာ ၄၊ ၅ ခုထက်မနည်းမှာ ကြိုကြားတိုက်ပွဲရှိနေပြီး စစ်တပ်က ဒရုန်းနဲ့ ကင်းထောက်တာတွေရှိကြောင်း သိရပါတယ်။
KNDF သတင်းပြန်ကြားရေးတာဝန်ရှိသူက “စစ်ကြောင်းက ထိုးလာမယ်၊ မထိုးလာဘူးကတော့ ကျနော်သေသေချာချာ မပြောနိုင်သေးဘူး။ ဒါပေမဲ့ စစ်ကောင်စီကတော့ ထိုးဖို့ကြိုးစားနေတဲ့ ပုံစံမျိုးပဲ ရှိပါတယ်။ အဲဒီအခါမှာ နည်းနည်းထွက်လာတဲ့အခါမှာ ကျနော်တို့နဲ့ထိတွေ့မှုတွေ ဖြစ်တာမျိုးတွေ ရှိတယ်။ အဲလောက်ပါပဲ”လို့ ပြောပါတယ်။
ကရင်နီတပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်ကတော့ ကရင်နီဟာ နေပြည်တော်နဲ့ နီးကပ်တဲ့အတွက် နယ်မြေစိုးမိုးရေးကြောင့် စစ်ရေးလှုပ်ရှားမှုတွေရှိနေတဲ့အကြောင်း DVB ကိုပြောပါတယ်။
ဒါအပြင် စစ်တပ်ဝင်းတွေကနေလက်နက်ကြီးတွေနဲ့ ရွာတွေထဲပစ်ခတ်နေလို့ ပြည်သူတချို့သေဆုံးခဲ့သလို အများစုက အဝတ်တထည်နဲ့ စစ်ရှောင်ခဲ့ကြပြီး အလှူရှင်တွေလည်းနည်းပါးလာလို့ ရိက္ခာနဲ့အနွေးထည်တွေ အရေးပေါ်လိုအပ်နေပါတယ်။
စစ်ရှောင်ကူညီသူ ကိုလွမ်းက “သူကအလှူရှင်ရှိမှထလုပ်လို့မရဘူးပေါ့နော်။ အခုက အဲလိုဖြစ်နေတယ်။ ကျနော်တို့ဆို စတားလင့်လေးဖွင့်တယ်။ အအေးဆိုင်လေးဖွင့်ထားတယ်။ အဲတာလေးတွေက ရတဲ့ဟာလေးတွေနဲ့ပဲမှာနေရတာပေါ့နော်။ အဲလိုမျိုး။ စောင့်လို့မရဘူး စောင်တွေဘာတွေမှာရင်လည်း သူက လမ်းကြောင်းကောင်းတဲ့အချိန်တခါတည်းမှာရတာဆိုတော့ စစ်ရှောင်တွေကတော့တော်တော်လေး ဒုက္ခရောက်နေတာပေါ့နော်”လို့ ပြောပါတယ်။
ဖယ်ခုံ နဲ့ မိုးဗြဲမြို့တွေမှာအခြေစိုက်တဲ့ စစ်ကောင်စီတပ်ရဲ့ ခမရ (၃၃၆) ၊ ခမရ (၄၂၁) ၊ ခမရ (၄၄၂) ကနေ မိုးဗြဲဆည်အရှေ့ဘက်ကမ်းကရွာတွေကို ပစ်ခတ်နေတာဖြစ်ပြီး တချို့လည်းတိမ်းရှောင်စရာနေရာမရှိလို့ ရွာထဲဆက်နေထိုင်ကြပါတယ်။
စစ်ကောင်စီက ကရင်နီပြည်ကိုထိန်းချုပ်နိုင်ရေး လူသူ၊ လက်နက်ခဲယမ်းပို့ရာမှာအရေးပါတဲ့ ဆီဆိုင်-လွိုင်ကော်လမ်းနဲ့ ပင်လောင်း-ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော်လမ်းကို အခုနှစ်လယ်ပိုင်း လောက်တည်းက ပြည်သူ့စစ်တွေအပါ အင်အားထောင်ချီသုံးပြီး ထိုးစစ်ဆင်လာတာပါ။
နိုဝင်ဘာ ၂၆ ရက်မှာတော့ တပ်မ (၆၆) လက်အောက်ခံ ခလရ (၈၀) ကို ကရင်နီပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ပြီးနောက်တိုက်ပွဲငယ်တွေဆက်ဖြစ်နေပြီး ဒီဇင်ဘာ ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာတော့ အဆိပ်ငွေ့ထွက်စေတဲ့ S-PHOS (အက်စ်ဖော့စ်) တံဆိပ် ၅၆၀ ဆေးပြားတွေကို ဒရုန်းနဲ့ကြဲချခဲ့ပါသေးတယ်။










