
တရုတ်သမ္မတ ရှီကျင့်ဖျင်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတခုဖြစ်တဲ့ မကာအိုကို တတိယအကြိမ်မြောက်အဖြစ် ဒီဇင်ဘာ ၁၈ ရက်မှာ ရောက်လာခဲ့ပါတယ်။
ဒါဟာ ပေါ်တူဂီကိုလိုနီနယ်မြေဖြစ်ခဲ့တဲ့ မကာအိုမြို့ကို ပေကျင်းအစိုးရက အုပ်ချုပ်လာခဲ့တာ ၂၅ နှစ်ပြည့်မြောက်တဲ့ အထိမ်းအမှတ်လည်း ဖြစ်ပါတယ်။
၃ ရက်တာ ခရီးစဉ်မှာ ရှီက ကာစီနိုလုပ်ငန်းတခုတည်းအပေါ် မှီခိုလျက်ရှိတဲ့ မကာအိုရဲ့ စီးပွားရေးကို ပိုမိုကျယ်ပြန့်အောင် ဆောင်ရွက်ဖို့ တိုက်တွန်းမယ်လို့ မျှော်မှန်းထားကြပါတယ်။
အောက်တိုဘာလတုန်းက ရွေးချယ်တင်မြှောက်ခဲ့တဲ့ မကာအိုအုပ်ချုပ်ရေးမှူးသစ်ရဲ့ ရာထူးလက်ခံပွဲကိုလည်း ရှီ ကိုယ်တိုင် တက်ရောက်မှာ ဖြစ်ပါတယ်။
ရှီဟာ ၂၀၁၉ ခုနှစ်တုန်းက မကာအိုကို နောက်ဆုံးအကြိမ် လာရောက်ခဲ့တာဖြစ်သလို ဟောင်ကောင်မှာလည်း ဒီမိုကရေစီလိုလားတဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ပေါ်ပေါက်နေချိန် ဖြစ်ပါတယ်။
ကမ္ဘာ့အကြီးမားဆုံး လောင်းကစားဗဟိုချက်ဖြစ်တဲ့ မကာအိုဟာ တရုတ်နိုင်ငံမှာ ဒါမျိုးလုပ်ခွင့်ပြုထားတဲ့ တခုတည်းသောနေရာ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း ဒေသတွင်း အခွန်ဘဏ္ဍာငွေ ၈၀ ရာခိုင်နှုန်းလောက်ကို ကာစီနိုလုပ်ငန်းကနေ ရရှိနေတာကြောင့် စီးပွားရေးအရ မှီခိုမှုများတယ်လို့ ဆိုရမှာပါ။
မကာအိုဟာ ဘဏ္ဍာရေးအချက်အချာနေရာဖြစ်တဲ့ ဟောင်ကောင်လိုမျိုး “တနိုင်ငံ၊ စနစ်နှစ်ခု” နဲ့ အုပ်ချုပ်နေတာဖြစ်ပြီး တရုတ်ပြည်တောင်ပိုင်း ကမ်းရိုးတန်းဒေသမှာ တည်ရှိပါတယ်။
ဟောင်ကောင်နဲ့မတူတဲ့အချက်ကတော့ တရုတ်ပြည်မကြီးဟာ မကာအိုရဲ့ သစ္စာရှိမှုနဲ့ တည်ငြိမ်မှုကို အမြဲတမ်း ချီးကျူးလေ့ရှိပါတယ်။
ဒါ့အပြင် မကာအိုလူဦးရေ ၇ သိန်းထဲက ထက်ဝက်ကျော်ဟာ ဆယ်စုနှစ်များစွာအတွင်း ပြည်မကြီးကနေ ပြောင်းရွှေ့ခဲ့လာသူတွေ ဖြစ်ပါတယ်။
၁၉၉၉ ဒီဇင်ဘာ ၂၀ ရက်မှာ တရုတ်အုပ်ချုပ်မှုအောက်ကို မကာအိုက ပြန်ရောက်ခဲ့တဲ့အတွက် လာမယ့် သောကြာနေ့ကျရင် ၂၅ နှစ်တင်းတင်း ပြည့်ပြီဖြစ်ပါတယ်။
ဒီအခမ်းအနားနဲ့အတူ တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုန်းပြည်နယ်မှာ မွေးဖွားခဲ့ပြီး ပေါ်တူဂီ စကားကို ကျွမ်းကျင်စွာပြောဆိုနိုင်တဲ့ အသက် ၆၂ နှစ်အရွယ် ဆမ်ဟျူဖိုင်း ကလည်း အုပ်ချုပ်ရေးမှူးသစ်အဖြစ် တာဝန်ယူဖို့ ရှိနေပါတယ်။
ဒါကြောင့် ၁၉၉၉ ခုနှစ်ကတည်းက မကာအိုရဲ့ အမြင့်ဆုံးတရားရုံးကို ဦးဆောင်ခဲ့တဲ့ ဆမ်ဟာ တရုတ်ပြည်မကြီးမှာ မွေးဖွားကြီးပြင်းခဲ့တဲ့ ပထမဆုံးအုပ်ချုပ်ရေးမှူး ဖြစ်လာတော့မှာပါ။
တရုတ်ပြည်မကြီးရဲ့ ညွှန်ကြားချက်အရ မကာအိုအစိုးရဟာ ခရီးသွားနဲ့ အပန်းဖြေလုပ်ငန်းအပေါ် အဓိကအခြေခံထားတဲ့ ပထမဆုံးသော စီးပွားရေးအစီအစဉ် အသေးစိတ်ကို ပြီးခဲ့တဲ့နှစ်က ထုတ်ပြန်ခဲ့ပါတယ်။
Source : Reuters










