
မြန်မာ့ရေပိုင်နက်ကို ကျူးကျော်ငါးဖမ်းတယ်ဆိုပြီး ကော့သောင်းခရိုင်တရားရုံးက ထောင်ဒဏ်နဲ့ ငွေဒဏ် ပြစ်ဒဏ်ချမှတ်လိုက်တဲ့ ထိုင်းငါးဖမ်းလုပ်သား ၄ ယောက်ဟာ လာမယ့် ဇန်နဝါရီ ၄ ရက် မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာနိုင်တယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။
ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်းရှင်နာဝပ်က “ထိုင်းငါးဖမ်းလှေပေါ်က သူတွေကို ပြစ်ဒဏ်စီရင်ခြင်းဟာ မြန်မာနိုင်ငံရဲ့ တရားဥပဒေ လုပ်ထုံးလုပ်နည်းအရ လုပ်ခြင်းသာဖြစ်တယ်။ ဒါပေမဲ့ လွတ်ငြိမ်းချမ်းသာခွင့်ရဖို့အတွက်လည်း ဆက်သွယ်ညှိနှိုင်းထားတာရှိတယ်၊ နှစ်နိုင်ငံရဲ့ ကောင်းမွန်သော ဆက်ဆံရေးအတွက် အရင်က ပြောခဲ့တဲ့အတိုင်းပဲ နှစ်သစ်မှာ သတင်းကောင်း ကြားရမယ်” လို့ မနေ့ညပိုင်း မလေးရှားနိုင်ငံက ပြန်ရောက်ရောက်ချင်း သတင်းထောက်တွေရဲ့ အမေးကို ဖြေကြားသွားပါတယ်။
ထိုင်းဒုဝန်ကြီးချုပ်လည်းဖြစ် ကာကွယ်ရေးဝန်ကြီးလည်းဖြစ်တဲ့ နိုင်းဖုမ်းထမ်း ဝေ့ချယ ချိုင်းကလည်း “သူတို့ လွတ်မြောက်ရေးအတွက် ကျနော်တို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ရော မြန်မာဆိုင်ရာ ထိုင်းသံအမတ်နဲ့ အမြဲဆက်သွယ်နေပါတယ်။ သူတို့ကို တရားရုံးက ပြစ်ဒဏ်အလျှော့ပေါ့ဆုံး စီရင်ချက်ချခဲ့တယ်လို့ သိရတယ်။ ဇန်နဝါရီလ ၄ ရက် မြန်မာလွတ်လပ်ရေးနေ့ကျရင် လွတ်ငြိမ်းချမ်းသာနဲ့ ပြန်လွတ်လာနိုင်တယ်” လို့ ပြောပါတယ်။
သူတို့ကို ချမှတ်ထားတဲ့ပြစ်ဒဏ်တွေ ထပ်ပြီးလျှော့ပေါ့ပေးဖို့ နောက်ထပ် ဆက်သွယ်ပေးမယ့်သူ လိုအပ်သေးလားလို့ သတင်းထောက်တွေက မေးရာမှာ ကာကွယ်ရေးဝန်ကြီးက မလိုအပ်ကြောင်၊ အခုက ကိုယ့်လူက သူတို့လက်ထဲမှာ ရှိနေတယ်၊ အရင်ဆုံး ကိုယ့်လူတွေ ပြန်လွတ်လာရဖို့ အရေးကြီးတယ်၊ များများပြောရင် အမှုပေါ်သက်ရောက်မှာစိုးတယ်၊ နောက်ပြီးတော့ ဒီအမှုကို နိုင်ငံရေးနဲ့ မရောစေချင်ဘူးလို့ ပြောသွားပါတယ်။
ထိုင်းတောင်ပိုင်း၊ ရနောင်းခရိုင်နဲ့ကပ်လျက် မြန်မာ့ရေပိုင်နက်ထဲ ကျွံဝင်သွားတဲ့ ထိုင်း ငါးဖမ်းလှေတစီး၊ ထိုင်းနိုင်ငံသား ၄ ယောက်နဲ့ မြန်မာလုပ်သား ၂၇ ယောက်တို့ကို မြန်မာအာဏာပိုင်တွေက ဖမ်းဆီးထားရာမှာ တနင်္သာရီတိုင်း ကော့သောင်းခရိုင်တရားရုံးက ဒီဇင်ဘာ ၁၆ ရက်မှာ ထောင်ဒဏ် နဲ့ ငွေဒဏ် ချမှတ်ခဲ့ပါတယ်။
ထိုင်းနိုင်ငံသား ၄ ဦးမှာ အသက် ၆၀ နဲ့ ၇၀ ကြား လူကြီးပိုင်းတွေဖြစ်ပြီး စက်လှေပိုင်ရှင်မှာ ထောင်ဒဏ် ၆ နှစ်နဲ့ ငွေဒဏ် ကျပ် ၂ သိန်း၊ စက်ပြင်ဆရာအပါအဝင် ထိုင်း ၃ ယောက်မှာ ထောင်ဒဏ် ၄ နှစ်နဲ့ ငွေဒဏ် ၄ သောင်း၊ မြန်မာရေလုပ်သား ၂၇ ယောက်ကတော့ ထောင်ဒဏ် ၁ နှစ်စီ အသီးသီးချမှတ်ခံခဲ့ရပါတယ်။
Source: 3PLUS News / Ch7HDNews










