
ကုလသမဂ္ဂရဲ့ ဆီးရီးယားဆိုင်ရာ သံတမန် ဂေးရ်ပေဒါရွှန်းဟာ ဒီဇင်ဘာ ၁၅ ရက်မှာ ဆီးရီးယားကို လက်ရှိအုပ်ချုပ်နေသူ ခေါင်းဆောင် အာမဒ်အယ်လ်ရှိုရာနဲ့ တွေ့ဆုံခဲ့ပါတယ်။
သူ့ရဲ့ သူပုန်နာမည် အဘူမိုဟမ်မဒ်အယ်လ်ဂိုလာနီအစား ရှိုရာလို့ လူသိများတဲ့ သူဟာ အာဆတ်ကို အာဏာကနေ ဖယ်ရှားခဲ့တဲ့ အစ္စလာမ္မစ်အဖွဲ့ HTS ကို ဦးဆောင်ပါတယ်။
HTS ဟာ အရင်က အယ်လ်ကေးဒါးတွေနဲ့ မဟာမိတ်ဖွဲ့ထားခဲ့ပြီး အစိုးရပေါင်းများစွာက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံရတဲ့အပြင် ကုလသမဂ္ဂရဲ့ ပိတ်ဆို့အရေးယူမှု အောက်မှာလည်း ရှိနေခဲ့ပါတယ်။
အာဆတ်ကို ဖြုတ်ချအပြီး ဆီးရီးယား စီးပွားရေး လွယ်လွယ် ချောချောမောမော ပြန်ဦးမော့လာအောင် ကူညီဖို့ ပိတ်ဆို့အရေးယူထားတာတွေကို အမြန်အဆုံးသတ်ဖို့ မျှော်လင့်တယ်လို့ ပေဒါရွှန်းက တနင်္ဂနွေနေ့မှာ ပြောပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၂၂၅၄ လို့ သိထားတဲ့ ၂၀၁၅ ခုနှစ်မှာ လုံခြုံရေးကောင်စီက ဆီးရီးယားနိုင်ငံအတွက် ဖော်ပြထားတဲ့ လမ်းပြမြေပုံကို ပြန်သုံးသပ်ဖို့ ရှိုရာနဲ့ ဆွေးနွေးခဲ့တယ်လို့ ဆီးရီးယား အာဏာရ စစ်ဌာနချုပ်က ကြေညာချက် ထုတ်ပြန်ထားပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၂၂၅၄ အရ ယုံကြည်ရလောက်တဲ့၊ အားလုံးပါဝင်ပြီး ဂိုဏ်းဂဏကင်းမဲ့တဲ့ အုပ်ချုပ်ရေးကို ဦးတည်သင့်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ပြောပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၂၂၅၄ ဟာ ကုလသမဂ္ဂကနေ ပံ့ပိုးပေးတဲ့ ဆီးရီးယား ဦးဆောင်တဲ့ လုပ်ငန်းစဉ်ကို ၆ လအတွင်း ချမှတ်ပြီး ဂိုဏ်းဂဏမခွဲတဲ့ အုပ်ချုပ်ရေးကို ချမှတ်ဖို့၊ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲရေး လုပ်ငန်းစဉ်အတွက် အချိန်ဇယားတခု သတ်မှတ်ပေးဖို့ တောင်းဆိုထားပါတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ လုပ်ဖို့ကိုလည်း တောင်းဆိုထားပါတယ်။
Source : Reuters










