
ဖီဂျီနိုင်ငံက အပန်းဖြေဘားတခုမှာ ကော့တေးဖျော်ရည်သောက်ပြီးတဲ့နောက် နိုင်ငံခြားခရီးသွား ၇ ယောက်ကို ဆေးရုံတင်ထားရတယ်လို့ ဖီဂျီအာဏာပိုင်တွေက ဒီဇင်ဘာ ၁၆ ရက်မှာ ပြောပါတယ်။
နေမကောင်းဖြစ်ရတဲ့ အကြောင်းရင်းကို မသိရသေးဘဲ ညစ်ညမ်းတဲ့ အရက်တွေ ဖျော်ရည်ထဲမှာ ပါမပါသိဖို့ စောလွန်းသေးတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
စနေနေ့က ဆီဂါတိုကာမြို့နားက ကြယ်ငါးပွင့် အပန်းဖြေစခန်း ဝါဝစ်ခ်မှာ နေမကောင်းဖြစ်ခဲ့သူတွေထဲမှာ သြစတြေးလျနိုင်ငံသားတွေနဲ့ အမေရိကန်တယောက်တို့ ပါတယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။
ပျို့အန်ခြင်း၊ အော့အန်ခြင်းနဲ့ အာရုံကြောဆိုင်ရာ လက္ခဏာတွေနဲ့အတူ ဆေးရုံတင်ထားရတယ်လို့ ဖီဂျီကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟေမီဆာ ထူဒရာဗူက ပြောပါတယ်။
လူ ၂ ယောက် ဆေးရုံမှာ သတိလစ်နေပေမဲ့ အခြေအနေ တည်ငြိမ်တယ်လို့ ဖီဂျီ ခရီးသွားလုပ်ငန်း ဝန်ကြီး ဗီလီယာမီ အာရ် ဂါဗိုကာက တနင်္လာနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။
တနင်္ဂနွေနေ့မှာ လူတယောက်နဲ့ တနင်္လာနေ့မှာ တခြား ၄ ယောက်တို့ ဆေးရုံကနေ ဆင်းခွင့်ရခဲ့ပါတယ်။
Source : Reuters











