DVB Logo
Home
မြန်မာသတင်း
ထိုင်းတောင်ပိုင်းတွင် မလေးရှားသွားမည့် မြန်မာ ၇၀ နီးပါး ဖမ်းဆီးခံရ 
DVB
·
December 16, 2024
ထိုင်းတောင်ပိုင်းတွင် မလေးရှားသွားမည့် မြန်မာ ၇၀ နီးပါး ဖမ်းဆီးခံရ 
Donate to DVB

ထိုင်းတောင်ပိုင်း၊ ရနောင်းခရိုင်ထဲမှာ မလေးရှားနိုင်ငံဘက် ဆက်သွားမယ့် တရားမဝင် မြန်မာနိုင်ငံသား ၆၈ ယောက်ကို ဖမ်းဆီးရမိတယ်လို့  Workpoint News ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ထိုင်းနယ်စပ်လုံခြုံရေးတပ် အမှတ် ၂၅ နဲ့ ထိပ်ဆသရီးစစ်ကြောင်းမှ တပ်ဖွဲ့ဝင်တွေဟာ ဒီဇင်ဘာ ၁၅ ရက် မနက်က ရနောင်းနဲ့ ချွန်းဖွန်းခရိုင်ကြား လအွန်မြို့နယ် နိုင်းဝုန်းနေအုပ်စု ဘန့်နိုင်းဝုန်းရွာအပိုင်းရှိ လမ်းမကြီးပေါ် လုံခြုံရေးစောင့်ကြပ်စစ်ဆေးစဉ် ၆ ဘီးတပ် ကုန်တင်ကားကြီးတစီး မောင်းဝင်လာခဲ့တယ်။

အဲဒီလမ်းပေါ်မှာ ကုန်တင်ကားကြီးတွေ ဖြတ်သန်းလေ့မရှိတာကြောင့် မသင်္ကာပြီး တားဆီး စစ်ဆေးရာမှာ အသက် ၄၇ နှစ်ရွယ် ထိုင်းယာဉ်မောင်းက သူ သွားနေကျအာရှလမ်းမ ၄၁ ပေါ်မှာ ရေတွေကြီးနေလို့ လမ်းလွှဲပြီး မောင်းဝင်လာရတာလို့ ဖြေပါတယ်။

တာဝန်ရှိသူတွေက ကားနောက်ခန်းမှာ လွှားထားတဲ့ မိုးကာကို ဖွင့်လှစ်စစ်ဆေးရာမှာတော့ တရားမဝင် ဝင်ရောက်လာသူတွေ အမြောက်အမြားကို တွေ့ရှိတာလို့ ဆိုပါတယ်။

သူတို့ထဲမှာ အမျိုးသား ၃၉ ယောက်၊ အမျိုးသမီး ၂၈ ယောက်နဲ့ အသက် ၆ နှစ်ရွယ် မိန်းကလေးငယ်တယောက် ပါဝင်တယ်၊ ဘာသာပြန်နဲ့ စစ်ဆေးချက်အရ အားလုံးဟာ မြန်မာနိုင်ငံသားတွေဖြစ်ပြီး မလေးရှားနိုင်ငံကိုသွားဖို့ ထိုင်းထဲ ဖြတ်ဝင်လာတာလို့ ဆိုပါတယ်။

သူတို့ဟာ မြန်မာနိုင်ငံ ရခိုင်၊ ရန်ကုန်၊ မကွေး စတဲ့ ဒေသစုံကလာပြီး မော်လမြိုင်နဲ့ ရေးမြို့မှာ လာစုကြတယ်၊ မလေးရှားနိုင်ငံသွားဖို့ ပွဲစားကို တယောက်လျှင် ဘတ် ၅၀, ၀၀၀ ပေးရတယ်၊ စရန်အချို့ပေးချေထားပြီး မလေးရှားရောက်မှာ အားလုံးပြည့်အောင် ပေးချေရမယ်လို့ ဆိုပါတယ်။

ကုန်တင်ကားမောင်းသူကလည်း သူဟာ အဲဒီလူတွေကို စမွတ်စခွန်းမြို့နယ် မဟာချိုင်မြို့ကနေ တင်ဆောင်ခဲ့ပြီး ထိုင်းတောင်ပိုင်း၊ ဆုန်ခလာခရိုင်၊ ရတ်တဖုန်းမြို့နယ်ထိ ပို့ဆောင်ပေးဖို့ ပွဲစားက ဆက်သွယ်လာလို့ တင်လာရကြောင်း ဖွင့်ဟဝန်ခံသွားပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် စားဝတ်နေရေး၊ လုံခြုံရေးအခက်အခဲ ဖြစ်နေတဲ့ ပြည်သူတွေဟာ နိုင်ငံခြားကို နေ့စဉ်လို ထွက်ခွာနေကြပြီး ထိုင်းကို ရောက်လာတဲ့သူတွေထဲ အဖမ်းခံရတာလည်း နေ့စဉ်လို ရှိနေပါတယ်။

ဒီဇင်ဘာ ၁၄ ရက် ညသန်းခေါင်ကျော် ၁၅ ရက်မနက်စောစောကလည်း ကန်ကျနပူရီခရိုင် ထောင်းဖာဖူးမြို့နယ်ထဲမှာ တရားမဝင် မြန်မာ ၁၁ ဦး လမ်းပြ ၂ ဦးနဲ့အတူ ဖမ်းဆီးခံခဲ့ရပါတယ်။ 

သူတို့ဟာ နယ်စပ်ကနေ ထိုင်းနိုင်ငံအတွင်းထဲ ဝင်ရောက်ဖို့ ထောင်းဖာဖူးမြို့နယ် ထာ့ဖဲရွာရှိ တာတမံတွင်း လှေနဲ့ ဖြတ်ကူးလာစဉ် တာဝန်ရှိသူတွေက ဟန့်တားစစ်ဆေးပြီး ဖမ်းဆီးခံရတာ ဖြစ်တယ်။

လှေမောင်းသမားကတော့ သူတို့ကို လှေစီးခ တယောက်ကို ဘတ် ၇၀၀ နဲ့ တင်ဆောင်လာတာလို့ ဝန်ခံပြီး အဖမ်းခံရသူတွေကတော့ ထိုင်းမှာ အလုပ်လာလုပ်ဖို့ ပွဲစားကို တယောက်ကို ဘတ် ၁၀,၀၀၀ မှ ၁၃,၀၀၀ ပေးဖို့ သဘောတူပြီး ဝင်ရောက်လာတာလို့ ဆိုပါတယ်။ 

Source: Workpoint News/ Ranong News / kanchanaburi News

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013