
ရုရှားအလံ လွှင့်တင်ထားတဲ့ စစ်ကားကြီးတွေ ဆီးရီးယားမြို့တော် ဒမတ်စကတ်နဲ့ ဟုမ်းမြို့ကြားက M5 အဝေးပြေးလမ်းမကြီးပေါ်ကနေ မြောက်ဘက်ဆီ ဦးတည်သွားတာကို မကြာသေးခင်က အင်တာနက်ပေါ် လွှင့်တင်လာတဲ့ ဗွီဒီယိုထဲမှာ မြင်တွေ့ရပါတယ်။
ရုရှားစစ်ကား အစီးရေ ၁၅၀ ကျော် လိုက်ပါလာတဲ့ ယာဉ်တန်းက လမ်းတလျှောက် ရွေ့လျားနေတယ်လို့ ဗြိတိန်နိုင်ငံအခြေစိုက် Channel 4 သတင်းဌာနက ထုတ်လွှင့်ပါတယ်။
ရုရှားစစ်တပ်ဟာ စနစ်တကျ လှုပ်ရှားနေပြီး ရုရှားနိုင်ငံသားတွေ ဆီးရီးယားကနေ ထွက်ခွာခွင့်ပြုဖို့ သဘောတူညီချက်တခု ရခဲ့တယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။
ဟုမ်းမြို့ကို ရုရှားစစ်ယာဉ်တွေ ဖြတ်သန်းချိန်မှာ ဆီးရီးယားနိုင်ငံသားတွေက ဖိနပ်နဲ့ ဝှေ့ယမ်းပြခဲ့ကြပါတယ်။ ဆီးရီးယားမှာ ဖိနပ်ဝှေ့ယမ်းတာဟာ စော်ကားခြင်း သင်္ကေတမျိုး ဖြစ်ပါတယ်။
အဲဒီစစ်ကားတွေဟာ ရုရှားစစ်တပ် အပိုင်ဟုတ်၊ မဟုတ်ကို ရှင်းရှင်းလင်းလင်း မသိရသေးသလို မော်တော်ကားတွေ ဘယ်နေရာဆီ ဦးတည်သွားတယ် ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း မသိရပါဘူး။
ဆီးရီးယားကမ်းရိုးတန်း လာတာကီယာပြည်နယ်က ဟာမေးမီလေတပ်အခြေစိုက်စခန်းမှာ ရုရှားက စစ်လက်နက်ပစ္စည်းတွေ ထုပ်ပိုးနေတာကို ရိုက်ကူးထားတဲ့ ဂြိုဟ်တုဓာတ်ပုံတွေကိုလည်း သောကြာနေ့က မြင်တွေ့ခဲ့ရပါတယ်။
အဲဒီဓာတ်ပုံတွေထဲမှာ ကမ္ဘာ့အကြီးဆုံး ကုန်တင်လေယာဉ်တွေထဲက တမျိုးဖြစ်တဲ့ အန်ထိုနော့ဗ် AN-124 အနည်းဆုံး ၂ စင်းကို အဲဒီလေတပ်စခန်းမှာ တွေ့ရပါတယ်။
ဆီးရီးယားနိုင်ငံ ထားတက်စ်ဆိပ်ကမ်းမြို့က ရုရှား ရေတပ်စခန်းဟာ တခုတည်းသော မြေထဲပင်လယ် ပြုပြင်ရေးနဲ့ ဖြည့်တင်းရေး အချက်အချာနေရာ ဖြစ်ပါတယ်။
Source: Reuters











