DVB Logo
Home
မြန်မာသတင်း
ကျိုက်ထီးရိုးဘုရားကို လာရောက်ဖူးမြော်သူများပြား
DVB
·
December 14, 2024
ကျိုက်ထီးရိုးဘုရားကို လာရောက်ဖူးမြော်သူများပြား
Donate to DVB

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မှာရှိတဲ့ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီကို ပြည်တွင်း ဘုရားဖူးလာရောက်မှု များပြားနေပြီး ဇန်နဝါရီလအထိ ဟိုတယ်အခန်းတွေ ပြည့်နေပြီလို့ ဟော်တယ်လုပ်ငန်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ကျိုက်ထီးရိုးဘုရားပွဲတော် စတင်ကျင်းပတဲ့ သီတင်းကျွတ်လပြည့်နေ့ အောက်တိုဘာ ၁၇ ရက် တနေ့တည်းမှာ ဘုရားဖူးပြည်သူ ၁၄၀၀၀ ကျော် ဝင်ရောက်ခဲ့တယ်လို့ ဂေါပကအဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။

ခရစ္စမတ်ရုံးပိတ်ရက်နဲ့ နှစ်သစ်ကူးဖြစ်တဲ့ ဇန်နဝါရီ ၁ ရက်နေ့ ဆီမီး ၉၀၀၀ ပူဇော်ပွဲဟာ ကျိုက်ထီးရိုးဘုရားရဲ့ ဘုရားဖူးဧည့်သည်ဝင်ရောက်မှု အများဆုံးကာလဖြစ်ပါတယ်။

ဟိုတယ်လုပ်ငန်းနဲ့ နီးစပ်သူတယောက်က “ဘိုကင်က တလလောက်ကြိုယူမှ အိုကေတယ်။ အခုဆို ဒီဇင်ဘာ တလလုံး ဘိုကင်ပြည့်နေပြီ။ တလပိုင်းထဲမှာဆို ၁၀ ရက်နေ့အထိ ဘိုကင်အားလုံးပြည့်နေပြီ၊ weekend day တွေဆို မရတော့ဘူး၊ ကြားရက်တွေပဲ ရတော့မယ်။ အခန်းကောင်းလိုချင်တဲ့ သူဆိုရင် တလခွဲလောက်ကြိုပြီး ဘိုကင်ရမယ်၊ တောင်ပေါ်မှာဆိုလည်း လူတွေအများကြီး မြင်နေတွေ့နေရတာ ချီးစော်တွေနံ့၊ သေးစော်နံ့တွေနဲ့ အဲ့လိုမျိုးတွေ အိပ်ရတယ်။ ဟိုတယ်တွေမှာဆိုလည်း ဟိုတယ်ပိုင်းဆိုင်ရာ ဆားဗစ်တွေကို ဘယ်သူမှ မနိုင်တော့ဘူး၊ လမ်းကြောင်းကတော့ X RAY မှာလူတွေ အရမ်းများပြီး ကားကျပ်တဲ့ဒဏ်ကို ခံရတယ်၊ အရင်ကဆို စစ်တောင်းတံတားက ညဘက်လည်းပေးဖြတ်တယ်လေ၊ အခုကျ မနက် ၅ နာရီမှ ဖွင့်တယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် တနှစ်လုံးမှာ ကျိုက်ထီးရိုးစေတီကို ခရီးသွား ၄ သိန်းနီးပါး ဝင်ရောက်ခဲ့ပြီး ဒါက စစ်တပ်အာဏာသိမ်းပြီးနောက် စံချိန်တင်ဝင်ရောက်မှု အများဆုံးဖြစ်ခဲ့ကာ အခုနှစ်မှာတော့ ဒီဇင်ဘာ ၁၀ ရက်အထိ ကျိုက်ထီးရိုးဘုရားဖူး ၂၅၀၀၀၀ နီးပါး ဝင်ရောက်ခဲ့ပြီလို့ ဂေါကပအဖွဲ့က သိရပါတယ်။

မြန်မာပြည်ရဲ့ နိုင်ငံရေးအခြေနေကြောင့် လက်ရှိမှာ ပြည်ပခရီးသွားဝင်ရောက်မှု မရှိသလောက် နည်းပါးခဲ့ပြီး ပြည်တွင်းခရီးသွားတွေကိုသာ မှီခိုနေရတယ်လို့ ကျိုက်ထိုဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ၁၁/ရခိုင်မှတ်ပုံတင် ကိုင်ဆောင်သူနဲ့ ၁၃/ရှမ်းမှတ်ပုံတင် ကိုင်ဆောင်သူတွေကိုတော့ မွန်ပြည်နယ်အဝင် စစ်တောင်းတံတားထိပ်မှာကတည်းက ဝင်ခွင့်မပြုတာကလည်း ခရီးသွားဝင်ရောက်တာကို နည်းပါးစေပါတယ်။

အရင်က ကျိုက်ထိုမြို့တဝိုက်မှာ ခရီးသွားတွေကို စစ်တပ်က အစစ်အဆေးတင်းကျပ်နေပေမဲ့ ဘုရားပွဲရာသီကာလမှာတော့ ဘုရားဖူးစည်ကားဖို့အတွက် အစစ်အဆေးတွေလျှော့ချထားသလို ဟိုတယ်နဲ့ တည်းခိုခန်းဈေးနှုန်းတွေလည်း ပြီးခဲ့တဲ့နှစ်ထက် ၂ ဆကျော် တိုးလာတယ်လို့ သိရပါတယ်။

ကျိုက်ထို ဒေသခံတယောက်က “စနေ၊ တနင်္ဂနွေဆိုရင်ရထားနဲ့ လာကြတာရှိတယ်၊ ဘူတာကနေ အိုးဝေနဲ့ ကားတွေနဲ့ သွားကြတာရှိတယ်။ ခုချိန်မှာ ဟိုတယ်တွေအကုန်လုံးက ဘိုကင်ပြည့်တယ်၊ ဘိုကင်မယူဘဲ လာမယ်ဆိုရင် ရင်ပြင်မှာပဲ အိပ်ရတာပဲပိုများတယ်။ လမ်းကြောင်းအခြေအနေက သူတို့က ဒီအချိန်မှာ သိပ်မစစ်ဘူးလို့တော့ ပြောတယ်။ ပြီးခဲ့တဲ့ရက်တွေကတော့ မရမ်းချောင်ဂိတ်မှာ အတော်စစ်လိုက်တယ်၊ အမြန်လမ်း ဇီးရိုးမိုင်ပေါ့။ ဘုရားကြီးအဝင်မှာ မှတ်ပုံတင်စစ်တယ်၊ Express ကားနဲ့ လာမယ်ဆိုရင်တော့ အကုန်လုံးတန်းစီပြီးတော့ လမ်းဆင်းလျှောက်ပြီးတော့ သွားရတယ်။ ကိုယ်ပိုင်ကားနဲ့ဆိုရင်တော့ မှတ်ပုံတင်တွေပြရတယ်၊ ကျိုက်ထိုမှာတော့ အေးအေးချမ်းချမ်းရှိတယ်။ ဘုရားဖူးရာသီဖြစ်တဲ့အတွက် ဘုရားဖူးမဟုတ်တဲ့ သူတွေအတွက်ပဲ အစစ်ဆေးအမေးမြန်းရှိတာ၊ ဘုရားဖူးသွားမယ်၊ သူငယ်ချင်းတွေစုလာတယ်၊ ကိုယ်ပိုင်ကားနဲ့လာတာ Light truck နဲ့ လာတာဖြစ်ဖြစ် အဲ့လိုဆို သိပ်မစစ်ဘူး” လို့ ပြောပါတယ်။

လက်ရှိမှာတော့ ကျိုက်ထီးရိုးဘုရားဖူး ခရီးသွားများပြားနေလို့ အိမ်သာမလုံလောက်တဲ့ ပြဿနာကြောင့် ပတ်ဝန်းကျင် အနံ့ဆိုးထွက်တာနဲ့ အမှိုက်ပြဿနာတွေ ဆိုးဝါးနေတယ်လို့ ခရီးသွားတွေက ပြောပါတယ်။

ကျိုက်ထီးရိုးရင်ပြင်တော်အနီးမှာ ဟိုတယ် ၃ ခုရှိပြီး ပွဲတော်ရက်ကာလအတွင်း ဟိုတယ်ခဈေးနှုန်းတညကို အနည်းဆုံး ကျပ် ၁ သိန်းကနေ ၂၂၀၀၀၀အထိ ဈေးပေါက်နေ ပါတယ်။ 

သီရိ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013