
နိုင်ငံတကာ ခရီးသွားတွေအနေနဲ့ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျိုက်ထီးရိုး ဘုရားဖူး ခရီးစဉ် သွားရောက်ပါက နယ်မြေလုံခြုံရေးနဲ့ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ရုံးပိတ်ရက်မပါ ၁၀ ရက် ကြိုတင်ခွင့်ပြုချက် တောင်းခံရမယ်လို့ စစ်အာဏာရှင်လက်အောက်ခံ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးဖြိုးဇော်စိုးက ပြောပါတယ်။
ကျိုက်ထိုမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးစိုးလှက ကျိုက်ထီးရိုး စေတီတော်ကို နိုင်ငံခြားသား ခရီးသည်တွေ လာရောက်ခွင့် အခြေအနေတွေကို ဖြေလျှော့ပေးဖို့ ဒါမှမဟုတ် အလွယ်တကူ ဝင်ရောက်နိုင်ရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းချက်အပေါ် ဒုတိယဝန်ကြီးက စက်တင်ဘာ ၂၉ ရက်က စစ်အာဏာရှင်ဩဇာခံ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
စစ်အာဏာရှင်အစိုးရက ပြည်ပခရီးသွား ပြန်လည်တိုးလာအောင် နည်းလမ်းမျိုးစုံ သုံးနေပေမဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံဟာ ခရီးသွားလာမှုအတွက် အန္တရာယ်အရှိဆုံး အနီရောင်အဆင့် ဆက်လက်သတ်မှတ်ခံထားရပြီး နိုင်ငံတကာခရီးသွားတွေ လာရောက်မှု အဆမတန်ကျဆင်းခဲ့ပါတယ်။










