DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ အဆုံးသတ်ရန် ကုလအကြီးအကဲ ထပ်မံတောင်းဆို
DVB
·
December 13, 2024
မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ အဆုံးသတ်ရန် ကုလအကြီးအကဲ ထပ်မံတောင်းဆို
Donate to DVB

မြန်မာနိုင်ငံမှာ အကြမ်းဖက်လုပ်ရပ်တွေ မြင့်တက်လာတာနဲ့ပတ်သက်ပြီး အလွန်အမင်း စိုးရိမ်ပူပန်မိတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောကြားလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ခ်ရှိ ကုလသမဂ္ဂဌာနချုပ်မှာ ဒီဇင်ဘာ ၁၂ ရက်က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် စတီဖင်ဒူဂျာရစ်က ပြောကြားလိုက်တာပါ။

ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံတဝန်းမှာ  စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေကို အဆင်အခြင်မဲ့ လုပ်ဆောင်နေမှုကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးရမှုတွေနဲ့ နေရပ်စွန့်ခွာ ထွက်ပြေးရမှုတွေ ဖြစ်ပေါ်စေတဲ့အပြင် ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခကို ပိုမို နက်ရှိုင်းစေတယ်လို့ ကုလသမဂ္ဂ အကြီးအကဲက ပြောကြားခဲ့တယ်လို့လည်းဆိုပါတယ်။ 

မြန်မာနိုင်ငံက သက်ဆိုင်ရာအဖွဲ့အားလုံးအနေနဲ့ အကြမ်းဖက်လုပ်ရပ်တွေကို အဆုံးသတ်သွားဖို့နဲ့ အရပ်သားပြည်သူတွေအပေါ် ကာကွယ်စောင့်ရှောက်သွားရေး နိုင်ငံတကာဥပဒေကို လေးစားလိုက်နာသွားဖို့ အတွင်းရေးမှူးချုပ်က ထပ်လောင်း တောင်းဆိုထားပါတယ်။

ဒါ့အပြင် မတူကွဲပြားတဲ့ လူမှုအသိုက်အဝန်းတွေ အကြားတင်းမာမှုတွေ မြင့်တက်စေတဲ့ လှုံ့ဆော်မှုတွေကိုလည်း တားဆီးသွားကြဖို့ သက်ဆိုင်ရာအဖွဲ့အသီးသီးကို တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှု၊ စစ်ဆင်ရေးနဲ့ ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ အရပ်သားပြည်သူတွေ စံချိန်တင်များပြားလာပြီး နိုင်ငံတဝန်း နေရပ်စွန့်ခွာသူ ၃ ဒသမ ၄ သန်း ရှိလာပြီလို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (UNOCHA) က    နိုဝင်ဘာ ၂၇ ရက်က ထုတ်ပြန် ထားပါတယ်။

ထုတ်ပြန်ချက်အရ ၁၈ ဒသမ ၆ သန်းသော လူဦးရေဟာ လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေပြီး ၂၀၂၄ ခုနှစ် အစကနေ စက်တင်ဘာလကုန်အထိ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေဟာ လူဦးရေ ၃ သန်းနီးပါးကိုသာ အကူအညီပေးနိုင်ခဲ့တာဖြစ်ပြီး လူဦးရေ ၅ ဒသမ ၃ သန်းကို အကူအညီပေးဖို့ ရည်ရွယ်ထားပေမဲ့ ရန်ပုံငွေရရှိမှု အလွန်အမင်းနည်းပါးခဲ့တာကြောင့် အပြည့်အဝ မကူညီနိုင်ခဲ့ဘူးလို့ ဖော်ပြပါရှိပါတယ်။

ပဋိပက္ခမှာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေက လူသားချင်းစာနာမှုဆိုင်ရာ သွားလာခွင့်တွေကို အဟန့်အတားမရှိ ခွင့်ပြုပေးရမှာဖြစ်ပြီး၊ အရပ်သားပြည်သူတွေဆီ လူမှုဘဝ ကယ်ဆယ်ရေး အကူအညီတွေ ရောက်ရှိဖို့ ရှုပ်ထွေးတဲ့ ကန့်သတ်ချက်တွေ ဖယ်ရှားပေးဖို့ လိုအပ်တယ်လို့လည်း ကုလသမဂ္ဂက တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013