DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် အဓမ္မ စစ်မှုထမ်းစုဆောင်းမှုကြောင့် ပြည်သူများ စိုးရိမ် 
DVB
·
December 12, 2024
ရန်ကုန်တွင် အဓမ္မ စစ်မှုထမ်းစုဆောင်းမှုကြောင့် ပြည်သူများ စိုးရိမ် 
Donate to DVB

စစ်ကောင်စီတပ်က စစ်မှုထမ်း အပတ်စဉ် ၈ အတွက်  တပ်သားသစ်စုဆောင်းဖို့ ရန်ကုန်က မြို့နယ်တချို့မှာ အတင်းအကျပ် လုပ်ဆောင်နေတာတွေကြောင့် ဒေသခံ ပြည်သူတွေကြားမှာ စိုးရိမ်နေကြပါတယ်။

ရန်ကုန်မှာ အသက် ၁၈ ကနေ အသက် ၃၅ နှစ်အတွင်း အမျိုးသားလူငယ်တွေ မဖြစ်မနေ စစ်မှုထမ်းရမှာ ဖြစ်ပြီး မဲနှိုက်တာတွေနဲ့ ငွေကြေးပေး လူစားထိုးတာတွေ လုပ်ခွင့်မရှိတော့ဘူးဆိုတဲ့သတင်းတွေ ထွက်ပေါ်လာပြီးနောက် ရန်ကုန်မြို့နေ ပြည်သူတွေကြားမှာ ထိတ်လန့် နေကြတာပါ။

မိသားစုကြောင့် ပြည်တွင်းမှာပဲ နေဖို့ ရွေးချယ်ထားတဲ့ လမ်းမတော်မြို့နယ်မှာ နေထိုင်တဲ့ ကိုကျော်ကျော်ကတော့ သူနေထိုင်ရာ ရပ်ကွက်ထဲမှာတော့ အုပ်ချုပ်ရေးမှူးတွေက အသိပေးစကားပြောဆိုသံတွေ မရှိသေးပေမဲ့  စိုးရိမ်စိတ်တွေရှိတယ်လို့ ပြောပါတယ်။

“အခုနေတဲ့ နေရာရော၊ တခြားမြို့နယ်တွေရောပဲပေါ့နော်၊ ကြားနေရတဲ့သတင်းတွေကတော့ တကယ် စိုးရိမ်စရာကောင်းပါတယ်။ တချို့နေရာတွေဆိုလည်း ငွေကြေးပေးလို့တောင် မရတဲ့ နေရာတွေ၊ ထွက်ပြေးတိမ်းရှောင်မှကို အခြေအနေ ဖြစ်တော့မယ့် နေရာတွေ ဖြစ်နေတာပေါ့နော်။ လောလောဆယ်တော့ ရပ်ကွက်ထဲမှာ လူငယ်တွေ တော်တော်များများလည်း မရှိတော့ပါဘူး။”

စစ်ကောင်စီဟာ တော်လှန်ရေး အင်အားစုတွေနဲ့ရင်ဆိုင် တိုက်ပွဲတွေမှာ အကျအဆုံးများနေပြီး ရှေ့တန်းမှာ ဆုံးရှုံးနေရတဲ့ စစ်သည်အင်အားတွေကို အစားထိုးဖို့ စစ်မှုထမ်းဥပဒေနဲ့ လူသစ်စုဆောင်နေတာလို့  ရန်ကုန်မြို့ခံက ဆိုပါတယ်။

သာကေမှာနေထိုင်တဲ့ ကိုမြတ်သူက “စကစ က သူ့လူတွေ ရှေ့တန်းမှာ ပြုန်းတီးကုန်ပြီလေ။ အဲ့ဒီ ပြုန်းတီးတဲ့ နေရာတွေကို အစားထိုးဖို့အတွက် လူငယ်တွေကို ဆွဲထည့်တယ်၊ စစ်မှုထမ်း ဥပဒေဆိုတဲ့ အောက်မှာ ဆွဲထည့်တယ်၊ အဲ့ဒါကြောင့်မို့ လူငယ်တွေရော မိဘတွေရော စစ်မှုထမ်းပြီဆိုတာနဲ့ သေဖို့က နီးကပ်နေပြီဆိုပြီးတော့ စိုးရိမ်မှုတွေက မြင့်တက်နေတာပေါ့နော်” လို့ ပြောပါတယ်။

ရန်ကုန်တိုင်းက တောင်ဥက္ကလာပ၊ လှိုင်သာယာ၊ သာကေတ၊ ဒေါပုံမြို့နယ် စတဲ့ မြို့နယ်တွေအပါအဝင် မြို့နယ်အားလုံးမှာ မိမိအလှည့်ကျလာပါက မဖြစ်မနေ စစ်မှုထမ်းရမယ်လို့ ခေါ်ယူပြောဆိုတာတွေ ရှိနေတယ်လို့ သိရပါတယ်။

လမ်းမတော်မြို့နယ်နေ ကိုကျော်ကျော်က “ပထမဆုံး စဉ်းစားတာကတော့ မိမိကို လာခေါ်မယ်ဆိုရင်တော့ ကိုယ့်နာမည်က သူတို့ထဲမှာ ပေါက်နေပြီပေါ့နော်။ သူတို့ပြောတာက‌တော့ စစ်မှုထမ်းဖို့အတွက် တာဝန်လစ်ဟင်းတယ်လို့ ပြောပြီးတော့ပဲ ကိုယ်ကိုယ်တိုင်ကတော့ တိမ်းရှောင်ရမယ့် သဘောတော့ ရှိတာပေါ့လေ။ အကယ်၍ တိမ်းရှောင်ရပြီဆိုပါကလည်း လွတ်မြောက်နယ်မြေလို့ ပြောကြတဲ့ နေရာသွားမလား၊ လေဆိပ်တော့ သွားဖို့ လွယ်မယ်တော့ မထင်တော့ဘူးပေါ့နော်၊ မိမိနာမည်ကြီးက ရှိနေပြီဆိုရင်တော့။ အဲ့တော့ တနေရာရာတော့ သွားမယ်ပေါ့နော်”လို့ ပြောပါတယ်။

စစ်ခေါင်းဆောင်က ဖေဖော်ဝါရီ ၁၀ ရက်မှာ လူတိုင်း မဖြစ်မနေ စစ်မှုမထမ်းမနေရမယ့် စစ်မှုထမ်း ဥပဒေကို အသက်သွင်းခဲ့ပြီး မတ် ၂၈ ရက်မှာ အပတ်စဥ် ၁ ကို စပြီးခေါ်ခဲ့ရာ အခုဆို စစ်မှုထမ်းအပတ်စဥ် ၇ အထိရှိပြီ ဖြစ်ပါတယ်။

စစ်မှုထမ်း အပတ်စဉ် ၅ အထိ နိုင်ငံတဝန်း စစ်သားစုဆောင်းခံရသူ ၂၀၀၀၀ ကျော် ရှိနေတယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တဖွဲ့ ဖြစ်တဲ့ ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) ရဲ့ အချက်အလက်တွေအရ သိရပါတယ်။ 

မြတ်သဇင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013