
မန်ချက်စတာစီးတီးအသင်းရဲ့ ပရီးမီးယားလိဂ် စည်းမျဉ်းချိုးဖောက်မှုတွေဖြစ်ခဲ့တဲ့ ကာလအတွင်း လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့ပေမဲ့ ဒီကိစ္စနဲ့ ပတ်သက်လို့ သူ့အနေနဲ့ စိတ်သန့်တယ်လို့ အာဆင်နယ်နည်းပြ မီကယ်အာတေတာက ပြောပါတယ်။
အာတေတာဟာ ၂၀၁၆ ကနေ ၂၀၁၉ အထိ နည်းပြ ဂွါဒီယိုလာရဲ့ လက်အောက်မှာ တာဝန် ထမ်းဆောင်ခဲ့တာ ဖြစ်ပြီး၊ မန်စီးတီးအသင်းရဲ့ သီးခြားလွတ်လပ်တဲ့ ကော်မရှင် အယူခံ ကိစ္စတွေနဲ့ ပတ်သက်လို့ အဆုံးသတ် မပြတ်သေးတာကြောင့် အသေးစိတ် မှတ်ချက်မပေးချင်ဘူးလို့ ဆိုပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ စိတ်သန့်ရှင်းရဲ့လားလို့ မေးမြန်းရာမှာ အာတေတာက "သန့်ရှင်းပါတယ်" လို့ စကားတခွန်းတည်းနဲ့ အတည်ပြုခဲ့တာပါ။
အယူခံဝင်ထားတဲ့ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ လုပ်ထုံးလုပ်နည်းအတိုင်း လေးစားရမှာဖြစ်ပြီး အပြီးသတ် မဖြေရှင်းသေးသရေ့ မှတ်ချက်မပေးချင်ကြောင်းလည်း ဆိုပါတယ်။ ဂွါဒီယိုလာနဲ့ စကားပြောခဲ့လားဆိုတဲ့ မေးခွန်းကိုတော့ မဖြေချင်ဘူးလို့ ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ဂုဏ်သိက္ခာနဲ့ တာဝန်ရှိသူတွေရဲ့ ကိုင်တွယ် ဖြေရှင်းမှုအပေါ် အပြည့်အဝ ယုံကြည်ထားသလို၊ ပရီးမီးယားလိဂ်ဟာ ကမ္ဘာ့အကောင်းဆုံးလိဂ်အဖြစ် ဆက်လက် တည်ရှိ နေမယ်လို့လည်း ပြောပါတယ်။
Source: BBC-Sport











