DVB Logo
Home
ဆောင်းပါး
မဟာအစုအဝေးကြီးများရဲ့ သမိုင်းဝင် ရွေ့လျားကူးပြောင်းမှုကြီးများနဲ့ အစပျိုးမှတ်
DVB
·
December 8, 2024
မဟာအစုအဝေးကြီးများရဲ့ သမိုင်းဝင် ရွေ့လျားကူးပြောင်းမှုကြီးများနဲ့ အစပျိုးမှတ်
Donate to DVB

ပြီးခဲ့တဲ့ စနေအားလပ်ရက်မှာ တောရိုင်းတိရစ္ဆာန်တွေရဲ့ သဘောသဘာဝတွေအပေါ် သိပ္ပံပညာရှုထောင့်က‌နေ ရိုက်ကူးတင်ပြထားတဲ့ မှတ်တမ်းရုပ်ရှင်တွေကို စိတ်ဝင်စားတတ်တဲ့ ဇနီးသည်နဲ့ သမီးကြီးတို့နဲ့အတူ National Geographic ကနေ ရိုက်ကူးတင်ဆက်ထားတဲ့ မဟာအစုအဝေးကြီးရဲ့ စိတ်သန္တာန်လို့ ဘာသာပြန်ရမယ့် (Mind of The Swarm) ဆိုတဲ့ ‌ခေါင်းစဉ်နဲ့ မှတ်တမ်းရုပ်ရှင်တခုကို ကြည်ရှုခဲ့ကြပါတယ်။

ဒီမှတ်တမ်းရုပ်ရှင်ဟာ သန်းနဲ့ချီတဲ့ အာဖရိကန်ဒရယ်အုပ်ကြီး (The Wildebeests) နဲ့ မြင်းကျားအုပ်ကြီးတွေ မိုးရွာတဲ့နောက် ရေကြည်ရာမြက်နုရာကို လိုက်ပါဖို့ တန်ဇန်းနီးယားနိုင်ငံ (Serengeti) ကနေ ကင်ညာနိုင်ငံဘက်က (Maasai) ဘက် အသွားအပြန် မိုင် ၃၀၀ ကျော် ရှည်လျားတဲ့ ခရီးရှည်ကြီးကို ချီတက်ပြီး တောရိုင်းခြင်္သေ့ကြီးတွေရဲ့ ရန်တွေနဲ့ ဆာလောင်နေတဲ့ မိချောင်းရိုင်းကြီးတွေရှိတဲ့ မာရာမြစ် (Mara River) ကို ဖြတ်ကျော်ကြခဲ့ကြပုံတွေကို ဟောလိဝုဒ်က ကမ္ဘာကျော် လူမည်းရုပ်ရှင်မင်းသား ‌‌‌‌‌‌‌‌ဝီလ်စမစ် (Will Smith) နဲ့အတူ ပရော်ဖက်ရှင်နယ် ဓာတ်ပုံဆရာက မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။

အရေအတွက်အားဖြင့် အကောင်ရေ ၂ သန်း‌လောက်ရှိတဲ့ အာဖရိကန် ဒရယ်အုပ်ကြီးနဲ့ မြင်းကျားအုပ်ကြီးတွေပါတဲ့ သားရိုင်းတိရစ္ဆာန် မဟာအစုအဝေး (The Swarm) ကြီးတွေရဲ့ ရှင်သန်ခြင်းဆိုင်ရာ မွေးရာပါအသိ၊ ဘဝပေးအသိနဲ့ သဘောသဘာဝတွေကို စွန့်စွန့်စားစား တင်ပြရင်း အသက်ကို စွန့်စားကူးဖြတ်ရတဲ့ နယ်မြေသစ်ဆီ အုပ်ဖွဲ့ ရွေ့လျားကူးပြောင်းမှုကြီးတွေကို ဆုံးဖြတ် အကောင်အထည်ဖော်ဖို့ အစပျိုးမှတ်နဲ့ လှုံ့ဆော်ချက်တွေကို မီးမောင်းထိုးပြသွားခဲ့ပါတယ်။

အချိန်မရွေး တိုက်ခိုက်သတ်ဖြတ် စားသောက်တတ်တဲ့ ခြင်္သေ့၊ ကျားသစ်၊ ခွေးရွှေ၊ ခွေးအ စတဲ့ အသားစား အရိုင်းသတ္တဝါကြီးတွေ စောင့်ကြိုနေတာမို့ ကြောက်မက်ဖွယ် အန္တရာယ်များတဲ့ ခရီးကြမ်းတလျှောက်မှာ အာဖရိကန် ဒရယ်အုပ်ကြီးဟာ သက်တောင့်သက်သာ ခံစစ်ဖွဲ့စည်းပုံနဲ့ တရွေ့ရွေ့ တန်းစီချီတက်ကြတာကို ကြည့်ရှုခဲ့ရပါတယ်။ ခြင်္သေ့တွေက ချောင်းမြောင်းပြီး ရုတ်တရက် တိုက်ခိုက်လာတာနဲ့ ချက်ချင်း အလိုက်သင့် အတိုးအဆုတ်လုပ်ပြီး အစုအဖွဲ့မပျက်ဘဲ ရန်သူကို ကွေ့ဝိုက်ရှောင်ရှား လွတ်မြောက်နိုင်တာ တွေ့ရပါတယ်။

ဒီလို ရန်သူရဲ့တိုက်ခိုက်မှုကို အကောင်းဆုံး ရင်ဆိုင်နိုင်ဖို့ မဟာအစုအဝေး (The Swarm) ကြီးတွေရဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ အုပ်စုဝင်တိုင်း မပျက်မကွက် လိုက်နာကြတဲ့ စည်းမျဉ်း ၃ မျိုးကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။ မိမိနဲ့ကပ်လျက်က မျိုးတူအုပ်စုဝင် အိမ်နီးချင်းနဲ့ သိပ်ဝေးမသွားအောင် အကွာအဝေးကို ထိန်းသိမ်းထားခြင်း (Don't get too far away from your neighbor)

၂။ မိမိနဲ့ကပ်လျက်က မျိုးတူအုပ်စုဝင် အိမ်နီးချင်းနဲ့ သိပ်ကပ်မသွားအောင် အကွာအဝေးကို ထိန်းသိမ်းထားခြင်း (Don't get too close to your neighbor)

၃။ မိမိနဲ့ကပ်လျက်က မျိုးတူအုပ်စုဝင် အိမ်နီးချင်းက ကွေ့ရင် ကိုယ်လည်း လိုက်ပါကွေ့ပါ (If your neighbor turns, you turn)

အဲဒီ စည်းမျဉ်း ၃ မျိုးကို လိုက်နာရုံနဲ့ ကောင်းကင်တခုလုံး ပြည့်လုနီးပါး သန်းနဲ့ချီတဲ့ ငှက်အုပ်ကြီးဟာ တကောင်နဲ့တကောင် မထိခိုက် မတိုက်မိဘဲ အရှိန်ပြင်းစွာ ကွေ့ဝိုက်ပျံဝဲလို့ ရန်သူငှက်မုဆိုးကြီးတွေရဲ့ရန်က လွတ်မြောက်အောင် ရင်ဆိုင်နိုင်ကြတာကို မှင်တက်အံ့ဩရလောက်တဲ့ ပြကွက်တွေနဲ့ ရိုက်ပြထားပါသေးတယ်။

အဲဒီအချက်တွေအပြင် မဟာအစုအဝေး (The Swarm) အာဖရိကန် ဒရယ်အုပ်ကြီးတွေဟာ အရေးအကြီးဆုံး သေရေးရှင်ရေးကိစ္စတွေအတွက် အစပျိုးမှတ်တွေမှာ အဆုံးအဖြတ်ပြုရတဲ့ စိတ်ဆန္ဒ သဘောထားတွေကို ဘယ်လိုစတင် ဆုံးဖြတ် အကောင်အထည် ဖော်ကြသလဲ ဆိုတာကို မိချောင်းအပြည့်နဲ့ မာရာမြစ်ကြီး (Mara River) ကို ကူးခဲ့ကြပုံတွေကို မှတ်တမ်းတင်ထားပါတယ်။

အစပိုင်း ဖြတ်ကူးပွိုင့်တ‌နေရာမှာ ဒရယ်တကောင်တည်းက စွန့်စားပြီး မာရာမြစ်ကို ဖြတ်ကူးကြည့်တော့ အသင့်စောင့်ကြိုနေတဲ့ မိချောင်းတွေရဲ့ ကိုက်ဖြတ်စားသောက်မှုကို ခံရတာကို မြင်ပြီး ကျန်တဲ့ အာဖရိကန်ဒရယ်တွေ ကိုယ်ရှိန်သတ်ခဲ့ရပြီး အဲဒီဖြတ်ကူးပွိုင့်ကို စွန့်ခွာလို့ နောက်ဖြတ်ကူးပွိုင့်တခုကို ပြောင်းခဲ့ကြပြန်ပါတယ်။

အဲဒီဖြတ်ကူးပွိုင့်မှာတော့ အာဖရိကန် ဒရယ်အုပ်ကြီးတွေ၊ မြင်းကျားအုပ်ကြီးတွေ မြစ်ကိုဖြတ်ကူးပြီး အစာရေစာပေါတဲ့ တဖက်ကမ်းကိုကူးဖို့ စုဝေးရောက်ရှိလာတာ ပိုများလာခဲ့ပါတယ်။ ဒီတခါမှာတော့ နေရှိန်ပြင်းထန်ပူလောင်မှု၊ လက်ရှိဘက်ခြမ်းမှာ အစာရေစာ ခန်းခြောက်ပြတ်လပ်မှု၊ တဖက်ကမ်းက စိမ်းလန်းစိုပြည် အစာရေစာ ပေါများမှုရဲ့ ဆွဲဆောင်မှုတွေဟာ ကြောက်မက်ဖွယ် မိချောင်းရန်ကို ဂရုမစိုက်အားတော့ဘဲ ဒရယ် ၄ ကောင် ၅ ကောင်ခန့်က အစပျိုး အချက်ပြလို့ မာရာမြစ်ထဲ ခုန်ဆင်းကူးခတ်ကြတဲ့အခါ ကျန်တဲ့ ထောင်ချီသောင်းချီတဲ့ ဒရယ်အုပ်ကြီး ခွာကဆုန်ပေါက်လို့ မြစ်ကမ်းနဖူးကနေ မြစ်ထဲကို ရဲဝံ့စွာခုန်ချပြီး ကူးခတ်ပြီး သမိုင်းဝင် ရွေ့လျားကူးပြောင်းမှုကြီးကို ကမ္ပည်းထိုးခဲ့ကြပါတော့တယ်။

ဧရာမဒရယ်အုပ်ကြီးရဲ့ မြစ်ထဲကို ကဆုန်ပေါက်ခုန်ချသံ၊ အော်ဟစ်ခေါ်ငင်သံတွေဟာ ကျယ်လောင်စွာ မြည်ဟိန်းခဲ့တာမို့ အနောက်ဘက် မိုင်များစွာဝေးတဲ့အရပ်မှာ ကျန်နေတဲ့ ဒရယ်အုပ်ကြီးတွေဟာ ကဆုန်ဆိုင်းပြေးလွှားလို့ သမိုင်းဝင် နယ်မြေသစ်ကူးပြောင်းမှု ဖြစ်စဉ်ကြီးမှာ လာရောက်ပူးပေါင်းကြတဲ့ မြင်ကွင်းဟာ အံ့ချီးဘနန်းပါပဲ။

ထောင်သောင်းချီတဲ့ အာဖရိကန်ဒရယ်အုပ်ကြီး တဝုန်းဝုန်း ခုန်ချကူးခတ်ကြတဲ့အခါမှာတော့ အစွယ်ပြူးပြူး မိချောင်းဘီလူးကြီးတွေရဲ့ ခေါင်းတွေပေါ်တောင် တက်နင်း ကျော်ဖြတ်ကြတာမို့ အသားစား မိချောင်းကြီးတွေတောင် ထွက်ပြေးရတဲ့အထိ မဟာအစုအဝေးကြီးတွေရဲ့ အရှိန်အဝါ ကြီးမားပုံနဲ့ အုပ်စုဝင်တွေအပေါ် အကာအကွယ်ပေးပုံတွေကို သတိမပြုဘဲ မနေနိုင်ခဲ့ပါဘူး။

တနည်းအားဖြင့်ပြောရရင် ထောင်ချီသောင်းချီတဲ့ အာဖရိကန်ဒရယ်အုပ်ကြီးဟာ တစုတစည်းတည်း ပေါင်းစည်းပြီး ခွန်အားကြီးမားတဲ့ ဧရာမ သက်ရှိအကောင်ကြီးတကောင်သဖွယ် အသားစားမိချောင်းကြီးတွေရှိတဲ့ သေမင်းတမန်မြစ်ကြီးကို ကူးဖြတ်ကျော်လွှားသွားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒီမှတ်တမ်းရုပ်ရှင် (Mind of The Swarm) နဲ့ဆက်စပ်ပြီး မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အဖိနှိပ်ခံ တိုင်းရင်းသား ရဟန်းရှင်လူ ပြည်သူလူထု မဟာအစုအဝေးကြီးရဲ့ သမိုင်းဝင် ရွေ့လျားကူးပြောင်းမှုကြီးတွေ အကြောင်းကို ဒီဆောင်းပါးမှာ ရေးပြချင်ပါတယ်။ ၁၉၈၈ ခုနစ် ဩဂုတ်လ ၈ ရက်နေ့မှာ စတင်ဖြစ်ပွားခဲ့တဲ့ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးဆိုတဲ့ သမိုင်းဝင်ကူးပြောင်းမှု ဖြစ်စဉ်ကြီး ဘယ်လိုစဖြစ်ပွားခဲ့သလဲဆိုတာ ဆောင်းပါးရှင်ကိုယ်တိုင် ရန်ကုန်မြို့တနေရာမှာ မျက်မြင်ကြုံတွေ့ခဲ့ရပါတယ်။

အဲဒီနေ့ မတိုင်ခင်မှာ ဘီဘီစီသတင်းဌာနကနေ ထူးခြားတဲ့ ရှစ်ဂဏန်း ၄ ခုဆုံတဲ့ ရှစ်ရက် ရှစ်လ ရှစ်ဆယ့်ရှစ် နေ့မှာ လူထုအုံကြွမှုကြီးတခု ဖြစ်လာနိုင်တဲ့ ကြိုတင်ခန့်မှန်းကြေညာမှုတွေ ရှိခဲ့တာမို့ ရန်ကုန်စက်မှုတက္ကသိုလ်နားက ကြို့ကုန်းအရပ်ထဲမှာ နေထိုင်နေတဲ့ ဆောင်းပါးရှင်ဟာ ဘာဖြစ်လာမလဲလို့ သိချင်တာမို့ ဩဂုတ်လ ၈ ရက် မနက် ၈ နာရီမထိုးခင် အင်းစိန် ဟီးနိုးဘတ်စကားဂိတ်နား သွားစောင့်ကြည့်နေခဲ့ပါတယ်။

တဖြည်းဖြည်းနဲ့ လူတွေစုဝေးလာရာကနေ ကြည့်နေရင်း အာဖရိကန်ဒရယ် ၄ ကောင် ၅ ကောင်ခန့်က အစပျိုး အချက်ပြလို့ မာရာမြစ်ထဲ ခုန်ဆင်း ကူးခတ်လိုက်သလိုမျိုး အင်းစိန်လမ်းမကြီး တနေရာကနေ ဘတ်စ်ကားဂိတ်ဘက် အဖြူစိမ်းဝတ်စုံနဲ့ ကျောင်းသားလေးတစုနဲ့ ဘုန်းတော်ကြီးတပါးဟာ ဝါးလုံးမှာချည်ထားတဲ့ အလံကိုထူလို့ အော်ဟစ် ချီတက်လာကြပါတယ်။ အဲဒီမှာ အနီးနားက လူအုပ်ကြီးကလည်း ရောနှောပူးပေါင်းလိုက်တဲ့အခါ မဟာအစုအဝေးကြီးရဲ့ သမိုင်းဝင် ရွေ့လျားကူးပြောင်းမှု စတင်ခဲ့ပါတော့တယ်။

အဲဒီနောက်တော့ အမြို့မြို့အနယ်နယ်မှာ ပြည်သူတွေ လမ်းပေါ်တက်လာကြပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ လူထုအရေးတော်ပုံကြီး ထစ်ချုန်းတုံဟီးလို့ တပါတီအာဏာရှင် မဆလပါတီနဲ့ နေဝင်း၊ စိန်လွင်၊ မောင်မောင် သမ္မတရူး ၃ ယောက်ကို ဆွဲဖြုတ်ချခဲ့ကြပါတယ်။ အဲဒီလိုမျိုး မဟာအစုအဝေးကြီးတွေရဲ့ သမိုင်းဝင် ရွေ့လျားကူးပြောင်းမှုတွေဟာ ၂၀၀၇ မှာ ဖြစ်ပွားခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေး၊ ၂၀၂၁ ခုနှစ် ဖြစ်ပွားခဲ့နဲ့ မြန်မာ့နွေ‌ဦးတော်လှန်ရေးနဲ့အတူ ၁၀၂၇ စစ်ဆင်ရေးလှိုင်းနဲ့ နောက်ဆက်တွဲ လှိုင်းတွေဟာ ရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာရှင်စနစ်ကို အပြီးတိုင် အဆင့်လိုက် ဖြိုချနေကြတာပဲ မဟုတ်ပါလား။

စစ်အာဏာလုယူမှုနဲ့ ပြည်တွင်းစစ်ဒဏ်ကြောင့် ‌အမြင့်ဆုံးအဆင့် အကျပ်အတည်းနဲ့ အငတ်ဘေး အသက်‌ဘေး ဆိုက်လာတာမို့ သမိုင်းလိုအပ်ချက်အရ ပြည်သူလူထုဆိုတဲ့ မဟာအစုအဝေးကြီးရဲ့ ရွေ့လျားကူးပြောင်းမှုကြီး နောက်ထပ်ဖြစ်ပွားလာမှာကို သိနေတဲ့ နိုင်ငံရေးသိတတ်နားလည်တဲ့ ဒေါက်တာတေဇာဆန်းဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်က မန္တလေးမြို့ပေါ်မှာ လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပြီး စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးမှာ အရေးပေါ်အခြေအနေ ဖြစ်တဲ့အတွက် ပြည်သူအားလုံး တတ်နိုင်တဲ့ဘက်က ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းခဲ့တာဟာ သူ့အတွက် အလွန်အန္တရာယ်ကြီးပေမဲ့ မြစ်ကူးဖို့ အစပျိုးမှတ်ကို ခလုတ်ဖြုတ်နေတာဟာ လေးစားဦးညွှတ် ဂုဏ်ပြုထိုက်ပါတယ်။

မြန်မာပြည်သူလူထု တရပ်လုံးကလည်း အစာရေစာ ငတ်မွတ်ခေါင်းပါးစေပြီး သူတပါးအသက်ကို သတ်ဖြတ်စားသောက်တတ်တဲ့ ခြင်္သေ့တွေ၊ မိချောင်းတွေနဲ့ သဏ္ဌာန်တူတဲ့ စစ်မကောင်းဆိုးဝါးတွေ ဗိုလ်ကျစိုးမိုးနေတဲ့ စစ်အာဏာရှင်စနစ်ကို ထားရစ်ခဲ့ပြီး အစာရေစာပေါများပြီး ငြိမ်းချမ်းသာယာစိုပြည်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတော်သစ်ကို တည်နိုင်ဖို့ ကမ္ဘာ့သမိုင်းမှာ တွင်ကျန်ရစ်မယ့် အကြီးကျယ် အခမ်းနားဆုံး မဟာအစုအ‌ဝေး ရွေ့လျားကူးပြောင်းမှုကြီး စတင်ရာမှာ ရဲရဲရင့်ရင့် ဝိုင်းဝန်းပါဝင်ကြဖို့ လိုပါကြောင်း အလေးအနက် ဆန္ဒပြုပါတယ်။

မင်းကောင်းချစ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013