DVB Logo
Home
မြန်မာသတင်း
ဗန်းမော်တိုက်ပွဲအတွင်း အရပ်သားဆယ်နှင့်ချီသေဆုံး၊ ၁၅၀ ခန့်ဒဏ်ရာရ
DVB
·
December 7, 2024
ဗန်းမော်တိုက်ပွဲအတွင်း အရပ်သားဆယ်နှင့်ချီသေဆုံး၊ ၁၅၀ ခန့်ဒဏ်ရာရ
Donate to DVB

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ပတ်လည်မှာ ဒီနေ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး တိုက်ပွဲအတွင်း  ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် အရပ်သားဆယ်နဲ့ချီသေဆုံးသလို ဒေသခံ ၁၅၀ ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်တလျှောက်က စစ်တပ်စခန်းတွေကို KIA ပူးပေါင်းတပ်က ဒီဇင်ဘာ ၄ ရက်နေ့စပြီး ထိုးစစ်ဆင်လို့ တိုက်ပွဲပြင်းထန်နေတာ ၄ ရက်မြောက်ရှိလာပြီး ဗန်းမော်မြို့တွင်း ရဲစခန်းအပါ တာမိုင်းလုံ၊ နမ်းဖား တက္ကသိုလ်အနီးပတ်ပတ်လည်နဲ့ မံစီမြို့စောင့်တပ် ခမရ ၆၀၁ တပ်ရင်းတို့မှာ တိုက်ပွဲဖြစ်နေဆဲဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ ဗန်းမော်၊ မံစီတိုက်ပွဲစဖြစ်တဲ့နေ့စကပြီး စစ်တပ်စခန်း လက်မလွတ်ရေးအတွက် တိုက်ပွဲဖြစ်နေတဲ့ နေရာအားလုံးကို လေကြောင်းနဲ့လှည့်ပတ်ပြီး ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

KIA ပူးပေါင်းတပ်က ဗန်းမော်မြို့ထဲကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဆက်လက်ပြင်းထန်နေသလို လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ဒေသခံပြည်သူ ၃၀ လောက်ရှိပြီး ထိခိုက်ဒဏ်ရာရသူ ၁၅၀ ထက်မနည်းရှိတယ်လို့ ဒေသခံတွေက DVB ကို ပြောပါတယ်။

ဗန်းမော်ဆေးရုံကို  ရောက်ရှိလာတဲ့စာရင်းအရ သေဆုံးသူအရပ်သား ၁၉ ယောက်ရှိတယ်လို့သိရပြီး မြို့ခံတယောက်ရဲ့ပြောဆိုချက်အရ ကလေး ၃ ယောက်၊ သီလရှင်ဆရာလေး ၅ ယောက်၊ သက်ကြီးရွယ်အို ၁၁ ယောက်နဲ့ အမျိုးသား ၁၄ ယောက် သေဆုံးတယ်လို့ သိရပေမဲ့ DVB အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

မြို့ခံတွေဟာ ဘေးလွတ်ရာတိမ်းရှောင်နေကြပြီး မိုးမောက်ကနေ ဗန်းမော်ကို စစ်ရှောင်လာတဲ့ အမျိုးသမီးတယောက်ကတော့ ဒုတိယအကြိမ် စစ်ဘေးရှောင်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“မိုးမောက်မှာလည်း ဒီလိုကြုံဖူးတော့ သူများတွေလည်းထွက်ကြပြီဆိုတော့ ပြင်ဆင်ထားတာပေါ့။ ပြင်ဆင်ထားပြီးတော့မှ ဒီမနက် (ဒီဇင်ဘာ ၆) စက်လှေဆိပ်ကနေ ထွက်လာခဲ့တယ်။ မိုးမောက်က အိမ်ကတော့ သူများအိမ်တွေ ပျက်စီးသွားတာအများကြီးရှိပေမယ့် ကျမတို့အိမ်က မပျက်စီးသေးဘူးလို့ တဆင့်စကားကြားရတာပေါ့။ အခုက ပါလာတဲ့ပိုက်ဆံတွေလည်း သုံးလို့ကုန်ပြီ။ အခုက ဒုတိယအကြိမ်မြောက် စစ်ရှောင်ရတာပဲ” လို့ ပြောပါတယ်။

လက်ရှိအချိန်ထိ မြို့ခံ ၄၀၀၀ ကျော်ဟာ ဧရာဝတီမြစ်ကြောင်းအတိုင်း နီးစပ်ရာဒေသတွေကို ထွက်ပြေးတိမ်းရှောင်နေကြပြီး မြို့အတွင်းမှာလည်း ဒေသခံတချို့ ကျန်နေသေးတယ်လို့ သိရပါတယ်။

ဒေသခံတယောက်က “မနက် ၇ နာရီ ဇေယျသုခကျောင်းကနေ ထွက်ခဲ့တယ်။ လူ ၁၀၀ ကျော်ရှိတယ်။ နည်းနည်းတော့ ကျန်သေးတယ်။ အားလုံးတော့မလာဘူး။ ကျောင်းမှာ ၃၅၆ ယောက်ရှိတယ်။ နောက်တဖြည်းဖြည်းဆို စားသောက်ဖို့ မလောက်တော့ဘူး။ ဒါကြောင့် ၆ ရက်နေ့ သောကြာနေ့က အခု ဆိပ်ကမ်းကိုရောက်ခဲ့ပြီ။ ဆီဈေးကြီးတော့ စက်လှေတစီးကို ၄ သိန်းပေးရတယ်။ ပစ္စည်းများရင် များသလို ထပ်ပေးရတယ်။ ကျနော်ကတော့ ၆ သိန်းပေးခဲ့ရတယ်” လို့ ပြောပါတယ်။

ကချင်ပြည်နယ် ဗန်းမော်နဲ့ မိုးမောက်အကြားမှာ စစ်ကောင်စီတပ်နဲ့ ၂ လကျော်ကြာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေခဲ့ရာက ဒီဇင်ဘာ ၄ ရက်နေ့မှာ KIA ပူးပေါင်းတပ်တွေဟာ ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ ဗန်းမော်မြို့ကို စတင်ထိုးစစ်ဆင်လိုက်တာ ဖြစ်ပါတယ်။

ဗန်းမော်ခရိုင်အတွင်း KIA ပူးပေါင်းတပ်က စစ်မျက်နှာ ၄ ခုဖွင့် ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး  ထိုးစစ်စတင်ခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်ကလည်း မံစီကနေ ဗန်းမော်မြို့ အဝင်ဘက်က ခလရ ၄၇ ဖန်းခါးကုန်းဂိတ်စခန်းနဲ့ ညောင်ပင်သာစခန်း အပါအဝင် စစ်ကောင်စီရဲ့ ကာကင်းတပ်စခန်း ၁၀ နေရာကျော်၊ တက္ကသိုလ်ကျောင်းတကျောင်းနဲ့ ရွာ ၈ ရွာ၊ သံချပ်ကာကားတစီး သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။

ဟန်န

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013