
အူရူအာပန်မြို့တော်ဝန် ကားလော့စ်မန်ဇို လုပ်ကြံသတ်ဖြတ်ခံရမှုမှာ နောက်ကွယ်က ကြိုးကိုင်သူလို့ ယူဆရသူတယောက်ကို မက္ကဆီကို အာဏာပိုင်တွေက ဇူလိုင် ၃၀ ရက်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ လုံခြုံရေးဝန်ကြီး အိုမာဂါစီယာဟာဖွှတ်ချ်က ဇူလိုင် ၃၁ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
"El R1" လို့ လူသိများတဲ့ ရာမွန်အန်ဂျယ်လ်ကို ဟာလစ္စကိုပြည်နယ်၊ အာတိုတိုနီးလ်ကိုအယ်လ် အာလ်တိုမြို့မှာ မက္ကဆီကို စစ်တပ်အထူးတပ်ဖွဲ့နဲ့ ဖက်ဒရယ် လုံခြုံရေးအေးဂျင့်တွေ ပူးပေါင်းပြီး တခြားသူတယောက်နဲ့အတူ ဖမ်းဆီးခဲ့တာပါ။
ဝန်ကြီး ဟာဖွှတ်ချ်ရဲ့ ပြောကြားချက်အရ အန်ဂျယ်လ်ဟာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဟာလစ္စကို မျိုးဆက်သစ်ဂိုဏ်း ကွန်ရက်နဲ့ ဆက်စပ်နေတဲ့ "Los Rs" ဒုစရိုက်ဂိုဏ်းရဲ့ ခေါင်းဆောင် ဖြစ်ပါတယ်။
အဲဒီဒုစရိုက်ဂိုဏ်းဟာ အမေရိကန်ကို မူးယစ်ဆေးဝါး မှောင်ခိုသွင်းတာ၊ ပြိုင်ဘက်ဂိုဏ်းတွေကို တိုက်ခိုက်တာတွေအပြင် မီချိုဝါကန်ပြည်နယ်ထဲမှာ ပြင်းအားမြင့် လက်နက်တွေ သုံးပြီး နယ်မြေ လုတာ၊ သံပုရာနဲ့ ထောပတ်သီး စိုက်ပျိုးသူတွေ၊ ကုန်သည်တွေနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေဆီကနေ ဆက်ကြေးတောင်းတာတွေကို လုပ်ဆောင်ခဲ့တာပါ။
စုံစမ်းစစ်ဆေးမှု သတင်းအချက်အလက်တွေအရ အန်ဂျယ်လ်ဟာ မြို့တော်ဝန် မန်းဇိုးကို သတ်ဖြတ်ဖို့ အမိန့်ပေး၊ ငွေကြေး ထောက်ပံ့ရုံတင် မဟုတ်ဘဲ ဆုံးဖြတ်ချက်ချတာနဲ့ စီမံကိန်းဆွဲတဲ့ နေရာတွေမှာပါ တိုက်ရိုက် ပါဝင်ခဲ့တာကို စိစစ်တွေ့ရှိခဲ့တယ်လို့ လုံခြုံရေးဝန်ကြီး ဟာဖွှတ်ချ်က ပြောပါတယ်။
ဖက်ဒရယ်နဲ့ ပြည်နယ်တရားလိုပြ ရှေ့နေတွေက သူ့ကို အဓိက ကြိုးကိုင်သူအဖြစ် စွပ်စွဲနိုင်ဖို့ ခိုင်မာတဲ့ သက်သေအထောက်အထားတွေကို ရှေ့လာမဲ့ တရားရုံး ကြားနာမှုတွေမှာ တင်ပြ သွားမယ် လို့ ဆိုပါတယ်။
ဒီအမှုနဲ့ ပတ်သက်ပြီး အကောင်အထည်ဖော်သူ၊ ကြိုးကိုင်သူ၊ စည်းရုံးရေးမှူး၊ ထောက်ပံ့ပို့ဆောင်သူနဲ့ ပြစ်မှုကျူးလွန်သူတွေကို ပုန်းအောင်းနိုင်အောင် ကူညီပေးခဲ့သူအပါအဝင် စုစုပေါင်း ၃၁ ယောက်ကို ဖမ်းဆီး တရားစွဲဆိုထားပြီး ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ် နိုဝင်ဘာလက မြို့တော်ဝန် မန်းဇိုး သတ်ဖြတ်ခံရမှုဟာ မက္ကဆီကို တနိုင်ငံလုံးကို တုန်လှုပ်စေခဲ့ပြီး မီချိုဝါကန် ပြည်နယ်အတွင်း လုံခြုံရေး အားနည်းမှုနဲ့ ပတ်သက်လို့ ဆန္ဒပြမှုတွေ အပြင်းအထန် ဖြစ်ပွားခဲ့တာကြောင့် သမ္မတ ကလောက်ဒီယာ ရှိန်းဘောင်းမ်က အဲဒီပြည်နယ်ထဲကို လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀,၅၀၀ ထက်မနည်း စေလွှတ်ခဲ့ရပါတယ်။
သတ်ဖြတ်ခံလိုက်ရတဲ့ မြို့တော်ဝန်ဟာ ဂိုဏ်းဖွဲ့ကျူးလွန်တဲ့ ဒုစရိုက်မှုတွေကို အစိုးရက အရေးယူ ဆောင်ရွက်ခြင်း မရှိတာကို ပွင့်ပွင့်လင်းလင်း ဝေဖန်လေ့ရှိသူအဖြစ် ကျော်ကြားပြီး အခုခါ သူ့ရဲ့ဇနီးဖြစ်သူ ဂရီစီယာကီရို့ဇ်က မြို့တော်ဝန်အဖြစ် ဆက်ခံဆောင်ရွက်နေပါတယ်။
Source:Reuters










