
အလုပ်အကိုင် အခွင့်အလမ်း ရှားပါးလာတာကြောင့် ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတချို့ လုပ်ငန်းရပ်ဆိုင်းလိုက်ရတာတွေ ရှိတယ်လို့ အဲဒီလုပ်ငန်း လုပ်ကိုင်နေသူတွေဆီက သိရပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် စီးပွားရေးကျဆင်းလာလို့ လုပ်ငန်းတချို့ ပိတ်သိမ်းတာ၊ လုပ်ငန်းချုံ့ပြီး လုပ်သားအင်အားလျှော့တာ၊ လုပ်ငန်းအသစ်တိုးချဲ့မှု လျော့နည်းလာတာကြောင့် လုပ်သားအသစ် ခေါ်ယူတာတွေပါ ကျဆင်းနေတယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် အလုပ်အကိုင် ရှာဖွေချိတ်ဆက်ပေးနိုင်မှု နည်းလာလို့ ပြည်တွင်း အလုပ်အကိုင် အေဂျင်စီတချို့အနေနဲ့ ဆက်မတောင့်ခံနိုင်ဘဲ ရပ်နားကြတာတွေ ရှိလာတယ်လို့ အေဂျင်စီ လုပ်ငန်းရှင်တချို့က ဆိုပါတယ်။
လုပ်သက်ရင့် ပြည်တွင်းအလုပ်အကိုင်အေဂျင်စီ လုပ်ငန်းရှင်တယောက်က “အချိတ်အဆက် ကောင်းကောင်းမရှိရင် ဆက်ရပ်တည်ဖို့ မလွယ်ဘူး။ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှုက တဖြည်းဖြည်း ဆိုးလာတာလေ။ ဒီနှစ်ပိုင်းထဲမှာကို လိုင်စင်ပြန်အပ်လိုက်တဲ့သူတွေ ရှိနေတာ” လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ နှစ်ဆန်းပိုင်းက ပြည်တွင်းအလုပ်အကိုင်အေဂျင်စီ ၉၀ နီးပါး ရှိခဲ့ပြီး ဒီဇင်ဘာ ၄ ရက် နောက်ဆုံးထုတ်ပြန်တဲ့ စာရင်းမှာ အေဂျင်စီ ၇၆ ခုပဲ ရှိတော့တာ တွေ့ရပါတယ်။
ကျန်ရှိတဲ့ ပြည်တွင်းအလုပ်အကိုင်အေဂျင်စီတွေ အနေနဲ့လည်း ရသလောက် တောင့်ခံပြီး လုပ်ကိုင်နေကြရတယ်လို့ အဲဒီလုပ်ငန်းနဲ့ နီးစပ်သူတွေက ဆိုပါတယ်။
ပြည်တွင်းအလုပ်အကိုင်အေဂျင်စီတွေအနေနဲ့ တလကို အလုပ်အကိုင် အခွင့်အလမ်း ၅၀၀ ချိတ်ဆက်ရှာပေးရမယ်ဆိုတဲ့ စည်းကမ်းချက်ရှိပေမဲ့ ပြည့်မီဖို့ ခက်ခဲနေတယ်လို့လည်း သူတို့က ပြောပါတယ်။
အခုလို ပြည်တွင်းအလုပ်အကိုင်အေဂျင်စီ အရေအတွက် လျော့နည်းလာပေမဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီ အရေအတွက်ကတော့ အာဏာသိမ်းပြီးနောက် တရှိန်ထိုး မြင့်တက်လာတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။
အာဏာမသိမ်းခင်က ပြည်ပအလုပ်အကိုင်အေဂျင်စီ ၃၀၀ လောက်သာ ရှိရာကနေ လက်ရှိမှာ အေဂျင်စီ ၆၀၀ ကျော်အထိ ရှိလာတာဖြစ်ပါတယ်။