DVB Logo
Home
Lead Story
ဗုဒ္ဓသာသနာ၊ ကျား-မ တန်းတူညီမျှရေးနဲ့  ဘိက္ခုနီ ဖရိုဒ်ဂါ့ဒ် လော့တာမိုဇာ
DVB
·
December 3, 2024
ဗုဒ္ဓသာသနာ၊ ကျား-မ တန်းတူညီမျှရေးနဲ့  ဘိက္ခုနီ ဖရိုဒ်ဂါ့ဒ် လော့တာမိုဇာ
Donate to DVB

ဖရိုဒ်ဂါ့ဒ် လော့တာမိုဇာ (Friedgard Lottermoser) ဟာ ၂၀၂၄ ခုနှစ်၊ သြဂုတ် ၈ ရက်က ဂျာမနီနိုင်ငံမှာ ရောဂါဇာစ်မြစ်မသိရတဲ့၊ သေဆုံးစေနိုင်လောက်တဲ့ ကင်ဆာရောဂါတမျိုးနဲ့ ဆုံးပါးကွယ်လွန်သွားပါတယ်။

အရှေ့တိုင်းနဲ့ အနောက်တိုင်း စိတ်ဓာတ်ရေးရာ သွန်သင်ဆုံးမမှုတွေ ပေါင်းစပ်ပြီး ဘဝတလျှောက်လုံး နှစ်မြှုပ်လေ့လာ၊ ကျင့်သုံးခဲ့တဲ့ ဖရိုဒ်ဂါ့ဒ်ရဲ့ ဘဝခရီးရှည်ဟာ သိမ်မွေ့ညင်သာတဲ့ မိမိတကိုယ်ရေ ပြုပြင်ပြောင်းလဲမှုနဲ့ ကမ္ဘာအနှံ့ ဝိပဿနာတရား ပြန့်ပွားရေးအတွက် ထူးခြားတဲ့ အားပေးမှုတွေဟာ မှတ်သားထိုက်လှပါတယ်။ မြန်မာနိုင်ငံရဲ့ ကြည်ညိုလေးစားဖွယ် ဝိပဿနာနည်းပြပုဂ္ဂိုလ်တွေထဲက တဦးဖြစ်တဲ့ ဆရာကြီး ဦးဘခင်ရဲ့ သွန်သင်ဆုံးမမှုအောက်မှာ သူဟာ သတိစွမ်းအားကြီးခြင်းရဲ့ သက်သေသာဓကတခု ဖြစ်လာခဲ့ပါတယ်။

ဖရိုဒ်ဂါ့ဒ်ကို ၁၉၄၂ ခုနှစ် ဂျာမနီနိုင်ငံမှာ မွေးဖွားခဲ့ပြီး နိုင်ငံရဲ့ ကြီးမားတဲ့ ပြိုလဲမှုကာလ အတောအတွင်းနဲ့ ပြန်လည်တည်ဆောက်ရေးကာလအတွင်းမှာ လူလားမြောက် ကြီးပြင်းခဲ့ရပါတယ်။ သူ့ရဲ့ ဘဝအစောပိုင်းဟာ ဒုတိယကမ္ဘာစစ်ရဲ့ အပျက်အစီးတွေနဲ့ ရက်စက်တဲ့ အာဏာရှင်စနစ်အောက်မှာ နှစ်ပေါင်းများစွာ ခံစားကြရတဲ့ လူ့အဖွဲ့အစည်းတခုရဲ့ အသက်ရှင်နေထိုင်ရေး စိန်ခေါ်မှုပေါင်းများစွာရဲ့ ပုံသွင်းခြင်းကို ခံခဲ့ရပါတယ်။ ဒါပေမဲ့ ခက်ခဲမှုတွေကြားကပဲ ဖရိုဒ်ဂါ့ဒ်ရဲ့ ဒီကြီးပြင်းဆဲကာလတွေဟာ သူ့ဘဝကို ထူးခြားထင်ရှားစေခဲ့တဲ့၊ ပြန်လည်နာလန်ထူနိုင်စွမ်းနဲ့ လိုက်လျောညီထွေ နေနိုင်စွမ်းတွေကို တဖြည်းဖြည်းချင်း မွေးမြူ ဖြစ်ပေါ်လာစေခဲ့ပါတယ်။

စစ်ကြီးပြီးတဲ့နောက် အချိန်ကာလတခုမှာတော့ ဖရိုဒ်ဂါ့ဒ်ရဲ့မိခင်ဟာ နောက်အိမ်ထောင် ပြန်လည်ထူထောင်ခဲ့ပါတယ်။ သူ့အမေရဲ့ နောက်အိမ်ထောင် အမျိုးသားဟာ မြန်မာပြည်က လက်နက်စက်ရုံတွေ တည်ထောင်ရာမှာ ပါဝင်ခဲ့တဲ့ ဂျာမန်ကုမ္ပဏီတခုဖြစ်တဲ့ Fritz Werner မှာ အလုပ်အကိုင်တခု ရရှိခဲ့ပြီး ဖရိုဒ်ဂါ့ဒ်ဟာ အဲဒီအချိန်မှာ ၁၇ နှစ်သမီးသာ ရှိသေးကာ သူ့ရဲ့ မိသားစုနဲ့အတူ မြန်မာပြည်မှာ ပြောင်းရွှေ့နေထိုင်ခဲ့ရပါတယ်။ အဲဒါကပဲ သူ့ဘဝလမ်းကြောင်းကို အမြဲတမ်း ပြောင်းလဲသွားစေမယ့် အပြောင်းအလဲတခု ဖြစ်ခဲ့ပါတယ်။ ဖရိုဒ်ဂါ့ဒ်ရဲ့ မြန်မာပြည်သူတွေနဲ့ မြန်မာ့ယဥ်ကျေးမှု ဓလေ့ထုံးတမ်းတွေနဲ့ နက်နက်ရှိုင်းရှိုင်း ပတ်သက်မှုရဲ့ အစ ဖြစ်ခဲ့ပြီး မြန်မာပြည်ဟာလည်း သူ့စိတ်ဝိညာဥ်ရဲ့  အမြဲတမ်းအိမ် ဖြစ်လာခဲ့ပါတော့တယ်။

သူ့မိသားစု မြန်မာပြည်မှာနေတဲ့ အစောပိုင်းနှစ်တွေကိုတော့ ရန်ကုန်မှာပဲ ကုန်လွန်စေခဲ့ကြပြီးတော့ ရန်ကုန်မြို့ရဲ့ အင်းလျားကန်စောင်းပေါ်က ထူးခြားဆန်းပြားပြီး တသီးတသန့် တည်ရှိနေတဲ့ တရုတ်နန်းတော်ဆန်ဆန် အိမ်ကြီးတလုံးမှာ နေထိုင်ခဲ့ကြပါတယ်။ ထူထပ်ပြီး စိမ်းလန်းစိုပြည်နေတဲ့ ကြီးလွယ်ဖြစ်လွယ်တဲ့ သဘာဝသစ်ပင် ဝါးပင်ရိုင်းတွေနဲ့ ခြံဝင်းကြီးနဲ့ အိမ်အသစ်ဟာ ဖရိုဒ်ဂါ့ဒ်အတွက် စူးစမ်းချင်စိတ်နဲ့ မြန်မာပြည်ကို ပိုမိုလေ့လာချင်စိတ်တွေ ပေါက်ဖွားစေခဲ့တယ်။ ယဥ်ကျေးမှု ဓလေ့ထုံးတမ်းတွေနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ဆုံးမသွန်သင်မှု အစဥ်အလာတွေကို လေ့လာမိစေခဲ့တဲ့ လမ်းကြောင်းပေါ်ကို ဦးတည်ရောက်ရှိလာစေဖို့ ညွှန်ပြပေးသလိုလည်း ဖြစ်ခဲ့ပါတယ်။

မြန်မာလူမျိုးတွေရဲ့ နေထိုင်မှုပုံစံကို စွဲမက်ရာက မြန်မာဘာသာစကားကို ဖရိုဒ်ဂါ့ဒ်တယောက် စတင်လေ့လာခဲ့ပြီး မြန်မာ့လူ့အဖွဲ့အစည်းထဲမှာလည်း တဖြည်းဖြည်းချင်း ထဲထဲဝင်ဝင် နှစ်မြှုပ်နေထိုင်လာခဲ့ပြီး နောက်ဆုံး အဲဒီခေတ်က နိုင်ငံခြားသူတယောက်အတွက် လုပ်လေ့လုပ်ထမရှိတဲ့ မိမိကိုယ်ကိုယ် ဒေါ်ဥမ္မာခင်လို့ မြန်မာနာမည်ပေးတဲ့အထိ ပြုလုပ်ခဲ့ပါတယ်။

ဗုဒ္ဓဘာသာမှာ သူ စပြီး စိတ်ဝင်စားမိလာခဲ့တာကလည်း ရန်ကုန်မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာဝိပဿနာရိပ်သာ (International Meditation Centre) ကို ရောက်ရှိစေခဲ့ပြီး အဲဒီမှာပဲ ဝိပဿနာတရားပြ ရှေ့ဆောင်ဦးရွက် ဆရာကြီးတဦးဖြစ်တဲ့ ဆရာကြီးဦးဘခင်ကို တွေ့ဆုံခွင့်ရခဲ့ပါတယ်။ သူ့မိခင်ရဲ့ အမျိုးသားဟာ ဆရာကြီးဦးဘခင်နဲ့ မိတ်ဆွေ အရင်းအချာတွေလည်း ဖြစ်သလို အရင်က ဆရာကြီးရဲ့ ဂျာမနီခရီးစဥ်တခုကိုလည်း စီစဥ်ပေးခဲ့ဖူးသူ ဖြစ်ပါတယ်။ ဒါတွေကပဲ ဖရိုဒ်ဂါ့ဒ်ရဲ့ဘဝမှာ အရေးပါတဲ့ အလှည့်အပြောင်း ကာလတခု ဖြစ်စေခဲ့ပါတယ်။ ဒီ ကြီးမြတ်တဲ့ ဝိပဿနာ ဆရာသခင်ရဲ့ လမ်းညွှန်မှုနဲ့ ဖရိုဒ်ဂါ့ဒ်ဟာ ဝိပဿနာတရားအားထုတ်မှုမှာ သူ့ကိုယ်သူ နှစ်မြှုပ်ခဲ့ပြီး ဆရာကြီးဦးဘခင်ရဲ့ အပြည်ပြည်ဆိုင်ရာ ဝိပဿနာရိပ်သာမှာ ဆယ်စုနှစ်တခုကျော်ကြာ အားထားရတဲ့ တပည့်တဦး ဖြစ်ခဲ့ပါတယ်။ ဆရာကြီးရဲ့ ရိုးရှင်းပြီး သိမ်မွေ့တဲ့ တရားပြမှုတွေကို အထူးပဲ နှစ်ခြိုက် စိတ်ဝင်စားခဲ့ပါတယ်။

ဖရိုဒ်ဂါ့ဒ်ဟာ သူ့ရဲ့ မြန်မာပြည်မှာ ရှိနေခဲ့တဲ့ အချိန်တွေအတွင်းမှာပဲ ဝေဘူဆရာတော်ကြီးနဲ့ မဟာဂန္ဓာရုံဆရာတော်ကြီးတို့ နှစ်ပါးလုံးကို အချိန်တခုကြာအောင် ဖူးတွေ့ဆည်းကပ်ခွင့် ရခဲ့ပါတယ်။ ရဟန္တာလို့ ကျော်စောတဲ့ ဝေဘူဆရာတော်ကြီးရဲ့ သတိပဋ္ဌာန်အကျင့် (အာနာပါနဿတိ) အားထုတ်ဖို့ အမြဲအလေးအနက်ထား၊ ဆုံးမသွန်သင်ခဲ့မှုတွေဟာ ထင်ရှားသလို ဆရာတော်ကြီးရဲ့ ဆုံးမဟောပြမှုတခုကပဲ ဖရိုဒ်ဂါ့ဒ်ရဲ့ ဝိပဿနာခရီးရှည် လျှောက်လှမ်းမှုအပေါ် သိမ်မွေ့စွာ လွှမ်းမိုးမှုရှိခဲ့ပါတယ်။ ဒါ့အပြင် အမရပူရမြို့က ဝိနည်းအထူးရိုသေပြီး ပရိယတ္တိပညာရေးမှာ ကျော်စောထင်ရှားတဲ့ မဟာဂန္ဓာရုံ ဆရာတော်ကြီးထံမှာ ဗုဒ္ဓဝါဒကို လေ့လာဖို့ ဖရိုဒ်ဂါ့ဒ်တယောက် မဟာဂန္ဓာရုံကျောင်းတိုက်မှာ တက်ရောက်လေ့လာခွင့် ရှားရှားပါးပါး ရခဲ့ပြန်ပါတယ်။

ဒီလို စိတ်ဆုံးမမှု အလေ့အကျင့်ကို အားစိုက်ကျင့်ကြံနေစဥ်မှာပဲ ဖရိုဒ်ဂါ့ဒ်ဟာ ရန်ကုန်တက္ကသိုလ်မှာ နိုင်ငံခြားသားကျောင်းသား အနည်းအကျဥ်းထဲက တဦးအဖြစ် တက္ကသိုလ်ပညာရေး တက်ရောက် သင်ယူခဲ့ပါတယ်။ အဲဒီနောက်မှာတော့ မန္တလေးတက္ကသိုလ်ကို ဆက်လက်တက်ရောက်ပြီး အဲဒီကနေပဲ ၁၉၆၉ ခုနှစ်မှာ ‘လူမှုဆက်ဆံရေးဝါဒ’ လို့ အမည်ပေးထားတဲ့ မဟာဘွဲ့စာတမ်း(ကျမ်း)နဲ့ ပါဠိမဟာဘွဲ့ ရရှိခဲ့ပါတယ်။ အမှန်တကယ်ပဲ သူ့ရဲ့ စာပေပညာ လေ့လာအားထုတ်မှုတွေက ဘွဲ့ဒီဂရီသက်သက် ရရုံမဟုတ်ဘဲ သူနေထိုင်နေတဲ့ ယဥ်ကျေးမှုဓလေ့ထုံးတမ်းတွေနဲ့ သမိုင်းကြောင်းဆိုင်ရာ အခြေအနေတွေကို ပိုမိုနက်နက်ရှိုင်းရှိုင်း နားလည်လာစေခဲ့ပါတယ်။ ဒီအသိပညာကပဲ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်အားထုတ်မှုတွေကို ပိုမိုအားကောင်းလာစေခဲ့ပြီး မြတ်ဗုဒ္ဓရဲ့ အဆုံးအမတွေနဲ့ ဝိပဿနာ အကျင့်တရားကို ပိုမိုလေးနက်စွာ ချိတ်ဆက်နားလည်စေလာပါတယ်။ သူ့ရဲ့ မြန်မာ့ယဥ်‌ကျေးမှုမှာ သက်ဝင်နိုင်စွမ်းဟာ ဝိပဿနာတရားအားထုတ်မှုနဲ့ ပေါင်းစပ်ပြီးတဲ့အခါမှာ သူ့ဘဝရဲ့ ရည်မှန်းချက်လမ်းကြောင်းကို ထင်ရှားစေခဲ့ကာ စာပေလေ့လာမှုတွေနဲ့ စိတ်ပဲ့ပြင်ရေး အလေ့အကျင့်တွေ/အားထုတ်မှုတွေဟာ နောင်တချိန် တကမ္ဘာလုံးဆိုင်ရာ သတိပဋ္ဌာန်လမ်းစဥ် (ဝိပဿနာကျင့်စဥ်) ပြန့်ပွားရေး လှုပ်ရှားမှုကြီးအတွက် လက်တွေ့မြေပြင် ကွင်းဆင်းနေခဲ့တာပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ သူ့ရဲ့ တက္ကသိုလ်‌ကျောင်းသူဘဝဟာ မြန်မာပြည်ရဲ့ ထင်ရှားတဲ့ ရုတ်ခြည်း ယိုယွင်းပြောင်းလဲမှုနဲ့လည်း တိုက်ဆိုင်နေခဲ့ပြန်ပါတယ်။ ဗိုလ်ချုပ်နေဝင်း ဦးဆောင်တဲ့ ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းမှုဟာ မြန်မာပြည်မှာ ဆယ်စုနှစ်ချီ ကြာမြင့်မယ့် စစ်အုပ်ချုပ်ရေး ကာလရဲ့ အစကို ဖြစ်ပေါ်စေခဲ့ပါတယ်။ ဒီလို နိုင်ငံရေးမတည်ငြိမ်မှု အကြီးစား ဖြစ်ပေါ်လာချိန်မှာ နိုင်ငံခြားသား တော်တော်များများဟာ နိုင်ငံတွင်းကထွက်ခွာဖို့ ဖြစ်လာခဲ့ပြီးတော့ ဖရိုဒ်ဂါ့ဒ် မိသားစုဟာလည်း ဂျာမနီကို ပြန်ဖို့ အထုပ်ပြင်ခဲ့ကြရပါတော့တယ်။ ဒါပေမဲ့ ဖရိုဒ်ဂါ့ဒ် ကိုယ်တိုင်ကတော့ သူရဲ့ ဝိပဿနာကျင့်စဥ်နဲ့ လေ့လာမှုတွေကို ဆက်လုပ်ဖို့ မြန်မာပြည်မှာ မတုန်မလှုပ် ဆက်နေဖြစ်ခဲ့ပါတယ်။ ကံကောင်းချင်တော့ သူအဲ့လို ဆက်နေခွင့်ရဖို့ ရှားရှားပါးပါး ပညာတော်သင်ဆုတခု ရရှိခဲ့ပါတယ်။

ဆယ်စုနှစ်တခုနီးပါး ကြာပြီးတဲ့နောက် ၁၉၇၁ ခုနှစ်မှာတော့ ဖရိုဒ်ဂါ့ဒ်ဟာ ပါဠိဒေါက်တာဘွဲ့ယူဖို့ ဂျာမနီကို ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် ပြန်ဖြစ်ပြီး မြန်မာနိုင်ငံက ထွက်ခွာလာခဲ့ပါတယ်။ ၁၉၇၀ ပြည့်နှစ်တွေမှာ ဖရိုဒ်ဂါ့ဒ်ဟာ ဆရာကြီးဦးဘခင်ရဲ့ တပည့်သားမြေး အစဥ်အဆက် ကမ္ဘာအနှံ့ ထွက်ပေါ်လာရေးမှာ အားပေးကူညီခဲ့လို့ ဆရာကြီးရဲ့ တပည့်စဥ်ဟာ ဥရောပမှာ ခြေကုပ်ရယူနိုင်ခဲ့ပါတယ်။ သူဟာ ရောဘတ်ဟိုဗာ၊ ရုသ်ဒန်နီဆန်နဲ့ ဂျွန် ကိုးလ်မန်းတို့လို (ဥရောပ ဝိပဿနာ တရားနည်းပြတွေ ဖြစ်လာမယ့်) သူတွေအတွက် ဝိပဿနာသင်တန်းတွေ ဖွင့်လှစ်ရေး ကူညီဆောင်ရွက်ပေးခဲ့သလို တဖက်မှာလည်း ဆရာကြီး ဦးဂိုအင်ကာတို့လို (ဆရာကြီးဦးဘခင်ရဲ့) တခြားတပည့်တွေနဲ့ ပူးပေါင်းဆောင်ရွက် လုပ်ဆောင်ခဲ့ပါတယ်။

ဖရိုဒ်ဂါ့ဒ်ရဲ့ နောက်ပိုင်းနှစ်တွေမှာတော့ ဗုဒ္ဓဘာသာရေး ကြိုးပမ်းအားထုတ်မှုတွေဟာ ပိုမိုနက်ရှိုင်း သက်ဝင်လာခဲ့ပြီး ဘိက္ခုနီမတဦးအဖြစ် ခံယူခဲ့ပါတယ်။ သာမဏေမတပါးအဖြစ် သင်္ကန်း စဝတ်တဲ့ ပါဠိဘွဲ့အမည် ‘အကဉ္စနာ’ လို့ မှည့်တွင်ခဲ့ပါတယ်။ ဘိက္ခုနီမအဖြစ် သာသနာ့ဘောင် ဝင်ရောက်မှုဟာ သူ့ရဲ့ ‘စိတ္တာနုပဿနာကျင့်စဥ်ခရီး’ မှာ ထင်ရှားတဲ့ ခြေလှမ်းအဖြစ် မှတ်ယူရမှာဖြစ်ပြီး တရားဓမ္မမှာ သူ့ဘဝတလျှောက် နှစ်မြှုပ်အားထုတ်မှုကိုလည်း ထင်ဟပ်စေမှာ ဖြစ်ပါတယ်။ သူ့ရဲ့ ခံယူချက်က မြန်မာပြည်နဲ့ တခြားနေရာတွေမှာ ဘိက္ခုနီသာသနာ ကွယ်ပျောက်ခဲ့ရတာဟာ အမျိုးသမီးတွေအတွက် ဆုံးရှုံးမှုသာမက ထင်ရှားတဲ့ သမိုင်းဝင် လစ်ဟင်းမှုကြီးတခုအနေနဲ့လည်း သူက ရှုမြင်ပါတယ်။ ဘိက္ခုနီသာသနာ ပြန်လည်ရှင်သန်လာရေးအတွက် ကြီးမားတဲ့ အလားအလာရှိတယ်လို့ အကဉ္စနာက ယုံကြည်ပြီးတော့ ဗုဒ္ဓဘာသာဝင် လူ့အသိုက်အဝန်းအကြား ကျား-မ တန်းတူညီမျှရေးအတွက် မဖြစ်မနေ လျှောက်လှမ်းဖို့ လိုအပ်တဲ့ ခြေလှမ်းတလှမ်းလို့ နားလည်ယုံကြည်မှုနဲ့ပဲ ဒီအတွက် တက်တက်ကြွကြွ ရပ်တည်ခဲ့ပါတယ်။ 

ဒီအပေါ်မှာ ဖရိုဒ်ဂါ့ဒ်ရဲ့ ရှုမြင်ချက်ဟာ ယနေ့ခေတ်ပေါ် တွေးခေါ်မှု (ဒါမှမဟုတ်) လူမှုရေးဆိုင်ရာ လှုပ်ရှားမှုတွေအပေါ်ပဲ အခြေခံတာမဟုတ်သလို ကနဦး ဗုဒ္ဓသာသနာရဲ့ လက်တွေ့ကျပြီး လူမှုတန်းတူညီမျှမှု စိတ်ဓာတ်အပေါ် အခြေခံတာသာဖြစ်တယ်လို့ သူ့ရဲ့ သမိုင်းကြောင်းဆိုင်ရာ သိရှိနားလည်ထားမှုအပေါ် အခြေခံထားတာဖြစ်ပါတယ်။ သူက ဒါကိုပဲ အမျိုးသားတွေ ဦးဆောင်မှုများပြီး ပိုင်းခြားကန့်သတ်မှုတွေ မြင့်တက်လာခဲ့တဲ့ သမိုင်းဆိုင်ရာ နောက်ပိုင်း ဖြစ်ပေါ်တိုးတက်မှုတွေနဲ့ ယှဥ်ထိုးသုံးသပ်ပြပါတယ်။ ဗုဒ္ဓသာသနာအစောပိုင်းမှာ စိတ်ဓာတ်ပဲ့ပြင်မှု အဆုံးအမနဲ့ ဦးဆောင်မှုအခန်းကဏ္ဍမှာ ကျား-မအခြေခံတဲ့ ကန့်သတ်ချက်တွေကို မြတ်ဗုဒ္ဓကိုယ်တော်တိုင်သည်ပင် ချမှတ်ခဲ့တာမရှိဘူးလို့ ဘိက္ခုနီ-အရှင်မ ကဉ္စနာ (ဖရိုဒ်ဂါ့ဒ်) ထောက်ပြခဲ့ပြီး ဒီလို မြတ်ဗုဒ္ဓကိုယ်တော်တိုင် ကျင့်သုံးခဲ့တဲ့ နိယာမ/နည်းဥပဒေသတွေကို ပြန်လည်ကျင့်သုံးမယ်ဆိုရင် ယနေ့ခေတ် ဗုဒ္ဓဘာသာဝင် လူ့အဖွဲ့အစည်းတွေကြားမှာ ပိုကောင်းတဲ့ ကျား-မ တန်းတူညီမျှမှုဆီကို ဦးတည်သွားနိုင်လိမ့်မယ်လို့ အရှင်မ ကဉ္စနာက ယုံကြည်ခဲ့ပါတယ်။

ဖရိုဒ်ဂါ့ဒ်ဟာ မြန်မာပြည်မှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းတဲ့ဖြစ်စဥ်ကိုလည်း အပြင်းအထန် စိတ်ပျက်ပြီးတော့ ပြည်သူတွေအတွက် ဝမ်းနည်းကြေကွဲမှုကိုလည်း ပြသခဲ့သူတယောက် ဖြစ်ပါတယ်။ စစ်တပ်ရဲ့ လုပ်ဆောင်ချက်တွေကြောင့် ဒုက္ခခံစားခဲ့ကြရတဲ့ ပြည်သူတွေအတွက် ဝမ်းနည်းခဲ့သလို စစ်တပ်ရဲ့ လုပ်ဆောင်ချက်တွေနဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီးတော့လည်း အကြီးအကျယ် စိတ်ပျက်လက်ပျက် ဖြစ်ခဲ့သူတယောက်လည်း ဖြစ်ပါတယ်။ အရပ်သားပြည်သူတွေအပေါ် အကြောင်းမဲ့ ရက်စက်၊ အကြမ်းဖက်မှုတွေအတွက် ဝမ်းနည်းပူဆွေးခဲ့ရသလို သူတို့ရဲ့ရင်ထဲမှာ ထင်ကျန်နေရစ်ခဲ့ပြီဖြစ်တဲ့ အနာတရ အမာရွတ်တွေ အတွက်လည်း နက်နက်ရှိုင်းရှိုင်း ကြေကွဲခဲ့သူ ဖြစ်ပါတယ်။ အာဏာသိမ်းမှုအပေါ် သူ့ရဲ့ ထင်မြင်သုံးသပ်ချက်တွေဟာ ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့ အမြင်ပေါ်မှာ အခြေခံထားပါတယ်။ 

စစ်တပ်ရဲ့ အပြုအမူတွေကို ဝမ်းနည်းဖွယ် နိုင်ငံရေးကျဆုံးမှု ဇာတ်လမ်းတခုအဖြစ် သာမက စိတ်ဓာတ်ပိုင်းဆိုင်ရာ ကျင့်ဝတ်/ကျင့်စဥ်တွေမှာ နက်နက်ရှိုင်းရှိုင်း ကျဆုံးခြင်းတွေလို့လည်း သူက ရှုမြင်ပါတယ်။ ဒါတွေအတွက်လည်း ကျူးလွန်သူတွေဟာ ဆိုးဝါးပြင်းထန်တဲ့ ဝဋ်လည်မှုတွေကို ခံစားကြရလိမ့်မယ်လို့ သုံးသပ်ပါတယ်။

ဖရိုဒ်ဂါ့ဒ်ဟာ မြန်မာပြည်သူတွေရဲ့ ဒုက္ခတွေနဲ့ ထပ်တူခံစားပြီး ရပ်တည်ပြောဆိုခဲ့သလို တဖက်မှာလည်း စစ်တပ် ကျရှုံးခြင်းဟာ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး၊ တရားမျှတမှုနဲ့ လူ့ဂုဏ်သိက္ခာတွေကို ပြန်လည်တည်ဆောက်နိုင်ဖို့ ဆောင်ကြဥ်း လမ်းခင်းပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ချက်ရှိသူ ဖြစ်ပါတယ်။ မြန်မာလူထုဟာ စစ်အစိုးရတွေ ဖန်တီးခဲ့တဲ့ ခွဲခြားမှုတွေနဲ့ စိတ်ဒဏ်ရာဒဏ်ချက်တွေကို ကျော်လွှားနိုင်ပြီးတော့ ကြင်နာ ကရုဏာတရား လွှမ်းမိုးပြီး ညီညွတ်တဲ့ လူ့ဘောင်တခု တည်ဆောက်နိုင်ဖို့ အတူတကွ လုပ်ဆောင်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်ယုံကြည်ခဲ့ပါတယ်။ ဒါ့အပြင် သူဟာ လက်ရှိဖြစ်ပေါ်နေတဲ့ နွေဦးတော်လှန်ရေးဘက်နေ စိတ်ဓာတ်ပြင်းပြစွာ ထောက်ခံရပ်တည်ခဲ့သူတဦး ဖြစ်သလို အခုအချိန်ဟာ မြန်မာပြည်သူတွေအတွက် ဖိနှိပ်မှုနဲ့ အာဏာရှင်လက်အောက် ဆယ်စုနှစ်များစွာကနေ လွတ်မြောက်မှုကို အပြီးသတ်ရရှိဖို့ ရှိသမျှစွမ်းအားနဲ့ တတ်စွမ်းသမျှ အကုန်လုပ်ကြဖို့ အချိန်ကောင်းဖြစ်တယ်လို့လည်း တိုက်တွန်းပြောဆိုခဲ့ပါတယ်။

ကြိုးစားအားထုတ်၊ အောင်မြင်ခဲ့တဲ့ ပညာရှင်တဦးနဲ့ စာရေးဆရာတဦးလည်းဖြစ်တဲ့ ဖရိုဒ်ဂါ့ဒ်ဟာ ‘ဗုဒ္ဓဘာသာနွယ်ဝင် သီလရှင်တို့အတွက် ဝိနည်း’ အမည်ရ စာအုပ်နဲ့ ‘အရေးကြီး ပါဠိအဘိဓာန်’ စာအုပ်တို့ကိုလည်း ရေးသားပြုစုနိုင်ခဲ့ပြီး သူမ ထုတ်ဝေနိုင်ခဲ့သေးတဲ့ ‘အရှင်ဗုဒ္ဓဃောသရဲ့ ကျမ်းဂန်များမှ ကျမ်းကိုးဓမ္မစာစု စာပိုဒ်များ’ ကျမ်းစာကိုလည်း ရေးသားချန်ထားခဲ့ပါတယ်။

ဟောလီးဝုဒ် ဇာတ်ညွှန်းရေးဆရာတယောက်သာ ဖရိုဒ်ဂါ့ဒ် လော့တာမိုဇာရဲ့ တကယ့်ဘဝ ဖြစ်ရပ်မှန် အတ္ထုပ္ပတ္တိကို ဇာတ်ညွှန်းတစောင်တဖွဲ့ ညွှန်းဖွဲ့ရေးသားခဲ့မယ်ဆိုရင် တအားဖွဲ့နွဲ့ထားတယ်လို့ ငြင်းဆိုခံရကောင်း ခံရနိုင်ပါတယ်။ အမှန်တကယ်မှာတော့ သူ့ရဲ့ ဘဝဇာတ်ကြောင်းဟာ တကယ်ပဲ တမူထူးခြားနေပြီး မတူညီတဲ့ အစိတ်အပိုင်းတွေ များစွာရဲ့ ဆုံမှတ်တခုမှာ လာရောက်ဆုံတွေ့နေကြတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။

ခေတ်သစ်အကြောင်းဇာစ်မြစ်တွေနဲ့ ရှေးခေတ်ဦး ဝိပဿနာတရား ကမ္ဘာပျံ့မှု၊ အခုထက်ထိ ဆက်ဖြစ်နေတဲ့ အာဏာရှင်နဲ့ ဖိနှိပ်မှုတို့ကို အောင်နိုင်ရေး လွတ်မြောက်မှုတိုက်ပွဲ၊ ကဏ္ဍအသီးသီးမှာ အမျိုးသမီးတွေရဲ့ အခွင့်အရေး အသိအမှတ်ပြုခံရရေး စတာတွေဖြစ်ပါတယ်။ သူ့ရဲ့ ဇာတ်ကြောင်းကတော့ သန္နိဋ္ဌာန်ပြင်းပြတဲ့ လူပုဂ္ဂိုလ်တယောက်ရဲ့ သမိုင်း၊ ယဥ်ကျေးမှု ဓလေ့ထုံးစံ၊ ကျား/မ၊ စိတ်ဓာတ်ရေးရာ နယ်နိမိတ်စည်းဘောင်တွေကို ကျော်လွန်ပြီး ကမ္ဘာကြီးအပေါ် အကျိုးပြုနိုင်မှုအတွက် သာဓကပြယုဂ်တခု ဖြစ်ပါတယ်။

လေးနက်တဲ့ ကျေးဇူးတရားသိတတ်မှုနှင့် ခင်မင်ရသော မိတ်ဆွေတဦးထံမှ…

ဂျိုအာမဂ္ဂီး  (Joah McGee)

Insight Myanmar Podcast

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013