
တရုတ်နိုင်ငံဟာ AI ကနေ လျှပ်စစ်ကားတွေအထိ ခေတ်ရှေ့ပြေးနေတဲ့ နည်းပညာတွေ ပေါ်ထွက် လာနေတယ် ဆိုတဲ့အချက်ကို တရုတ်ဝန်ကြီးချုပ် လီချန်က ဇွန် ၂၄ ရက်မှာ ကာကွယ် ပြောဆို လိုက်ပါတယ်။
နိုင်ငံတော် ထောက်ပံ့ကြေးတွေကြောင့်ဆိုတဲ့ စွပ်စွဲချက်တွေကိုလည်း ငြင်းဆိုခဲ့ပါတယ်။ တာ့လျန်မြို့ မှာ ကျင်းပပြီး နွေရာသီ ဒါဗို့စ်ဖိုရမ်လို့ လူသိများတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်ရဲ့ ထိပ်သီးအစည်းအဝေး မှာ ပြောတဲ့ မိန့်ခွန်းအတွင်း ခုလို ပြောခဲ့တာပါ။
Huawei နည်းပညာ ကုမ္ပဏီဟာ နိုင်ငံခြားကန့်သတ်ချက်တွေကို အချိန်အကြာကြီး ခံစားခဲ့ရတယ်လို့ တရုတ်ဝန်ကြီးချုပ်က ထောက်ပြပေမဲ့ အရေးကြီးတဲ့ အခြေခံအဆောက်အအုံတွေမှာ ကုမ္ပဏီရဲ့ အခန်းကဏ္ဍကို ကန့်သတ်ထားတဲ့ အမေရိကန် ဒါမှမဟုတ် ဥရောပသမဂ္ဂ တို့ကို မရည်ညွှန်းခဲ့ပါဘူး။
တရုတ်နိုင်ငံရဲ့ နည်းပညာနဲ့ ဆန်းသစ်တီထွင်မှုမှာ ကျွမ်းကျင်မှုဟာ ကုမ္ပဏီတွေက ရင်းနှီးမြှုပ်နှံတဲ့ ကြီးမားတဲ့ ပမာဏကြောင့် ဖြစ်တယ်လို့ လီက ပြောခဲ့ပါတယ်။
တရုတ်လုပ်ငန်းတွေအပေါ် အစိုးရက ထောက်ပံ့နေပြီး ဉာဏ်ရည်တု၊ သတင်းအချက်အလက်နဲ့ ကုန်ထုတ်လုပ်ရေးအပါအဝင် အရေးကြီးတဲ့ နည်းပညာတွေကို လွှမ်းမိုးမဲ့ဘေးတွေ ရှိနေတယ်ဆိုတဲ့ စွဲချက်တွေအပေါ် အမေရိကန်ရဲ့ စိုးရိမ်မှုကို ဥရောပသမဂ္ဂက ပဲ့တင်ထပ် သံယောင်လိုက်နေတာတွေ ပိုတိုးလာနေတယ်လို့ အကဲခတ်တွေက ပြောပါတယ်။
တရုတ်ပြည်မကြီးအစိုးရဟာ အနောက်နိုင်ငံတွေနဲ့ ကုန်သွယ်ရေးစစ်ပွဲအတွင်း ဥရောပ စစ်မျက်နှာစာ ကို မကြာခင် ရင်ဆိုင် ထိပ်တိုက်တွေ့နိုင်တယ်လို့လည်း အကဲခတ်တွေက ပြောပါတယ်။
ဘက်စုံသုံးဒုံးပျံတွေ၊ ကွမ်တမ်နည်းပညာနဲ့ တပိုင်းလျှပ်ကူးပစ္စည်းတွေ ထုတ်လုပ်ရေးမှာ တရုတ်နိုင်ငံ ရဲ့ အောင်မြင်မှုတွေကို တရုတ်ဝန်ကြီးချုပ်က မီးမောင်းထိုးပြခဲ့ပါတယ်။
တရုတ်သုတေသီတွေက AI ကိုသုံးတဲ့ မြန်ဆန်တဲ့နှုန်းထားကိုလည်း သူက ထောက်ပြခဲ့ပါတယ်။
အမေရိကန်ဟာ အခုလ အစောပိုင်းမှာ တရုတ် စစ်ဘက်ကုမ္ပဏီတွေအဖြစ် ပင်တဂွန်စစ်ဌာနချုပ်က စွပ်စွဲတာကို ခံထားရတဲ့ နာမည်ပျက်စာရင်းကို အဖွဲ့အစည်း ၁၈၈ ခုအထိ တိုးချဲ့ခဲ့ပါတယ်။
တိုးတက်မှုတွေအတွက် တရုတ်စစ်တပ်က ပုဂ္ဂလိကကဏ္ဍကို အသုံးချနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကို ထင်ဟပ်နေပါတယ်။
တရုတ်နိုင်ငံဟာ AI နဲ့ တခြားရှေ့တန်းနည်းပညာတွေ အုပ်ချုပ်မှုဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာ ဆွေးနွေးပွဲ တွေမှာ “တာဝန်ယူမှုနဲ့ တည်ဆောက်မှုဆိုင်ရာ သဘောထား”တွေနဲ့ ဆက်ပြီး ပါဝင်သွားမယ်လို့ လီချန်က ပြောပါတယ်။
Source:Reuters










