DVB Logo
Home
မြန်မာသတင်း
လေကြောင်းအန္တရာယ်ကြားက စိတ်ဒဏ်ရာမျိုးစုံဖြင့် စာသင်နေရသည့် ကရင်နီ ကလေးငယ်များ (ရုပ်သံ) 
DVB
·
December 2, 2024
လေကြောင်းအန္တရာယ်ကြားက စိတ်ဒဏ်ရာမျိုးစုံဖြင့် စာသင်နေရသည့် ကရင်နီ ကလေးငယ်များ (ရုပ်သံ) 
Donate to DVB

“ညဘက်ဆို အိပ်မပျော်ဘူး။ သူငယ်ချင်းတွေလည်း သတိရတယ်။ အရင်တုန်းက သူနဲ့ အတူတူဆော့ဖူးတဲ့ဟာလေးတွေ ပြန်တွေးပြီး ဝမ်းနည်းမိတယ်။ မျက်ရည်ကျမိတယ်” လို့ ကြေကွဲနေတဲ့ မျက်ဝန်းတွေနဲ့ ဆွေးဆွေးမြည့်မြည့် ပြောလာသူက စာသင်ကျောင်း လေကြောင်းတိုက်ခိုက်မှုမှာ အသက်ဘေးက လွတ်ခဲ့ပေမဲ့ သူငယ်ချင်းတွေကို ဆုံးရှုံးခဲ့ရတဲ့ ၁၅ နှစ်အရွယ် ကရင်နီ ကျောင်းသားလေးတယောက်ပါ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက် မနက်ပိုင်း ဒီးမော့ဆိုမြို့နယ်ထဲက ဒေါဆီးအီကျောင်းမှာ ကျောင်းသားတွေ စာသင်နေချိန် စာသင်ကျောင်းအတွင်း စာသင်အံနေတဲ့ အသံတွေကို ဗုံးသံတွေက ဝါးမျိုပစ်လိုက်ပါတယ်။

စစ်ကောင်စီရဲ့ K-8 အမျိုးအစား တိုက်လေယာဉ်နဲ့ ဗုံးလာကြဲခဲ့တာကြောင့် စာသင်ကျောင်းတခုလုံး ပြိုကျပျက်စီးခဲ့ပြီး စာသင်နေတဲ့ ကလေးအများအပြား ဒဏ်ရာရရှိခဲ့သလို ကျောင်းသား ၄ ယောက် သေဆုံးခဲ့ရပါတယ်။

ကမ္ဘာပျက်သလိုဖြစ်သွားတဲ့ အဲဒီဖြစ်စဉ်ဟာ သာမန်လူကြီးတွေအဖို့တောင် ကြောက်မက်ဖွယ်အတိဖြစ်ပြီး ကလေးတွေအတွက်တော့ စိတ်ဒဏ်ရာက သေရာပါသွားနိုင်ပါတယ်။

အဲဒီအချိန်တုန်းက Grade 8 ကျောင်းသားလေး ခွန်ဆူးညူ ရခဲ့တဲ့ စိတ်ဒဏ်ရာကလည်း သေရာပါပါပဲ။ ဒီဖြစ်စဉ်ကြောင့် သူ့ရဲ့ ဝမ်းကွဲညီလေးတယောက်၊ အချစ်ဆုံးသူငယ်ချင်းတယောက် အပါအဝင် အတန်းဖော်တွေကို ဆုံးရှုံးခဲ့ရတာပါ။

လေကြောင်းတိုက်ခိုက်မှု ဖြစ်ရပ်ဆိုးကြီးကြုံခဲ့ရလို့ ဒဏ်ရာရသွားတဲ့ ကျောင်းသားကလေး မောင်ခူဆူးညူက “လေယာဉ်လာကြဲတဲ့အချိန် ဗုံးအသံတခုပဲကြားလိုက်တယ်။ ကျန်တာမသိတော့ဘူး။ အဲဒီမှာ သတိလစ်သွားတာ။ သတိပြန်လည်လာတော့ ကျောင်းတွေ ပျက်စီးတာ မြင်ရတယ်ပေါ့နော်။ သူငယ်ချင်းတွေလည်း ဟိုမှာ တယောက်လဲ၊ ဟိုမှာ တယောက်လဲ ဆိုတော့ သားလည်း လေယာဉ်ပြန်ကွေ့လာတော့ အရမ်းကြောက်လို့ ဗုံးခိုကျင်းထဲ ပြေးဝင်တာပေါ့။ သားလည်း ထိတယ်။ ခေါင်းမှာ ထိသွားသေးတယ်” လို့ ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုမှာ သေဆုံးသွားတဲ့ ကျောင်းသားလေးတွေကတော့ Grade 8 က ၂ ယောက်၊ Grade 7က တယောက်နဲ့ Grade 5 က တယောက်တို့ဖြစ်ပါတယ်။

အဲဒီအချိန်တုန်းက ကြုံတွေ့ခဲ့ရတာတွေနဲ့ပတ်သက်လို့ ကျောင်းရဲ့တာဝန်ခံဆရာမကလည်း အခုလို ပြန်ပြောင်းပြောပြပါတယ်။

"ကျမ စာအုပ်ကောက်ပြီး ထသွားမလို့ လုပ်နေတဲ့အချိန်မှာ အသံကြားလိုက်တယ်ပေါ့နော်။ လေယာဉ် လာတာတော့ ကျမ မကြားဘူး။ ဘာအသံကြီးလဲ အဲ့လောက် ကျယ်တာလားပေါ့။ ကျမက ပြတင်းပေါက်ကနေ ထွက်ကြည့်မယ်လုပ်နေတဲ့အချိန်မှာ မှန်စတွေ မျက်နှာကြက်တွေက ကိုယ့်ခေါင်းပေါ်မှာ ကျနေပြီ။ အော်သံတွေလည်း ကျမ ကြားတယ်။ လေယာဉ်ကြဲတာ ထင်တယ်ဆိုပြီး ကလေးတွေကလည်းအော်။ ကျမ သေချာစိုက်နားထောင်ကြည့်တော့ လေယာဉ်က ထပ်ဝဲပေါ့။"

တာဝန်ခံဆရာမက ဆက်လက်ပြီး "ကျမ တာဝန်ခံလည်းဖြစ်တော့ တကျောင်းလုံးက ကျမတာဝန်လည်းဖြစ်တော့ ကျမ မနေနိုင်ဘူး။ အပြင်ထွက်လိုက်တယ်။ ကျမ သေရင်လည်း သေပါစေ။ ကျမ ကလေးတွေကို ခေါ်မှရမယ်ဆိုပြီး ထွက်လိုက်တယ်။ ကျမ ထွက်တဲ့အချိန်မှာပဲ တခြားဆရာမနဲ့ ကလေးတွေလည်း ကျမနဲ့ လိုက်ထွက်တယ်။ သူတို့လည်း မနေရဲဘူး။ ထွက်ကြည့်တဲ့အချိန်မှာ အဲဒီမှာ ကလေးတွေက ဒဏ်ရာဒဏ်ချက်တွေနဲ့ ပြေးတဲ့သူက ပြေး ငိုတဲ့သူကငို၊ သွေးယိုသံယိုနဲ့ ဖြစ်နေတဲ့ ကလေးတွေကို ကျမ မြင်ခဲ့ရတယ်" လို့ ပြောပါတယ်။

ခုတော့ မြန်မာပြည်က စာသင်ကျောင်းတွေမှာ ကျောင်းနဲ့မအပ်စပ်တဲ့ လေကြောင်းရန်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုတွေကို ကလေးတွေ ကြိုးစားပမ်းစား လုပ်နေကြရပါတယ်။

ကျောင်းသားလေးတွေရဲ့  ခေါင်းထဲမှာ ရှိနေတာကလည်း ကျောင်းစာတွေမဟုတ်တော့ဘဲ လေယာဉ်လာရင် ဘယ်လိုတိမ်းရှောင်ရမလဲဆိုတာပါ။

ကျောင်းသားလေးတယောက်က "ခုတော့ ဒီနားမှာ ဥဩသံ တပ်ထားတယ်ပေါ့နော်။ ဒီဟာနားထောင်ပြီး ပြေးတဲ့ ဒီဟာပွင့်ရင် ဒါက အားအားနေဖွင့်တာ မဟုတ်ဘူး။ ဒီဟာ အသံကြားရင် တန်းပြေးနော်လို့ လက်နက်ကြီးတို့ လေယာဉ်တို့ လာကြဲရင် ပြေးနော်လို့ ဆရာ၊ ဆရာမတွေကပြောထားတယ်။ ပြေးလည်း ခေါင်းထောင်ပြီး ထိုင်မနေနဲ့ မှောက်အိပ်တဲ့။ သားကတော့ ကိုယ်တိုင်က စာသင်ချင်တယ်။ ဒါပေမဲ့ လေယာဉ်တဖက် လက်နက်ကြီးတဖက်၊ ကြောက်တော့ စိတ်လည်းမငြိမ်တော့ဘူး။ စာကိုလည်း သိပ်စိတ်မဝင်စားတော့ဘူး။ ပညာတော့ တတ်ချင်တယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခကြောင့် လူပေါင်း ၃ ဒသမ ၄ သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး အဲဒီထဲက ၁ ဒသမ ၄ သန်းလောက်က ကလေးငယ်တွေဖြစ်တယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ထုတ်ပြန်ထားပါတယ်။

၂၀၂၄ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ကလေးငယ်ပေါင်း ၆၅၀ လောက်ဟာ သေဆုံးတာ ဒါမှမဟုတ် ကိုယ်လက်အင်္ဂါ ဆုံးရှုံးတာတွေကို ခံစားခဲ့ရတယ်လို့လည်း UNICEF ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းပြီးကတည်းက တိုင်းရင်းသားဒေသတွေ အပါအဝင် နိုင်ငံဒေသအနှံ့မှာ ပြည်သူလူထုတွေ ကျောင်းသားကလေးငယ်တွေရဲ့ အသက်နဲ့ ဘဝတွေကို သေကျေပျက်စီးအောင် စာသင်ကျောင်းတွေကိုလည်း စစ်ရေးပစ်မှတ်ထားပြီး လေကြောင်းကနေ အကြမ်းဖက် ဗုံးကြဲတိုက်ခိုက်နေတာ ဖြစ်ပါတယ်။ 

ထက်အောင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013