Home
ဆောင်းပါး
တရုတ်ခွေးမင်း သာဝ
DVB
·
December 1, 2024
Design-DVB

ပထမမြန်မာနိုင်ငံတော် ပုဂံခေတ်နှောင်းပိုင်း (၁၂၅၆ ကနေ ၁‌‌၂၈၇) အတွင်းမှာ အမျက်ဒေါသ လွန်ကဲပြီး သတ်ဖြတ်ကွပ်မျက် စီရင်မှုတွေ များစွာပြုခဲ့ပြီး အစားကြူးတဲ့ မင်းဆိုးမင်းညစ်အဖြစ် ပေါ်ထွန်းခဲ့သူ နရသီဟပတေ့ဟာ ပုဂံအင်ပါယာကြီးကို ပြိုကွဲစေခဲ့သူ တရုတ်ပြေးမင်းလို့ လူသိများပါတယ်။

“ပြည့်ဝမ်းကို ဖောက်သောသူ၊ ပြည့်ဦးကင်းကို နှိမ်သောသူ၊ ပြည့်တံခွန်ကို လှဲသောသူ၊ ပြည့်မျက်စိကို ဖောက်ထုတ်သူ၊ ပြည့်အစွယ်ကို ချိုးသူ၊ ပြည့်မျက်နှာကို ဖျက်သူ၊ ပြည့်ခြေ ပြည့်လက်ကို ဖြတ်သောသူတို့သည် ဒုက္ခတွေ့ရမည်သာတည်း” လို့ ပညာရှိ မိဖုရားကြီး ဖွားစောရဲ့ ဆုံးမစကားကို နားမဝင်ခဲ့တဲ့ တရုတ်ပြေးမင်းဟာ သားအရင်းစားခိုင်းတဲ့ အဆိပ်ပါတဲ့ပွဲတော်ကို မလွန်ဆန်နိုင်ဘဲ စားသောက်ခဲ့ရပြီး ကြမ္မာဆိုးနဲ့ နိဂုံးသတ်ခဲ့ရပါတယ်။

ဒီကနေ့ မြန်မာနိုင်ငံမှာ လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တဲ့ စတုတ္ထမြန်မာနိုင်ငံကို ဖြိုချဖျက်ဆီးပြီး တိုင်းရင်းသား ရဟန်းရှင်လူ ပြည်သူအများစုကြီးဘဝကို ငရဲတွင်းထဲ တွန်းချခဲ့တဲ့ အာဏာရူး စစ်ဓားပြ မင်းအောင်လှိုင်နဲ့ စစ်အခွင့်ထူးခံ အသိုင်းအဝိုင်းဟာ ပြည်သူနဲ့စစ်ခင်းရင်း အဘက်ဘက်မှာ အရေးနိမ့်လာတာမို့ သူတို့ အသက်ဆက်နိုင်ဖို့ နောက်ဆုံးအဆင့်အနေနဲ့ တရုတ်ကွန်မြူနစ်အာဏာရှင် ရှီကျင့်ဖျင်ထံ နိုင်ငံကို ရောင်းစားခဲ့ကြပြီး ပြည်ပအားကိုး ပုဆိန်ရိုးဟာ သူတို့သာဖြစ်ကြောင်း သက်သေပြခဲ့ကြပါပြီ။

တနည်းအားဖြင့် ပြောရရင်တော့ “ကမ္ဘာမီးလောင် သားကောင်ချနင်း” ဆိုတဲ့ စကားလို ထွက်ပေါက်ပိတ်‌လို့ ချောင်ပိတ်အရိုက်ခံရတဲ့ စစ်ခွေး မင်းအောင်လှိုင်ဟာ ဘာပဲလုပ်ရလုပ်ရ ပြည်သူတွေကို ပိုမိုသတ်ဖြတ် ဖိနှိပ်အုပ်ချုပ်နိုင်ဖို့ သိက္ခာမဲ့ အင်အားကြီး တရုတ်အာဏာရှင်ကို အူယားဖားယား သခင်သစ်အဖြစ် မှတ်ယူခဲ့တာမို့ တရုတ်ခွေးမင်းလို့ မြန်မာ့သမိုင်းမှာ နာမည်ဆိုးတွင်ခဲ့ပြီ ဖြစ်ပါတယ်။

အာဏာလု သမ္မတရူး မင်းအောင်လှိုင်နဲ့အဖွဲ့ဟာ သူတို့အာဏာတည်မြဲဖို့ဆိုရင် မိဘအရင်းတောင် ရောင်းစားဖို့ ဝန်မလေးကြသူတွေ ဖြစ်တာတကြောင်း၊ သူတို့ကို ပေါင်းသင်းဆက်ဆံမယ့် သူကလည်း ရှားပါးချို့တဲ့လေတော့ မျိုးတူ မိုက်ဖော်မိုက်ဖက်တွေ၊ အင်အားကြီး အာဏာရှင်နိုင်ငံတွေကို မျက်နှာချိုသွေးပြီး အောက်ကျို့ ပေါင်းသင်းကြရပါတယ်။

ကိုယ့်နိုင်ငံက ပြည်နယ်နေ့တွေတောင် အလုပ်ပိတ်ရက်အဖြစ် မသတ်မှတ်ပေးဘဲ အပေးအယူ တခုခုအတွက် တရုတ်နှစ်သစ်ကူးနေ့ကို မြန်မာနိုင်ငံရဲ့ အများပြည်သူ ရုံးပိတ်ရက်အဖြစ် တရားဝင်သတ်မှတ်ကြောင်း ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်မှာ စစ်ဓားပြဂိုဏ်း ပြန်ကြားရေးက ထုတ်ပြန် ကြေညာခဲ့ပါတယ်။ နောက်ဆို ရုရှားနိုင်ငံံတော်နေ့ ရုံးပိတ်ရက်၊ မြောက်ကိုရီးယား ရုံးပိတ်ရက်နေ့တွေတောင် သတ်မှတ်မလာဘူးလို့ ဘယ်သူမှ မပြောနိုင်ပါဘူး။

ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းပိုင်းမှာ တရုတ်နိုင်ငံ ယူနန်ပြည် ကူမင်းမြို့မှာ ကျင်းပခဲ့တဲ့ မဟာမဲခေါင်နိုင်ငံများ အစည်းအဝေး တက်ရောက်ပြီး ပြန်လာကတည်းက တရုတ်ကွန်မြူနစ် အာဏာရှင်ကို သခင်အဖြစ်မှတ်ယူလို့ တရုတ်ရူး ရူးလာတဲ့ မင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံက မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုတို့ကို ထပ်လောင်းအတည်ပြုကြောင်း၊ တရုတ်-မြန်မာ နယ်စပ်ဒေသ ကုန်သွယ်ရေးဂိတ်တွေနဲ့ ပတ်သက်ပြီး သူတို့ရဲ့ စီမံခန့်ခွဲ အုပ်ချုပ်မှုတွေကို တရုတ်က အားပေးကြောင်း၊ သူတို့စစ်ဓားပြဂိုဏ်းရဲ့ ပြည်သူလူထုအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်‌နေတဲ့ ဆောင်ရွက်ချက်တွေအပေါ် ပြတ်ပြတ်သားသား ရပ်တည်ကြောင်း သခင်အားရ ခွေးပါးဝ ကြွားဝါခဲ့ပါတယ်။

အဲဒီ မဟာမဲခေါင်အစည်းအဝေးမှာ စစ်ဓားပြဗိုလ်က သူတို့ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေ ထိန်းချုပ်ထားတဲ့ နယ်စပ်ဂိတ်ပေါက်တွေကို ဆက်လက်ပိတ်ဆို့ပေးဖို့ သူ့သခင် တရုတ်အာဏာရှင်တွေထံ တောင်းဆိုခဲ့ပါတယ်။ အဲဒီလို ပိတ်ပင်ထားခဲ့လို့ ရှမ်းမြောက်နဲ့ ကချင်ပြည်နယ်က ဒေသခံတွေဟာ စက်သုံးဆီ၊ ဆေးဝါးနဲ့ စားသောက်ကုန် အပါအဝင် နေ့စဉ်အသုံးပြုနေကြတဲ့ အသုံးအဆောင်တွေ တနေ့တခြား ရှားပါးမှုတွေနဲ့ ရင်ဆိုင်ခဲ့ကြရပါတယ်။

ပြည်သူတွေ စားစရာ ဆန်မရှိလို့ ငတ်ပြတ်နေပါစေ သူတို့ လက်နက်ဝယ်ဖို့ အာဏာမြဲဖို့အတွက် လိုအပ်တဲ့ နိုင်ငံခြားငွေရရင် တိုင်းပြည်သယံဇာတတွေကို ဘာမဆိုပေးမယ့် သူခိုးဓားပြ စစ်အစိုးရပါပဲ။

ဒါကိုကြည့်ရင် တရုတ်ကွန်မြူနစ် အာဏာရှင်တွေဟာ သူတို့ရဲ့ မသာအိမ် ဖဲလိမ်ရိုက်တဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ နိုင်ငံဖျက် စစ်ဓားပြဂိုဏ်းနဲ့ ဗြောင်လက်ခြင်းချိတ်လာကြတာပဲ ဖြစ်ပါတယ်။ တရုတ်ကွန်မြူနစ် အာဏာရှင်တွေဟာ တရုတ်ပြည်သူ ထောင်ချီသတ်ဖြတ်ခဲ့တဲ့ တီယန်မင် အရေးအခင်းကြီးမှာ ကျူးလွန်‌ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို တာဝန်မခံသေးသလို တရုတ်ခွေးမင်း မြန်မာစစ်ဓားပြဂိုဏ်းခေါင်းဆောင်နဲ့ လက်ပါးစေ စစ်အခွင့်ထူးခံ အုပ်စုဟာလည်း သူတို့ကျူးလွန်ခဲ့ ကျူးလွန်ဆဲ စစ်ရာဇဝတ်မှု ကုဋေကုဋာကို တာဝန်မယူ၊ တာဝန်မခံကြသေးပါဘူး။

အခုဆိုရင် အတင့်ရဲသထက် ရဲလာတဲ့ တရုတ်အာဏာရှင်ဂိုဏ်းနဲ့ မြန်မာစစ်ဓားပြဂိုဏ်းတို့ ပူးပေါင်းပြီး လုံခြုံရေးကုမ္ပဏီတခု ထူထောင်ဖို့ လုပ်ငန်းကော်မတီတရပ်ကို ဖွဲ့စည်းလိုက်ပြီလို့ နိုဝင်ဘာလ ၈ ရက် ပြန်တမ်းမှာ ထုတ်ပြန်ထားခဲ့ပါတယ်။ ဒါဟာ နိုင်ငံတော်ရဲ့ မူလပိုင်ရှင် ပြည်သူလူထုက သဘောမတူဘဲ သူတပါးတိုင်းပြည်ရဲ့ ပြည်တွင်းရေးကို စွက်ဖက်ရုံသာမက ကျူးကျော်ဝင်ရောက်ဖို့ ကြံစည်လာတာ ဖြစ်ပါတယ်။

အကျိုးတူပူးပေါင်းတဲ့ လုံခြုံရေးကုမ္ပဏီ တည်ထောင်ရေး လုပ်ငန်းအကြောင်းပြပြီး တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေရာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့လို တခြားစီမံကိန်းရှိရာနေရာတွေ ကာကွယ်ဖို့ဆိုပြီး တရုတ်လက်နက်ကိုင်လုံခြုံရေးအဖွဲ့တွေ မြန်မာနိုင်ငံထဲ ဝင်ရောက်လာမယ် ဆိုတာ တရုတ်ရဲ့ ခေတ်သစ်ကိုလိုနီနယ်ချဲ့ ဓားပြခြေလှမ်းသစ်ဖြစ်ပြီး တခြားတိုင်းပြည်ကို မလိမ့်တပတ်နဲ့ ကျူးကျော်ဝင်ရောက်ဖို့ ကြိုးပမ်းလာတာ ဖြစ်ပါတယ်။

ဒီဆောင်းပါးကို အနှစ်ချုပ်ရရင် အဘက်ဘက်မှာ ရှုံးနိမ့်လာပြီး ဇာတ်သိမ်းလုနီးလာတဲ့ အာဏာရူး စစ်ဓားပြ မင်းအောင်လှိုင်ဟာ ရေနစ်သေဆုံးလုနီးသူရဲ့ နောက်ဆုံးကောက်ရိုးမျှင် အဖြစ် တရုတ်ပြည်သူတွေကို သတ်ဖြတ် ဖိနှိပ် ဗိုလ်ကျနေတဲ့ ကွန်မြူနစ်အာဏာရှင်ကို အားကိုးအားထားရာ အရှင်သခင်အဖြစ် အရှက်မဲ့စွာ ဦးတိုက်အညံ့ခံပြီး နိုင်ငံကို ထိုးအပ် ရောင်းစားလာပြီမို့ မြန်မာ့သမိုင်းမှာ တရုတ်ခွေးမင်းအဖြစ် နာမည်ဆိုးနဲ့ ကမ္ပည်းထိုးခံရမှာ ဖြစ်ပါတယ်။

ပထမမြန်မာနိုင်ငံခေတ်က ပေါ်ထွန်းပြီး ကြမ္မာဆိုးစွာ နိဂုံးချုပ်ခဲ့ရတဲ့ တရုတ်ပြေးမင်း နရသီဟပတေ့ဟာ ပြည်သူလူထုအပေါ် ရက်စက်ကြမ်းကြုတ်ခဲ့ပေမဲ့ ဒီကနေ့ မြန်မာနိုင်ငံကို ကိုယ်တိုင် ဖျက်ဆီးရုံသာမက မိဘပြည်သူတွေကို အရိုင်းအစိုင်းဆုံး သတ်ဖြတ် ဒုက္ခပေးရုံသာမက တိုင်းပြည်ကို လူမျိုးခြား တိုင်းတပါးထံ ထိုးအပ် ရောင်းစားနေတဲ့ လူ့သမိုင်းမှာ အကြီးကျယ်ဆုံး စစ်ရာဇဝတ်မှုကို ကျူးလွန်တဲ့ မကောင်းဆိုးဝါး မိစ္ဆာစစ်စစ် ဖြစ်တာမို့ တရုတ်ပြေးမင်းထက် အဖြစ်ဆိုးကြုံပြီး ဇာတ်သိမ်းရဖို့ သေချာသထက် သေချာသွားခဲ့ပါပြီ။

ဒီစကားကို ယုံကြည်ချက်အပြည့်နဲ့ ဘာကြောင့် ရေးရဲရတာလဲဆိုတော့ ပုဂံခေတ်က ပြည်သူလူထုရဲ့ အခြေအနေနဲ့ ဒီကနေ့ခေတ် တိုင်းရင်းသားမျိုးစုံ အပါအဝင် ရဟန်းရှင်လူ ပြည်သူအပေါင်းရဲ့ နိုင်ငံရေးအသိ၊ ခံယူချက်၊ စိတ်ပိုင်းဖြတ်မှု၊ ဇွဲ လုံ့လနဲ့ စစ်အာဏာရှင်စနစ်ကို အပြီးအပြတ် ချေမှုန်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု နိုင်ငံတော်သစ်ကို မဖြစ်မ‌နေ တည်ဆောက်လိုတဲ့ ဆန္ဒာဓိပတိကြီးဟာ လုံးဝ မတူကွဲပြားရုံသာမက ကမ္ဘာ့သမိုင်းသင်ရိုးသစ် ပေါ်ထွန်းလာစေမယ့် တန်ခိုးဩဇာတွေ ပြည့်လျှမ်း တောက်လောင်နေတာကို နိုင်ငံတကာ အသိုင်းအဝိုင်းရှေ့မှောက်မှာ ငြင်းကွယ်လို့မရနိုင်အောင် အထင်းအရှား သက်သေပြနေတာ မဟုတ်ပါလား။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024