
ကေပေါ့ပ်အဖွဲ့ NewJeans က သူတို့ရဲ့ အေဂျင်စီကနေ ခွဲထွက်သွားပြီလို့ ကြေညာလိုက်ပါတယ်။
အေဂျင်စီက သူတို့အပေါ် မမျှမတ ဆိုးဆိုးရွားရွား ဆက်ဆံမှုတွေ၊ ဆိုးဆိုးရွားရွား ထိန်းချုပ် ချယ်လှယ်မှုတွေအပေါ် မကျေနပ်လို့ ခွဲထွက်တာလို့ ဆိုပါတယ်။
အဖွဲ့ဝင် ၅ ယောက်ပါတဲ့ ဒီအဖွဲ့က နိုဝင်ဘာ ၂၈ ရက် ညနေပိုင်းမှာ သတင်းစာရှင်းလင်းပွဲ လုပ်ပြီး Ador ကနေ ထွက်မယ်လို့ ကြေညာခဲ့တာပါ။
Ador က Hybe လို့ခေါ်တဲ့ နာမည်ကြီး တေးထုတ်လုပ်ရေးကုမ္ပဏီရဲ့ လက်အောက်ခံ ကုမ္ပဏီတခု ဖြစ်ပါတယ်။
အဖွဲ့ဝင်တယောက်ဖြစ်တဲ့ ဟန်နီက သူ အေဂျင်စီနဲ့ အလုပ်လုပ်နေစဉ် အလုပ်ခွင်မှာ နှောင့်ယှက်မှုတွေ ခံခဲ့ရတယ်လို့ စွပ်စွဲထားပါတယ်။
ဒါဟာ NewJeans ရဲ့ ထုတ်လုပ်သူဟောင်း မင်ဟီဂျင်းနဲ့ Hybe ကုမ္ပဏီဥက္ကဋ္ဌ ဘန်စီဟပ် တို့ကြား ဖြစ်နေတဲ့ အငြင်းပွားမှုရဲ့ နောက်ဆုံးဖြစ်ရပ်ပဲ ဖြစ်ပါတယ်။
“ကျမတို့လေးစားတဲ့ အလုပ်လုပ်ကိုင်ပုံမျိုး မဟုတ်သလို ကျမတို့ ပါဝင်ချင်တဲ့ပုံစံလည်း မဟုတ်ပါဘူး။ NewJeans ကို ကာကွယ်ဖို့ ရည်ရွယ်ချက်မရှိတဲ့ ကုမ္ပဏီအောက်မှာ ဆက်ပြီး အလုပ်လုပ်နေရင် ကျမတို့ကိုပဲ ထိခိုက်မှာပါ” လို့ ဟန်နီက ပြောပါတယ်။
သူတို့အဖွဲ့နဲ့ ဝန်ထမ်းတွေအပေါ် မကောင်းတဲ့ ဆက်ဆံမှုတွေ ရှိခဲ့တယ်လို့လည်း ပြောပါတယ်။
တမင် ရည်ရွယ်ချက်ရှိရှိ အလွဲလုပ်ပြီး နယ်ပယ်အမျိုးမျိုးမှာ လှည့်စားချုပ်ကိုင်မှုတွေ ရှိခဲ့တယ်လို့လည်း ပြောပါတယ်။
အဖွဲ့က သူတို့ရဲ့ အရင်ထုတ်လုပ်သူ မင်နဲ့ အလုပ်လုပ်ချင်တယ်လို့ ပြောပါတယ်။ မင်က သြဂုတ်လမှာ Ador ကနေ ထွက်သွားခဲ့တာပါ။ သူဟာ Hybe ကနေ ခွဲထွက်ပြီး NewJeans ကို သူနဲ့အတူ ခေါ်သွားဖို့ ကြံစည်တယ်လို့ စွပ်စွဲခံခဲ့ရပေမယ့် မင်က အဲဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။
အဖွဲ့က နိုဝင်ဘာ ၁၃ ရက်မှာ Ador ကို နို့တစ်စာပို့ပြီး စာချုပ်ချိုးဖောက်မှုတွေကို ၁၄ ရက်အတွင်း ဖြေရှင်းပေးဖို့ တောင်းဆိုထားပါတယ်။
အဖွဲ့က Hybe ရဲ့ နောက်ထပ်လက်အောက်ခံ Belift Lab က အမှုဆောင်တယောက်ရဲ့ မှတ်ချက်အတွက် တောင်းပန်ဖို့ တောင်းဆိုထားပြီး အလုပ်ခွင်မှာ နှိပ်စက်ညှဉ်းပန်းမှုတွေ ရှိတယ်လို့လည်း စွပ်စွဲထားပါတယ်။ မင်ကိုလည်း ပြန်လည်ခန့်အပ်ပေးဖို့ တောင်းဆိုထားပါတယ်။
NewJeans ကို ၂၀၂၂ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး BTS နဲ့အတူ Hybe ရဲ့ အောင်မြင်ဆုံး ကေပေါ့ပ်အဖွဲ့တွေထဲက တဖွဲ့ဖြစ်ပါတယ်။
Super Shy နဲ့ OMG လို တေးသီချင်းတွေနဲ့ နာမည်ကြီးတဲ့ ဒီအဖွဲ့ဟာ ပြီးခဲ့တဲ့နှစ်က ကမ္ဘာမှာ အရောင်းရဆုံး အဆိုတော်အဖွဲ့တွေထဲမှာ အဆင့် ၈ ရရှိခဲ့ပြီး ဒီနှစ် MTV ဆုပေးပွဲမှာ အကောင်းဆုံးအဖွဲ့ဆုအတွက် အမည်စာရင်း တင်သွင်းခြင်း ခံခဲ့ရပါတယ်။
၂၀၂၂ ခုနှစ်မှာ Ador က ဖွဲ့စည်းခဲ့တဲ့ ဒီအဖွဲ့မှာ မင်ဂျီ၊ ဟန်နီ၊ ဒန်နီယဲ၊ ဟဲရင်နဲ့ ဟိုင်အင်း ဆိုတဲ့ အသက် ၁၆ နှစ်ကနေ ၂၀ နှစ်ကြား အဖွဲ့ဝင် ၅ ယောက် ပါဝင်ပါတယ်။
Source : Reuters










