
ဇွန် ၁ ရက် ညပိုင်းကနေ ၂ ရက်နေ့ ကူးတဲ့အချိန်အထိ ရုရှားရဲ့ သန်းခေါင်ကျော် တိုက်ခိုက်မှုကြီးတွေကြောင့် ယူကရိန်းမှာ လူ ၁၃ ယောက်ထက်မနည်း သေဆုံးပြီး ဒါဇင်ချီ ဒဏ်ရာရခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ဒီနီပရိုမြို့မှာ ၉ ယောက် သေဆုံးခဲ့ပြီး ကိယက်ဗ်မြို့တော်မှာတော့ ၄ ယောက် သေဆုံးခဲ့ပါတယ်။
ဒုံးကျည်နဲ့ ဒရုန်းတွေဟာ လူနေအဆောက်အအုံတွေကို ထိမှန်ခဲ့တာကြောင့် ကယ်ဆယ်ရေးအဖွဲ့တွေက အပျက်အစီးတွေအောက်မှာ ပိတ်မိနေသူတွေကို ရှာဖွေနေပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ရုရှားဟာ ဒရုန်းအစင်းရေ ၆၅၀ ကျော်နဲ့ ဒုံးကျည် ၇၀ ကျော်သုံးပြီး တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။
သမ္မတ ဇလန်းစကီးက “ကျနော်တို့ ပက်ထရီယော့တ်စနစ်တွေအတွက် ဒုံးကျည်တွေ ပေးပို့ဖို့ အမေရိကန်ဆီက အရေးပေါ် အကူအညီ လိုအပ်နေပါတယ်” လို့ တောင်းဆိုထားပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ယူကရိန်းကို တိုက်ရိုက်ထောက်ပံ့မှုတွေ ရပ်ဆိုင်းထားလို့ ဥရောပမဟာမိတ်တွေကတဆင့် ဝယ်ယူနေရတာ ဖြစ်ပါတယ်။
ကိယက်ဗ်မြို့တော်ဝန် ဗီတာလီကလစ်ချ်ကိုက မြို့တော်မှာ ပေါက်ကွဲသံတွေ ဆက်တိုက်ထွက်ပေါ်ခဲ့ပြီး လျှပ်စစ်မီးတွေလည်း ပြတ်တောက်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ခါကိဗ်မြို့တော်ဝန် အီဟောတီရီခေါ့ဗ်ကလည်း သူ့မြို့မှာ ကလေးတယောက် အပါအဝင် လူ ၁၀ ယောက် ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနကတော့ ဒီတိုက်ခိုက်မှုဟာ ယူကရိန်းရဲ့ အရင်တိုက်ခိုက်မှုတွေအပေါ် တုံ့ပြန်တာဖြစ်ပြီး ရည်မှန်းချက်အားလုံး အောင်မြင်တယ်လို့ ထုတ်ပြန်ပါတယ်။
ယူကရိန်းဘက်ကတော့ ရုရှားရဲ့ ခြိမ်းခြောက်မှုတွေဟာ အရှက်မရှိ ခြောက်လှန့်တာဖြစ်လို့ မဟာမိတ်တွေအနေနဲ့ ဖိအားတိုးမြှင့်ဖို့ တိုက်တွန်းထားပါတယ်။










