
မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ရဲ့ ပရီးမီးယားလိဂ်စံချိန်တင် ဂိုးဖန်တီးမှုနဲ့အတူ ယူနိုက်တက်ဟာ ဖောရက်စ်ကို အနိုင်ယူပြီး အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ဆက်လက် ရပ်တည်နိုင်ခဲ့ပါတယ်။
မန်ယူအသင်းဟာ အခုနှစ်ရာသီ အိုးထရက်ဖို့ဒ်အိမ်ကွင်းမှာ နောက်ဆုံးပွဲစဉ်အဖြစ် မနေ့ညက နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့တာမှာ (၃-၂) ဂိုးနဲ့ အနိုင်ရခဲ့တာပါ။
ယူနိုက်တက်အတွက် အနိုင်ဂိုးတွေကို လုခ်ရှော၊ မားတီးယပ်စ်ကွန်ညာနဲ့ ဘရိုင်ယန်အမ်ဘူမိုတို့က သွင်းယူခဲ့ပြီး ဖောရက်စ်အတွက် ချေပဂိုးတွေကိုတော့ အန်ဒါဆန်ရဲ့ ဖြတ်တင်ဘောတွေကနေတဆင့် မိုရာတိုနဲ့ မော်ဂန် ဂစ်ဘ်စ်-ဝှိုက်တို့က ပြန်သွင်းယူပေးခဲ့တာပါ။
ကူညာသွင်းယူခဲ့တဲ့ ဂိုးကတော့ အမ်ဘူမို လက်နဲ့ ထိခဲ့တယ်ဆိုပြီး အငြင်းပွားခဲ့လို့ VAR နဲ့ အချိန်အတန်ကြာ စစ်ဆေးပြီးနောက် ကွင်းလယ်ဒိုင်လူကြီးက အဲဒီလက်ထိဘောကို မတော်တဆအဖြစ် သတ်မှတ်ခဲ့တယ်။
ဒီပွဲမှာ မန်ယူအသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က ဂိုးဖန်တီးမှုတကြိမ် ပြုလုပ်နိုင်ခဲ့တာကြောင့် ဒီရာသီအတွက် သူ့ရဲ့ ဂိုးဖန်တီးမှု စုစုပေါင်း အကြိမ် ၂၀ ရှိသွားပါတယ်။
ဒါဟာသူ့အရင်က အာဆင်နယ် ဂန္ထဝင် ကစားသမား သီယာရီ အွန်နရီနဲ့ မန်တီးတီး အသင်းခေါင်းဆောင်ဟောင်း ကီဗင် ဒီဘရိုင်းနား တို့တင်ထားတဲ့ တရာသီအတွင်း ဂိုးဖန်တီးမှု အများဆုံး အကြိမ် ၂၀ စံချိန်ကို လိုက်မီသွားခဲ့တာဖြစ်ပါတယ်။
ဒီပွဲမှာ ဖာနန်ဒက်စ်ဟာ ဂိုးသွင်းနိုင်ဖို့ အခွင့်အရေး ၈ ကြိမ်အထိ ဖန်တီးပေးနိုင်ခဲ့ပေမဲ့ အသင်းဖော်တွေက နောက်ထပ် ဂိုးဝင်အောင် မသွင်းနိုင်ခဲ့လို့ သွင်းဂိုးဖန်တီးပေးမှု အရေအတွက် စံချိန်ချိုးနိုင်မဲ့ အခွင့်အရေးကိုတော့ လက်လွှတ်ခဲ့ရပါတယ်။
ဒါ့အပြင် ဒီရာသီ ပရီးမီးယားလိဂ် ပွဲစဉ် တပွဲတည်းမှာ ကစားသမားတယောက်အနေနဲ့ အများဆုံးဖန်တီးမှုအဖြစ် မန်စီးတီးအသင်းက ရာယန် ချာကီနဲ့အတူ ပူးတွဲစံချိန် တင်နိုင်ခဲ့ပါတယ်။
အခုလို တဦးစွမ်းရည်မှာ စံချိန်လိုက်မီခဲ့ပေမဲ့ အသင်းလိုက်ဆုဖလားတွေကိုပဲ ပိုလိုချင်တယ်လို့ မန်ယူအသင်းခေါင်းဆောင် ဖာနန်ဒက်စ်က ပွဲအပြီးမှာ Sky Sports သတင်းဌာနကို ပြောပါတယ်။
"ကျနော် ဘယ်အရာထက်မဆို အသင်းလိုက်ဆုဖလားတွေကိုပဲ ပိုလိုချင်ပါတယ်၊ ဒါပေမဲ့ ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုကို လူအများက အသိအမှတ်ပြုပေးကြတာကို သိရတာတော့... ကစားသမား တော်တော်များများက ကျနော့်ကို ရာသီအကောင်းဆုံး ကစားသမားလို့ ပြောကြတယ်။ အဲဒါအတွက် ကျနော် အရမ်းကျေးဇူးတင်ပါတယ်၊ ဒီနေ့မှာ ကျနော့် ဂိုးဖန်တီးမှု ၂၀ ကြိမ် ရောက်သွားပြီ။ ကြည့်ကြသေးတာပေါ့။ ကျနော်တို့မှာ နောက်ထပ် တပွဲ ကျန်သေးတယ်။ နောက်ပွဲမှာ ဘယ်သူကစားမလဲဆိုတာ မန်နေဂျာကပဲ ဆုံးဖြတ်မှာပါ။ တကယ်လို့ ကစားရရင် ကျနော် အရမ်းဝမ်းသာမှာပါ။ ဒါပေမဲ့ မကစားရရင်တောင် ဒါက ကျနော် ပရီးမီးယားလိဂ်မှာ ရဖူးသမျှ အများဆုံး ဂိုးဖန်တီးမှုအရေအတွက်ဖြစ်လို့ ကျေနပ်နေပါပြီ။"
ဖာနန်ဒက်စ်အနေနနဲ့ အခုနှစ်ရာသီမှာ စုစုပေါင်း ဂိုးသွင်းခွင့် အခွင့်အရေး ၁၃၂ ကြိမ် ဖန်တီးပေးထားပြီးဒါဟာ ဒုတိယအများဆုံးဖြစ်တဲ့ လီဗာပူးအသင်းမှ ဒိုမိုးနစ် ဆိုဘိုဆလိုင်းရဲ့ ၇၄ ကြိမ်ထက် ၂ ဆလောက်ပိုများနေတာဖြစ်ပါတယ်။
ဖာနန်ဒက်စ်ရဲ့ ဂိုးဖန်တီးမှုနဲ့ ပတ်သက်ပြီး မန်ယူအသင်း နည်းပြချုပ် မိုက်ကယ်ကာရစ်က "ဒါက လူတိုင်းအတွက် တကယ့်ကို လှပတဲ့ အခိုက်အတန့်တခုပါ။ အခုလိုလုပ်နိုင်ဖို့က မလွယ်ကူတဲ့အတွက် သူ့ကို ချီးကျူးရပါမယ်။ ဒါပေမဲ့ သူက အမြဲတမ်း အသင်းကိုပဲ ပထမဦးစားပေးပါတယ်။ ဒါက ထူးချွန်ပြောင်မြောက်တဲ့ အောင်မြင်မှုတခုပါပဲ”လို့ ပြောပါတယ်။
ဒီနေ့နိုင်ပွဲနဲ့ပတ်သက်ပြီးလည်းနည်းပြ ကာရစ်က "ဒီနေ့က ကောင်းမွန်တဲ့နေ့နေ့ပါ။ ရာသီကို အကောင်းဆုံးအခြေအနေနဲ့ အဆုံးသတ်နိုင်ဖို့ ကျနော်တို့ တကယ်ကို အာရုံစိုက်ခဲ့ကြပါတယ်။ အသင်းတသင်းအနေနဲ့၊ အစုအဖွဲ့တခုအနေနဲ့၊ ပြီးတော့ ကလပ်တခုအနေနဲ့ ကျနော်တို့ တိုးတက်မှုကောင်းတွေ ရရှိခဲ့ပါတယ်။ အကြောင်းပြချက်များစွာကြောင့် အခုလိုပုံစံမျိုးနဲ့ ရာသီပိတ်နိုင်ဖို့က အရေးကြီးပါတယ်”လို့ ပြောပါတယ်။
ဒီပွဲမှာ အခုနှစ်ရာသီအကုန် ကလပ်အသင်းကနေ ထွက်ခွာတော့မဲ့ ကွင်းလယ်ကစားသမား ကက်စီမီရိုကလည်း အိမ်ကွင်းပရိသတ်တွေကို ဝမ်းပန်းတနည်း နှုတ်ဆက်ခဲ့တာမှာ ပရိသတ်တွေက သောင်းသောင်းဖြဖြအားပေးခဲ့ကြပါတယ်။
မန်ယူနိုက်တက်အသင်းဟာ အခုနှစ်ရာသီအပိတ်နောက်ဆုံးပွဲစဉ်အဖြစ် မေ ၂၄ ရက်နေ့ ဘရိုက်တန်အသင်းနဲ့ အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။
Source:Sky Sport











