DVB Logo
Home
မြန်မာသတင်း
၃ နိုင်ငံက အနုပညာရှင်များ ဖျော်ဖြေမည့် အွန်လိုင်းရန်ပုံငွေ ဂီတပွဲတော် ကျင်းပမည် 
DVB
·
November 27, 2024
၃ နိုင်ငံက အနုပညာရှင်များ ဖျော်ဖြေမည့် အွန်လိုင်းရန်ပုံငွေ ဂီတပွဲတော် ကျင်းပမည် 
Donate to DVB

မြန်မာ၊ ထိုင်းနဲ့ အမေရိကန် နိုင်ငံ ၃ နိုင်ငံက အနုပညာရှင်တွေ ပါဝင်ဖျော်ဖြေမယ့် Joy Fest ဆိုတဲ့ အွန်လိုင်း ရန်ပုံငွေဂီတပွဲတော်တခုကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ Joy House (ပီတိအိမ်) မှာ နိုဝင်ဘာ  ၃၀ ရက်နေ့ ပြုလုပ်သွားဖို့ စီစဉ်နေပါတယ်။

မဲဆောက်မြို့မှာ ဖွင့်လှစ်ထားတဲ့ Joy House (ပီတိအိမ်) ဟာ မဲဆောက်ကို ရောက်ရှိနေတဲ့ မြန်မာလူမျိုးတွေရဲ့ စိတ်ပိုင်းဆိုင်ရာတွေကို ပန်းချီ၊ ဂီတ အနုပညာ တေးဂီတတွေနဲ့ ကုသပေးတဲ့ အနုပညာဖော်ထုတ်ရာ နေရာတခုပါ။

မဲဆောက်မြို့က ထိုင်းအထက်တန်းကျောင်းတွေနဲ့လည်း ချိတ်ဆက်ပြီး သင်တန်းပို့ချတာတွေ ရှိ‌နေတဲ့ Joy House အနေနဲ့ တူရိယာပစ္စည်း မလုံလောက်တဲ့ အခက်အခဲတွေ ရှိနေတာကြောင့် အခုလို အွန်လိုင်းရန်ပုံငွေ ဂီတပွဲတော်ကို ကျင်းပတာပါလို့ Joy House တာဝန်ရှိသူတွေက ဆိုပါတယ်။

Joy House ပရိုဂရမ်တာဝန်ခံ မနေခြည်ဝင်းက “ဒီမှာဆိုရင် ရန်ပုံငွေပွဲကနေ ရရှိလာမယ့် ငွေကြေးတွေကို ၃ နေရာမှာ အသုံးချသွားမယ်ဆိုတာ အသေးစိတ် ဖလိုင်ယာမှာ ဖော်ပြထားတယ်။ ပထမဦးဆုံးတခုကတော့ မဲဆောက်မြို့ အနီးတဝိုက်မှာရှိတဲ့ ကျေးရွာ ရပ်ကွက်တွေထဲမှာ အနုပညာကို အသုံးပြုပြီးတော့မှ ကလေးတွေရဲ့ စာသင်ကြားမှုတွေ၊ စိတ်ဓာတ်ရေးရာ မြှင့်တင်မှုတွေကို လုပ်တဲ့ကျောင်း အပါအဝင် ထိုင်းကျောင်းတွေမှာလည်း လိုအပ်တဲ့ ဂီတတူရိယာတွေကို အမတို့ ပေးဝေ ထောက်ပံ့သွားမှာ ဖြစ်သလို အမတို့က နယ်စပ်တလျှောက်မှာရှိတဲ့ စစ်ရှောင်စခန်းတွေပဲ ဖြစ်ဖြစ်၊ ပြည်တွင်းမှာရှိတဲ့ စာသင်ဝိုင်းတွေမှာပဲ ဖြစ်ဖြစ်၊ အနုပညာအားဖြင့် စိတ်ဓာတ်မြှင့်တင်မှုလုပ်နေတဲ့ ဘယ်လို ပရိုဂရမ်မျိုးမဆို လိုအပ်တဲ့ အရာတွေကို အစ်မတို့က ရှာဖွေပြီးတော့မှ ထောက်ပံ့ပေးသွားဖို့ ရည်ရွယ်တယ်၊ တတိယတခုကတော့ Joy House က လက်ရှိလုပ်နေတဲ့ ဂီတသင်တန်းတွေနဲ့ ပရိုဂရမ်တွေ run ဖို့အတွက် လိုအပ်တဲ့နေရာတွေမှာ အသုံးပြုသွားမယ်၊ ဒီပွဲလေးမှာတော့ အမတို့ကတော့ ဂစ်တာ၊ တယော စသဖြင့် instrument ၁၀၀၀ ဝယ်မယ်ဆိုပြီး target လုပ်ထားတယ်။ instrument ၁၀၀၀ ကို လိုအပ်တဲ့ နေရာတွေမှာ သုံးဖို့ရာအတွက်ကို ဒီရန်ပုံငွေကို ရှာနေတာ” လို့ ပြောပါတယ်။

အွန်လိုင်းကနေ ဖျော်ဖြေကြမယ့် မြန်မာအနုပညာရှင်တွေကတော့ လင်းလင်း၊ ချစ်သုဝေ၊ ဒယ်နီရယ်စော၊ ရပ်ပါ မင်းလွန်၊ Grace Oo၊ Blessing Oo နဲ့ သောင်းရင်းသုခုမ တေးဂီတအဖွဲ့တို့ပဲ ဖြစ်ပါတယ်။

အနုပညာရှင် Daniel Saw က “ကျနော်ကတော့ ဒီပွဲကို နားထောင်စေချင်တယ်။ ဒီပွဲကို လာပြီး နားထောင်စေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က ကျနော်တို့ တော်လှန်‌ရေး အသိုက်အဝန်း အနုပညာရှင်တွေ သီးသန့်မဟုတ်ဘူး။ ကျနော်တို့ မြန်မာနိုင်ငံအရေးကို support ပေးနေတဲ့ US က Durgas အဖွဲ့လည်း ပါတယ်။ ပြီးတော့ ထိုင်းနိုင်ငံက အနုပညာရှင်တွေလည်း ပါတယ်။ အဲ့တော့ ဒီပွဲက နိုင်ငံ ၃ နိုင်ငံက ပူးပေါင်းပြီးတော့ စည်းစည်းလုံးလုံးနဲ့ အရွေ့တခုကို လုပ်နေတဲ့ ပွဲတပွဲဖြစ်တယ်။ အဲ့တော့ ပါဝင်စေချင်တယ်။ ဒီပွဲရဲ့ ရလဒ်တွေကလည်း ကျနော်တို့ အနုပညာနဲ့ အနုပညာပစ္စည်းတွေ တူရိယာတွေကို ဝယ်ပြီးတော့ ဒါက လိုအပ်တဲ့နေရာတွေကို ထိုင်း၊ မြန်မာရယ်၊ နယ်စပ် ဒီသုံးနေရာပေါ့နော်၊ အဲဒီသုံးခုကို ဝေခွဲပေးသွားမှာ ဖြစ်တယ်။ အဲ့တော့ ဒီပွဲကို ကျနော်တို့ အားစိုက်ထုတ်ထားတယ်၊ လာရောက်နားထောင်စေချင်တယ်” လို့ ပြောပါတယ်။

ဒီဂီတပွဲတော်မှာ Let's wish as one! “ပေါင်းစည်း ညီညာ တောင်းဆုချွေမှာ” ဆိုတဲ့ အစီအစဉ်လေးတခုလည်း ပါဝင်ပြီး ဒီအစီအစဉ်လေးကတော့ Joy House Facebook လူမှုကွန်ရက် စာမျက်နှာမှာ တင်ပေးထားတဲ့ ဝက်ဘ်ဆိုက်လင့်ကနေ အင်္ဂလိပ်၊ မြန်မာ၊ ထိုင်း ဘာသာစကား ၃ မျိုးနဲ့ ဆုတောင်းစာတွေ ရေးသားပေးပို့နိုင်ပြီး ဒီဆုတောင်းစာတွေကို ဒစ်ဂျစ်တယ် ပန်းချီကားတချပ်အဖြစ် ပြန်လည်မြင်တွေ့နိုင်မှာပဲ ဖြစ်ပါတယ်။

Joy Fest ဂီတပွဲတော် လက်မှတ်တွေကို မြန်မာအပါအဝင် အမေရိကန်၊ ယူကေ၊ ဩစတြေးလျ၊ ဂျပန်၊ ထိုင်းနိုင်ငံ စတဲ့ နိုင်ငံ ၈ နိုင်ငံကနေ ဝယ်ယူကြည့်ရှုနိုင်တာဖြစ်ပြီး မြန်မာနိုင်ငံကနေ ဝယ်ယူမယ်ဆိုရင်တော့ မြန်မာကျပ်ငွေ ၅၀,၀၀၀  ကျသင့်မှာပဲ ဖြစ်ပါတယ်။ 

စောမင်းသိန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013