DVB Logo
Home
Lead Story
သွေးမြေကျ ပြပွဲနှင့် သယံဇာတ ကျိန်စာသင့်ပြည်သူများ 
DVB
·
November 26, 2024
သွေးမြေကျ ပြပွဲနှင့် သယံဇာတ ကျိန်စာသင့်ပြည်သူများ 
Donate to DVB

အာဏာသိမ်းစစ်ကောင်စီသည် ဘဏ္ဍာငွေ ကျပ်တည်းလာသောကြောင့် ကျောက်မျက်ရတနာပြပွဲများကို ကျင်းပလာသည်မှာ သုံးကြိမ်ရှိပြီ ဖြစ်သည်။

၂၀၂၄ နိုဝင်ဘာ ၁၈ ရက်နေ့ နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမတွင် ကျင်းပသည့် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားကို အာဏာသိမ်းစစ်ခေါင်းဆောင် ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ခဲ့သည်။ ယခုပြပွဲသည် အာဏာသိမ်းစစ်ကောင်စီလက်ထက် တတိယအကြိမ်မြောက် ဖြစ်သည်။

ယခုပြပွဲအား နိုဝင်ဘာ ၁၈ မှ နိုဝင်ဘာ ၂၇ ရက်နေ့အထိ ၁၀ ရက်ကြာ ပြသရောင်းချမည်ဟု ကျောက်ကုန်သည်များထံမှ သိရသည်။ ယခုပြပွဲတွင် ပုလဲအတွဲပေါင်း ၂၈၀ တွဲ၊ ကျောက်မျက်အတွဲပေါင်း ၁၆၀ တွဲနှင့် ကျောက်စိမ်းအတွဲပေါင်း ၄,၈၀၀ ရောင်းချသွားမည်ဟု သိရသည်။ ထူးခြားသည်က ဗဟိုဘဏ်လက်ခံသည့် နိုင်ငံခြားငွေအားလုံးနှင့် ကျောက်မျက်ရတနာများကို ရောင်းချပေးမည်ဟု စစ်ကောင်စီက ကြေညာထားသည်။

၂၀၂၃ ခုနှစ် မတ်လတွင် တကြိမ်ကျင်းပခဲ့သည့် ပြပွဲမှာ ပုလဲအတွဲပေါင်း ၂၉၀၊ ကျောက်မျက်အတွဲ ၇၇ တွဲနဲ့ ကျောက်စိမ်းအတွဲ ၁,၅၄၄ တွဲ ရောင်းချနိုင်ခဲ့သည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ၉ ရက်ကြာသည့် ဒုတိယအကြိမ် ကျောက်မျက်ရတနာပြပွဲ ကျင်းပခဲ့သည်။ ပုလဲအတွဲပေါင်း ၃၀၀၊ ကျောက်မျက်အတွဲပေါင်း ၁၆၀ နှင့် ကျောက်စိမ်းအတွဲပေါင်း ၄,၀၂၅ တွဲအား ပြသရောင်းချခဲ့သည်။ ကျောက်မျက်ရတနာများကို အမေရိကန်ဒေါ်လာအပြင် တရုတ်ယွမ်နှင့် ထိုင်းဘတ်များဖြင့်လည်း ဝယ်ယူခွင့်ပြုခဲ့သည်။ ပြည်တွင်း ရတနာကုန်သည်များအား ကျပ်ငွေဝယ်ယူနိုင်ရန်လည်း စီစဉ်ပေးခဲ့သည်။

စစ်ကောင်စီလက်အောက်ခံ သယံဇာတဌာနသည် စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီအမိန့်ဖြင့် ၂၀၂၁ ခုနှစ် ဧပြီလဆန်းမှ စတင်ပြီး ကျောက်စိမ်းအရိုင်းတူးဖော်မှု လုပ်ငန်းများ ဆက်လက်တူးဖော်မှု မပြုကြောင်း အမိန့်စာထုတ် တားမြစ်ခဲ့သည်။ သို့အတွက် စစ်ကောင်စီလက်ထက် အာဏာသိမ်းယူပြီး လေးနှစ်နီးပါးကာလအတွင်း အသစ်ထပ်မံ တူးဖော်ရရှိသော ကျောက်စိမ်းများ မရှိပေ။

စစ်ကောင်စီသည် နိုင်ငံခြားငွေ အပူတပြင်း လိုအပ်နေသည့်အတွက်ကြောင့် ပြည်သူပိုင် သယံဇာတ ကျောက်မျက်ရတနာမျိုးစုံကို ရသည့်နည်းမျိုးစုံသုံးပြီး ထုတ်ရောင်းနေခဲ့သည်။ ရရှိလာသည့် ငွေကြေးများဖြင့် လက်နက်ခဲယမ်းမျိုးစုံနှင့် လေယာဉ်ဆီ ဝယ်သည်။ ပြည်သူ့အသက် အိုးအိမ်စည်းစိမ်များကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ၎င်းအာဏာတည်မြဲရေးအတွက်သာ အသုံးချနေသည်။

စစ်ကောင်စီသည် ဘဏ္ဍာငွေ ကျပ်တည်းလာသောကြောင့် ကျောက်မျက်ရတနာများကို ရသလောက်ရောင်း၊ ရသည့်ဈေးနှင့်ရောင်း၊ ရောင်းရသည့် မည်သည့်ငွေမျိုးမဆို ဗဟိုဘဏ်လက်ခံလျှင် အကုန်ယူသည့်စနစ် ကျင့်သုံးပြီး ရောင်းချမည့်သဘော ဖြစ်နေသည်။

လွန်ခဲ့သော ၁၀ နှစ်ခန့်မှ ဝယ်ယူသူမရှိသည့် ကျောက်စိမ်းအတွဲများ အပါအဝင် ကျောက်အဟောင်းများကိုသာ ကျောက်မျက်ပြပွဲကျင်းပ၍ ရောင်းချနေခြင်းဖြစ်သည်။ ကျောက်အဟောင်းများကိုသာ ရောင်းချနေသည့်အတွက်ကြောင့် ဈေးချိုချိုနှင့် ရောင်းချမှသာ ဝယ်သူရှိနိုင်သည်ဟု ကုန်သည်များက ဆိုသည်။

“ကျောက်တွေက ရှေးကျောက်တွေ ကျောက်ဟောင်းတွေပေါ့၊ ကြည့်ရတာ စကစ က ငွေလိုနေတော့ ရတဲ့ဈေးနဲ့ ရောင်းမယ့်ပုံပါ။ ဒါကြောင့်လည်း ကျနော်တို့လည်း ဈေးချောင်မလားလို့ လာတာ၊ ကျောက်တွေကတော့ အကြိုက်ကြီးမှာမပါဘူး” ဟု မန္တလေးမှ ကျောက်သမားတယောက်က ပြောသည်။

လတ်လတ်ဆတ်ဆတ် တူးဖော်ရရှိထားသော ကျောက်စိမ်းအသစ်များသည် တရုတ်နိုင်ငံသို့ ကံပိုင်တည်နယ်စပ်ဂိတ်မှတဆင့် ကျောက်စိမ်းတန်ချိန်ပေါင်း သန်းနဲ့ချီ ဝင်ရောက်ပြီးလည်း ဖြစ်သည်ဟု တရုတ်နိုင်ငံရှိ မြန်မာကျောက်စိမ်းကုန်သည်များက ဆိုသည်။

စစ်ကောင်စီက ကျောက်စိမ်းအရိုင်းတူးဖော်မှုများကို တားမြစ်ထားသော်လည်း စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ဖားကန့်ဒေသရှိ ကျောက်စိမ်းလုပ်ကွက်အားလုံးကို ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) က သိမ်းယူခဲ့သည်။ စစ်ကောင်စီနှင့် ဒီမိုကရေစီအစိုးရများ လက်ထက်တွင် တူးဖော်ခဲ့သော ကျောက်မျက်ကုမ္ပဏီများနှင့် KIO တို့ အကျိုးတူ တူးဖော်လုပ်ကိုင်လာခဲ့သည်မှာ ယနေ့အချိန်ထိ ဖြစ်သည်။

ယခုနှစ် ၂၀၂၄ ခု နှစ်ဆန်းပိုင်းတွင် ပြည်တန်ကျောက်စိမ်းတုံးကြီးတတုံး KIO က သိမ်းယူရရှိခဲ့သည်။ အဆိုပါကျောက်စိမ်းတုံးကြီးကို ဖားကန့်မြို့နယ် ဝှေခါမှော်မှ ရရှိခဲ့သည်။

ကျောက်စိမ်းတုံးကြီးမှာ အဆင့်မြင့် အရည်အသားကောင်းသည့် ကျောက်စိမ်းတုံးအမျိုးအစား ဖြစ်သည်။ ပိဿာချိန် ၃၀၀ ခန့်ရှိသည်။ အဆိုပါ ကျောက်စိမ်းတုံးကြီးအား ယနေ့အချိန်အထိ မည်သူမျှ ကာလတန်ဖိုးအား တွက်ချက်နိုင်ခြင်း မရှိသေးပေ။ ကျောက်စိမ်းလောကသားများက အဆိုပါ ကျောက်စိမ်းတုံးကြီးအား “ပြည်တန်ကျောက်စိမ်းတုံးကြီး” ဟု ခေါ်ဝေါ်သတ်မှတ်ခဲ့ကြသည်။

အဆိုပါ ကျောက်စိမ်းတုံးကြီးကို ကျောက်တွင်းပိုင်ရှင် KIA အရာရှိဟောင်း ဗိုလ်ချုပ်ဂန်ရှောင်၏ တပည့်ရင်းဖြစ်သူ ဆရာလွန်း၏ ကျောက်တွင်းမှ ဗမာအပါအဝင် တိုင်းရင်းသားလုပ်ငန်းရှင်များ စုပေါင်းတူးဖော်ရာမှ ရရှိခဲ့သည်။ ကျောက်စိမ်းတုံးကြီးအား ဆရာလွန်းကျောက်ဟုဆိုကာ ဆရာလွန်းနှင့် အကျိုးတူရှယ်ယာ တူးဖော်လုပ်ကိုင်သော လုပ်ငန်းရှင်များထံမှ KIO က သိမ်းယူသွားခဲ့သည်။

တွင်းပိုင်ရှင် ဆရာလွန်းသည် အမည်ခံသာဖြစ်ပြီး ကျောက်စိမ်းတုံးတွင် ၎င်း၏ပိုင်ဆိုင်မှု အစုရှယ်ယာမှာ အနည်းငယ်သာရှိသည်ဟု အမည်မဖော်လိုသူ လုပ်ငန်းရှင်များထံမှ သိရသည်။ ၎င်းကျောက်စိမ်းတုံးကြီးတွင် တွင်းပိုင်ရှင် ဆရာလွန်းသည် ၁၅ ရာခိုင်နှုန်းသာ အစုရှယ်ယာ ပိုင်ဆိုင်သည်ဟု သိရ၏။

အဆိုပါ ပြည်တန်ကျောက်စိမ်းတုံးကြီးအား လုပ်ငန်းရှင်များက KIO ထံသို့ အခွန်ငွေပေးဆောင်ရန် ညှိနှိုင်းစဉ် အခွန်ဆောင်ခွင့်မပြုတော့ဘဲ ၂၀၂၄ ဇူလိုင်လတွင် KIO ဌာနချုပ်ရှိရာ လိုင်ဇာသို့ သိမ်းယူသွားခဲ့သည်ဟု အမည်မဖော်ဝံ့သည့် လုပ်ငန်းရှင်များထံမှ သိရသည်။

ဖားကန့်ဒေသတွင် ကျောက်စိမ်းလုပ်ကွက်အားလုံးအား KIO နှင့် လုပ်ငန်းရှင်များ အကျိုးတူ တူးဖော်နေလျက်ရှိသည်။ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများအား စစ်ကောင်စီမှ အနှောင့်အယှက်မပေးရန် တပ်မ ၃၃ တပ်မမှူးအား ကျောက်မျက်လုပ်ငန်းရှင်များက လစဉ်ကြေး ပေးသွင်းရသည်။

တပ်မ ၃၃ တပ်မမှူးအား လစဉ်ကြေးအဖြစ် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းသုံး စက်ယန္တရားတစီးလျှင် တလ ကျပ် ၂၅ သိန်းနှုန်းဖြင့် လစဉ်ကြေး ပေးသွင်းရသည်။ ဖားကန့်ဒေသတွင် လက်ရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများတွင် လည်ပတ်နေသည့် စက်ယန္တရား အစီးရေ ၅,၀၀၀ မှ ၁၀,၀၀၀ ခန့် ရှိနိုင်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက် ၂၀၁၆ ခုနှစ်တွင် ကောက်ယူထားသည့် စာရင်းတွင် ဖားကန့် ကျောက်စိမ်းတွင်းဒေသတွင် ကျောက်စိမ်းတွင်းလုပ်ငန်းသုံး စက်ယန္တရားမျိုးစုံ အစီးရေ စုစုပေါင်း ၁၃,၀၀၀ ရှိသည်ဟု သိရသည်။

နှစ်ဖက်လက်နက်ကိုင်အဖွဲ့များသည် ပြည်သူပိုင် သယံဇာတများကို သူ့ထက်ငါ ထုတ်ယူသုံးစွဲနေသော်လည်း ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် ပြန်လည်သုံးစွဲခြင်း မရှိသည်ကို တွေ့ရသည်။ သယံဇာတမှ ရရှိသော ဝင်ငွေများနှင့် ပတ်သက်ပြီး မည်သည့်လက်နက်ကိုင်အဖွဲ့မှ ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ခြင်းမရှိခဲ့ပေ။ လက်နက်ကိုင်များအားလုံးသည် ၎င်းတို့ အာဏာတည်မြဲရေးအတွက် သယံဇာတများကို ထုတ်ယူသုံးစွဲကာ စစ်အသုံးစရိတ်များတွင်သာ အသုံးပြုနေကြသည်ကို တွေ့ရှိရသည်။ ပြည်သူများအတွက် အသုံးပြုသည်ကို မတွေ့ရ။

နိုင်ငံတဝန်းမှ ပြည်သူများသည် ပြည်တွင်းစစ်ကြောင့် သွေးချောင်းစီးကာ ဒုက္ခပင်လယ်ဝေနေချိန်တွင် လက်နက်ကိုင်ခေါင်းဆောင်များသည် ပြည်သူပိုင် သယံဇာတကို တူးဖော်ရောင်းချပြီး ကိုယ်ကျိုးစီးပွားနှင့် လက်နက်ခဲယမ်းများ အပြိုင်ဝယ်ကာ စစ်တိုက်နေခဲ့ကြသည်။

ယခုပြုလုပ်ခဲ့တဲ့ စစ်ကောင်စီ၏ ကျောက်မျက်ရတနာပြပွဲသည် ပြည်သူကို သွေးမြေကျဖို့ ငွေရှာနေခြင်းသာ ဖြစ်သည်။

နှစ်ဖက်လက်နက်ကိုင်များ၏ သယံဇာတအပေါ် မှီခိုနေမှုသည် ပြည်သူများ သွေးမြေကျဖို့ ဖြစ်နေသည့် သယံဇာတကျိန်စာဟုပင် ဆိုရမည်ဖြစ်ပါသည်။

Ko Jade

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013