
စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်နေတာတွေကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က သိမ်းပိုက်ထားတဲ့ မြို့နယ်တချို့က ဖြတ်သန်းတဲ့ လမ်းပိုင်းတွေကို ယာယီသွားလာခွင့် ကန့်သတ်သွားမှာဖြစ်ကြောင်း PDF Mandalay က နိုဝင်ဘာ ၂၅ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေနဲ့ သူတို့ထိန်းချုပ်ထားတဲ့ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း လမ်းပိုင်းကို နိုဝင်ဘာ ၂၆ ရက်ကစပြီး စစ်ရေးအခြေအနေအရ သွားလာမှုကို ယာယီကန့်သတ်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မတ္တရာမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်ထဲမှာ တိုက်ပွဲတွေ ခပ်စိတ်စိတ် ပြန်ဖြစ်ပွားနေတာကြောင့် ခရီးသွားပြည်သူတွေရဲ့ လုံခြုံရေးအတွက် လမ်းပိုင်းအသုံးပြုခွင့်ကို စတင်ကန့်သတ်လိုက်တာ ဖြစ်ကြောင်း မန္တလေး PDF ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က DVB ကို ပြောပါတယ်။
“အဓိကကတော့ တိုက်ပွဲရဲ့ နောက်ဆက်တွဲအနေနဲ့ ဒေသခံ ခရီးသွားတွေအပေါ်ကို မသက်ရောက်စေချင်လို့ပါ။ တိုက်ပွဲအခြေအနေ ပြန်လည်ငြိမ်သက်သွားရင်တော့ ပြန်ဖွင့်ပေးဖို့ ရှိပါတယ်။ ဒီထက်ပိုပြီး ပြင်းထန်လာရင်တော့ လုံးဝပိတ်ပင်တားဆီးသွားဖို့ ရှိပါတယ်။”
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထိန်းချုပ်ထားတဲ့ ဒေသအတွင်း စစ်ကောင်စီ ထုတ်ကုန်တွေကို တင်သွင်းတာ၊ ရောင်းဝယ်ဖောက်ကားတာအပြင် အသုံးပြုတာတွေကို တင်းတင်းကျပ်ကျပ် ပိတ်ပင်သွားမှာဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
သပိတ်ကျင်းမြို့ခံတယောက်က “မိုးကုတ်နဲ့ သပိတ်ကျင်းဘက်မှာက ရွှေလုပ်ကွက်တွေရော ကျောက်လုပ်ကွက်တွေရော အများကြီးရှိနေတော့ စစ်တပ်က စစ်ကြောင်းထိုးလာနိုင်တယ်။ သူတို့က အဲဒီကနေ ဘဏ္ဍာငွေတွေ ရနေတာကိုး။ နှစ်ဖက် စစ်ရေးတင်းမာနေလို့ မန်း PDF က အခုလို သွားလာခွင့် ယာယီကန့်သတ်တာ ဖြစ်နိုင်တယ်” လို့ ပြောပါတယ်။
အလားတူ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက မတ္တရာမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က စိန်ပန်းကုန်း၊ သဲကျွန်းရွာတဝိုက်ကို တိုက်လေယာဥ် ၂ စီးနဲ့ ပေါင် ၅၀၀ ဗုံး ၄ လုံး၊ ပေါင် ၂၀၀ ဗုံး ၇ လုံး ကြဲချ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတချို့ မူးမေ့တာတွေ ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။