DVB Logo
Home
မြန်မာသတင်း
ပခုက္ကူ စစ်တပ်ဂိတ်ကို ဒရုန်းဖြင့် ဗုံးကြဲ၊ ပွင့်ဖြူမြို့နယ်က လမ်းပိုင်း ၃ ခုကို အသုံးမပြုရန် ပကဖ အသိပေး
DVB
·
November 28, 2024
ပခုက္ကူ စစ်တပ်ဂိတ်ကို ဒရုန်းဖြင့် ဗုံးကြဲ၊ ပွင့်ဖြူမြို့နယ်က လမ်းပိုင်း ၃ ခုကို အသုံးမပြုရန် ပကဖ အသိပေး
1 / 2
Donate to DVB

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ ဂိတ်စခန်းတခုကို နိုဝင်ဘာ ၂၆ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ တော်လှန်ရေးတပ်ပေါင်းစုတွေက ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ABSDF Column 3 ရဲ့ ပြန်ကြားရေးတာဝန်ခံဆီကနေ သိရပါတယ်။

“စစ်သား နဲ့ပျူတွေ တပ်စွဲနေတဲ့ ရေလာလေး ပျူစောထီးစခန်းဂိတ်နဲ့ အဲဒီအနီးဝန်းကျင်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြတာပါ။”

အဲဒီတိုက်ခိုက်မှုကို ABSDF Column 3၊ KMRF နဲ့ Black Eagle Drone Force တို့ ပူးပေါင်းပြီး ဗုံးအလုံး ၂၀ နီးပါး ကြဲချတိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

ABSDF Column 3 ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ပြည့်ဖြိုးကျော်က “အဲဒီ ပျူစောထီးစခန်းက ကောင်တွေက လမ်းပေါ်ထွက်ထွက်ပြီး ပြည်သူတွေဆီကနေ ပိုက်ဆံတောင်းတောင်းနေလို့ တိုက်ခိုက်ခဲ့တာပါ။ စုစုပေါင်းကတော့ အလုံး ၂၀ ကျော်တယ်ဗျ။ ကျနော်တို့ Column 3 က ရဲဘော်တွေကတော့ ဒရုန်း ၆ ခေါက်ကို ဗုံး ၈ လုံး ချခဲ့တာ ၆ လုံးကွဲတယ်။ သူတို့ဘက်က ပြန်ပစ်တာတွေ ဘာတွေရှိပေမဲ့ ဒီဘက်ကရဲဘော်တွေ အထိအခိုက် မရှိပါဘူး” လို့ ​DVB ကို ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေဘက်က အထိအခိုက် အသေအပျောက်ရှိတယ် ဆိုပေမဲ့ အတိအကျ မသိရသေးဘူးလို့လည်း သူက ဆက်ပြောပါတယ်။

အခုရက်ပိုင်းအတွင်း ABSDF Column 3 စိုးမိုးနယ်မြေထဲကို စစ်​ကောင်စီ စစ်ကြောင်းထိုးတာတွေ မရှိတော့သလို နှစ်ဖက်တိုက်ပွဲတွေလည်း ငြိမ်သက်နေတယ်လို့ ABSDF Column 3 ဆီကနေ သိရပါတယ်။

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်ထဲက လမ်းပိုင်း ၃ ခုကို အသုံးမပြုကြဖို့ နိုဝင်ဘာ ၂၇ ရက်နေ့မှာ ထုတ်ပြန်ကြေညာထားတယ်လို့ မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံဆီကနေ သိရပါတယ်။

ပွင့်ဖြူမြို့နယ်ထဲက ပုသိမ်-မုံရွာလမ်းပိုင်း၊ စံပြ-ဆည်တော်လမ်းပိုင်း (ဒေသအခေါ်) တောင်ဘက်မြောင်းဘောင်လမ်းပိုင်း နဲ့ မဲဇလီအနီးက ရေလမ်းကြောင်းတွေကို ပြည်သူတွေလုံးဝ မဖြတ်သန်းကြဖို့ အသိပေးထုတ်ပြန်ထားတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပွင့်ဖြူမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်နေတာကြောင့် ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေနဲ့လည်း တိုက်ပွဲတွေ ပြင်းထန်နေသလို မဲဇလီတံတားထိပ်က ကုန်းမြင့်ပိုင်းတွေမှာလည်း တပ်စွဲနေရာယူပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်းရဲ့ ဒုတပ်ရင်းမှူးကိုဆံရှည်က “စစ်ရေးအခြေအနေကတော့ နှစ်ဖက် တင်းမာနေပါတယ်။ စစ်ကြောင်းက လယ်မတို့၊ မဲဇလီတို့၊ ဆည်တော်တို့ရွာဘက်တွေမှာ အင်အား ၂၀၀ လောက်နဲ့ စစ်ကြောင်းထိုးနေတယ်။ ပြည်သူတွေကို ဖမ်းဆီးတွေလည်းရှိနေတယ်။ တိုက်ပွဲဖြစ်တာတွေလည်းရှိတယ်။ စစ်ရေးအခြေအနေ တင်းမာနေလို့လည်း အခုလို လမ်းပိုင်းတွေကို ယာယီပိတ်ရတာပါ။ တချို့ စစ်ရေးနဲ့ပတ်သက်တဲ့ကိစ္စတွေကတော့ ပြောလို့မရလို့ပါ။ တိုက်ပွဲတွေကတော့ ဖြစ်နေဆဲပါ” လို့ DVB ကို ပြောပါတယ်။

လမ်းပိုင်းတွေကို နိုဝင်ဘာ ၂၇ ရက်ကစပြီး ယာယီသွားလာခွင့် ပိတ်ပင်ထားကာ ပြန်လည်အသုံးပြုဖို့ မထုတ်ပြန်မချင်း  ဖြတ်သန်းသွားလာလို့ ဖြစ်ပေါ်လာတဲ့ ကိစ္စအဝဝကို တာဝန်ယူ ဖြေရှင်းပေးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ပွင့်ဖြူမြို့နယ်အတွင်းမှာ အဆိုပါစစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ နိုဝင်ဘာ ၂၇ ရက်နေ့ မနက်ပိုင်းကလည်း တိုက်ပွဲဖြစ်ပွားတာတွေ ရှိခဲ့သေးတယ်လို့လည်း ဆိုပါတယ်။

ပွင့်ဖြူမြို့နယ်အတွင်းကနေ စစ်ကောင်စီစစ်ကြောင်း ပြန်ထွက်သွားလို့ စစ်ရေးအခြေအနေ ငြိမ်သက်သွားပြီး နယ်မြေရှင်းလင်းရေးတွေ ဆောင်ရွက်ပြီးသွားရင် အခုယာယီပိတ်ပင်ထားတဲ့ လမ်းပိုင်းတွေကို ပြန်လည်ဖွင့်လှစ်ပေးသွားမယ်လို့ မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်းဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013