DVB Logo
Home
မြန်မာသတင်း
ထန်တလန်တွင် တိုက်ပွဲပြင်းထန်နေ
DVB
·
November 25, 2024
ထန်တလန်တွင် တိုက်ပွဲပြင်းထန်နေ
Donate to DVB

ချင်းပြည်နယ်၊ ဟားခါးမြို့နဲ့ ထန်တလန်မြို့အကြားမှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေပြင်းထန် ဖြစ်ပွားနေတယ်လို့ ချင်းအမျိုးသားတပ်ဦး (CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက DVB ကို ပြောပါတယ်။

နိုဝင်ဘာလ ၂၃ ရက်ကစလို့ ဟားခါးမြို့အထွက် ထန်တလန်မြို့အနီးက Kiantalang ကီယာန်တောင် စစ်ကောင်စီစခန်းကို ချင်းပြည်အစိုးရအဖွဲ့ ကာကွယ်ရေးတပ်တွေ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာလ ၂၅ ရက်  ဒီနေ့ နေ့လယ်အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ဆလိုင်းထက်နီက “၂၃ နဲ့ ၂၄ ၂ရက် ဟားခါးနဲ့ ထန်တလန်အကြားက စခန်း ၁ ခုကို ဝင်စီးတဲ့နေရာမှာ သူတို့ဘက်က စစ်ကူတွေ လာတယ်၊ အဲ့မှာ ၂ ရက်တိုက်ပွဲဖြစ်တယ်။ ရန်သူအကျအဆုံး ၄ ယောက်လောက်ရှိတယ်၊ လက်နက် ၂ လက် ရတယ်၊ တယောက်ကတော့ အရှင်ဖမ်းတယ်၊ သူတို့ဘက်က ၂၀ နဲ့ ၃၀ အကြား ထိခိုက်ဒဏ်ရာရရှိမှုရှိတယ်၊ အဲဒီထဲက ၁၀ ယောက်ကျော်လောက်ကို ဟားခါးဆေးရုံကို ပို့ထားတယ်၊  တခြားဒဏ်ရာရတွေကတော့ အဲဒီမှာ ပိတ်မိနေတယ်။ ကျနော်တို့အားလုံး သူတို့ကို ဝိုင်းနေတဲ့ အနေအထား”လို့ ပြောပါတယ်။

တိုက်ပွဲအတွင်း ချင်းပြည်အစိုးရအဖွဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ရဲဘော် ၂ ယောက် ကျဆုံးပြီး ၁၀ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ကီယာန်တောင် တပ်စခန်းအတွင်းမှာ ဒဏ်ရာရ စစ်သားတွေ ပိတ်မိနေပြီး ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က စခန်းကို ဝိုင်းရံပိတ်ဆို့ထားကာ စခန်းကို အပြီးသတ်သိမ်းယူနိုင်ဖို့ ကြိုးစားနေပါတယ်။

ဟားခါးဗျူဟာကုန်းဘက်ကလည်း လက်နက်ကြီး ပစ်ကူပေးနေပြီး ဒီနေ့ မွန်းတည့် ၁၂ နာရီမှာ တိုက်ပွဲဖြစ်ပွားတဲ့ နေရာအနီးကို  စစ်ကောင်စီတပ်က  လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

“ဟားခါး-ထန်တလန်အကြားမှာ စစ်ကောင်စီ တပ်စွဲထားတဲ့နေရာတွေက အတော်များတယ်ပေါ့နော်။ သူတို့စခဲ့တဲ့ သီလင်းစစ်ဆင်ရေး ဇူလိုင်လ ၂၂ ရက်ကနေ စခဲ့တဲ့ စစ်ဆင်ရေးပေါ့နော် ဒီအချိန်ထိ ဆက်သွားနေတဲ့ သဘောပေါ့။ ဟားခါးဘက်ကနေ ထန်တလန်ကို စစ်ကူပို့ပေးလိုက်တဲ့အချိန် အောက်တိုဘာ ပထမအပတ်ကနေ သူတို့ နားနေကြတာပေါ့။ အဲဒီမှာလည်း နှစ်ဖက်ပစ်ခတ်မှုအသေးစားတွေတော့ ဆက်တိုက်ရှိနေတာပေါ့။ ပြန်စတာကတော့ တနေ့လောက်ကဖြစ်မယ်။”

စစ်ကောင်စီတပ်ဘက်ကလည်း ထန်တလန်တိုက်ပွဲအတွက် ဟားခါးမြို့ပေါ် ကို လေကြောင်းကနေ တပ်ကူအင်အားဖြည့်တာတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

နိုဝင်ဘာ  ၁ ရက်ကနေ ၇ ရက်အထိဖြစ်ပွားခဲ့တဲ့ ထန်တလန်မြို့တိုက်ပွဲအတွင်းမှာလည်း  စစ်ကောင်စီတပ်ဘက်က ဒုဗိုလ်မှူးကြီး တယောက်၊ ဒုရဲအုပ်တယောက် အပါအဝင် စစ်ကောင်စီတပ်သား ၁၀ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဆလိုင်းထက်နီက “စခန်းကို ကျနော်တို့ ဝိုင်းပြီးသိမ်းတဲ့အချိန်မှာ သူတို့ဟားခါးကနေ စစ်ကူပို့တာတွေ ရှိတာပေါ့။ အဲ့ဒါကြောင့် အဲ့ဒီစခန်းနဲ့ ဟားခါးအကြားလည်း စစ်ကူပို့တာတွေ တားရတယ်။ ပြီးတော့မြို့သိမ်းဖို့ စစ်ဆင်ရေးကိုလည်း ဖော်ဆောင်နေတာပေါ့။ ခုခံတဲ့အနေအထားက အားနည်းတယ်လို့ ပြောလို့ရပေမဲ့ ဟားခါးဘက်က စစ်ကူကပို့ပို့နေတော့ အဲဒါကို ဖြတ်တိုက်ရတာတွေလည်းရှိတာပေါ့။ သူတို့က ဟားခါးကို အပေါ်ကနေ စစ်အင်အားဖြည့်တင်းတာတွေလည်းရှိတယ်။ ဟားခါးက လက်နက်ကြီးပစ်ကူကတော့ နေ့စဉ်ရက်ဆက်ပေးနေတာပေါ့”လို့ ပြောပါတယ်။

ထန်တလန်မြို့သိမ်းတိုက်ပွဲကို ချင်းပြည်အစိုးရတပ်ဖွဲ့တွေကလုပ်ဆောင်နေသလို မင်းတပ်နဲ့ ဖလမ်းမြို့တွေမှာလည်း ချင်းညီနောင်စစ်ဆင်ရေးအဖြစ် မြို့သိမ်းတိုက်ပွဲတွေဆင်နွှဲနေပါတယ်။

သီရိ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013