DVB Logo
Home
မြန်မာသတင်း
မြန်မာကလေးသူငယ်များ မြေမြှုပ်မိုင်းဒဏ် အဆိုးဆုံးခံနေကြရဟု UNICEF ပြော
DVB
·
November 25, 2024
မြန်မာကလေးသူငယ်များ မြေမြှုပ်မိုင်းဒဏ် အဆိုးဆုံးခံနေကြရဟု UNICEF ပြော
Donate to DVB

မြန်မာနိုင်ငံဟာ ကမ္ဘာ့နိုင်ငံတွေထဲ မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ လက်နက်တွေရဲ့ အကျိုးသက်ရောက်မှုတွေကြောင့် အသေအပျောက်အများဆုံးနိုင်ငံ ဖြစ်လာနေပြီး ကလေး သူငယ်တွေဟာ မြေမြှုပ်မိုင်းဒဏ် အဆိုးဝါးဆုံးခံနေကြရတယ်လို့ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) က ပြောပါတယ်။

မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ လက်နက်တွေရဲ့ အကျိုးသက်ရောက်မှုတွေကြောင့် ၂၀၂၃ ခုနှစ်ထဲ ထိခိုက်သေဆုံးသူ ၁,၀၅၂ ဦးထဲက ၂၀ ရာခိုင်နှုန်းကျော်ဟာ ကလေးသူငယ်တွေ ဖြစ်တယ်လို့ အခုနှစ်အစောပိုင်း အစီရင်ခံစာတွေမှာ ဖော်ပြပြီး ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က ထိခိုက်သေဆုံးသူ ၃၉၀ ထက်စာရင် သိသိသာသာ တိုးလာတယ်လို့လည်း UNICEF က ပြောပါတယ်။

ကလေးသူငယ်တွေအနေနဲ့ အဆိုပါ အန္တရာယ်တွေကို သတိမပြုနိုင်တဲ့အပြင် လူနေအိမ်၊ စာသင်ကျောင်းနဲ့ ကစားကွင်းတွေ၊ လယ်ယာမြေဧရိယာတွေမှာ သေစေနိုင်လောက်တဲ့ လက်နက်တွေ ထားရှိတာကလည်း ကလေးသူငယ်တွေကို အမြဲတစေ အန္တရာယ်ဖြစ်စေနိုင်တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် မြေမြှုပ်မိုင်းဒဏ်ခံရသူတွေအတွက် အကျိုးဆက်တွေအနေနဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရခြင်းထက် ပိုပြီးတော့ များပြားကာ ဘဝမှာ ပြောင်းလဲလာတဲ့ စိတ်ဒဏ်ရာတွေနဲ့ ရုန်းကန်နေကြရတယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့်မို့ အရပ်သားတွေကို ထိခိုက်နစ်နာစေတဲ့ စစ်အာဏာရှင်တွေရဲ့ စွမ်းရည်ကို အားနည်းသွားစေဖို့ ညှိနှိုင်းဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းထားသလို မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေထဲက အင်အားစုအားလုံးကို မြေမြှုပ်မိုင်းတွေ ချထားတာတွေကို ချက်ချင်းရပ်တန့်ကာ နှောင့်နှေးမှုမရှိဘဲ စတင် ဖယ်ရှားကြဖို့လည်း တောင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် တနှစ်တည်းမှာပဲ  မြေမြုပ်မိုင်းကြောင့် သေဆုံးသူ ၁၀၀၀ ကျော်ရှိပြီး ဒါဟာ တခြားနိုင်ငံအားလုံးထက် သာလွန်နေတဲ့အကြောင်းလည်း နိုင်ငံတကာ မြေမြှုပ်မိုင်း တားဆီးရေးလှုပ်ရှားမှုအဖွဲ့ International Campaign to Ban Landmines (ICBL) က ပြီးခဲ့တဲ့ ရက်ပိုင်းကမှ အစီရင်ခံစာထုတ်ပြန်ထားပါတယ်။

ဒီကိန်းဂဏန်းအချက်အလက်တွေအရ မြေမြှုပ်မိုင်းကြောင့် သေဆုံးဒဏ်ရာရသူ အများဆုံး နေရာမှာ ၃ နှစ်ဆက်တိုက် ရပ်တည်ခဲ့တဲ့ ဆီးရီးယားနိုင်ငံကို မြန်မာက ကျော်တက်သွားသလို ဆီးရီးယား၊ အာဖဂန်နစ္စတန်နဲ့ ယူကရိန်းနိုင်ငံတွေထက် ပိုမိုများပြားတဲ့ ပမာဏဖြစ်တယ်လို့လည်း ICBL အဖွဲ့က ပြောထားပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်ဟာ မသန်စွမ်းသူတွေအပါအဝင် အရပ်သားတွေအပေါ်  ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုတွေ အရှိန်မြှင့်လုပ်ဆောင်နေတာကြောင့် ဆိုးရွားလှတဲ့ ကိန်းဂဏန်းတွေ ပိုမိုကြီးမားလာခဲ့တာလို့လည်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013