DVB Logo
Home
နိုင်ငံတကာ
မိခင်နှင့်ကလေး ကျန်းမာရေးထောက်ပံ့ရန် အမေရိကန်က UNICEF နှင့် တနှစ်စာ သဘောတူညီချက်ရ
DVB
·
October 17, 2026
Photo:Reuters
Photo:Reuters
Donate to DVB

အကူအညီပေးရေးအစီအစဉ်တွေရပ်ဆိုင်းသွားလို့ လပေါင်းများစွာ မရေမရာဖြစ်နေခဲ့ရပြီးနောက်မှာ အမေရိကန်ပြည်ထောင်စုဟာ အနည်းဆုံး နိုင်ငံပေါင်း ၁၅ နိုင်ငံက မိခင်တွေ၊ မွေးကင်းစ ကလေးတွေနဲ့ ကလေးငယ်တွေအတွက် အသက်ကယ်ဆေးဝါးနဲ့ ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာ တွေကို ဆက်လက် ထောက်ပံ့ပေးနိုင်ဖို့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) နဲ့ ဒေါ်လာ ၂၅ သန်းတန် သဘောတူညီချက် ရရှိခဲ့ပါတယ်။ 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ UNICEF တို့ကြား အတည်ပြုထားတဲ့ တနှစ်တာ သဘောတူညီချက်ဟာ အမေရိကန်အကူအညီကို အားကိုးနေရတဲ့ နိုင်ငံတွေ နောက်ထပ် ကျန်းမာရေးရန်ပုံငွေဆိုင်ရာ သဘောတူညီချက်အသစ်တွေကို ဆွေးနွေးနေချိန်အတွင်း ဆေးဝါး ပြတ်လပ်မှု မဖြစ်အောင် တားဆီးဖို့ ရည်ရွယ်တာပါ။

အကူအညီရပ်ဆိုင်းလိုက်မှုကြောင့် နိုင်ငံတချို့မှာ ကျန်းမာရေးစောင့်ရှောက်မှုကို ထိခိုက်နေပြီ ဖြစ်ပါတယ်။

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အရှေ့ပိုင်းက ညံငယ်ဇီ အထွေထွေဆေးရုံကြီးမှာ မီးဖွားပြီး သွေးလွန်တာကို ကာကွယ်ကုသတဲ့ အောက်ဆီတိုစင်ဆေးနဲ့ ပဋိဇီဝဆေး အမောက်ဆဲဆီလင်တို့ ပြတ်လပ်သွားခဲ့ပါတယ်။

ဆေးရုံတွေအနေနဲ့ ဆေးဝါးတွေကို ပြင်ပဈေးကွက်ပေါက်ဈေးနဲ့ ဝယ်ယူနေရတာကြောင့် ကွန်ဂိုအရှေ့ပိုင်းမှာ အီဘိုလာဗိုင်းရပ်စ်ပါ ကူးစက်နေချိန် ကုသစရိတ်ဟာ လွန်ခဲ့တဲ့ ၆ လကထက် ၂ ဆ၊ ၃ ဆအထိ မြင့်တက်သွားခဲ့ပါတယ်။

ဒီသဘောတူညီချက်ဟာ ထရမ့်ပ် အစိုးရရဲ့ "အမေရိက ပထမဆုံး ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး မဟာဗျူဟာ" မူဝါဒအရ နိုင်ငံခြားအကူအညီတွေကို ပိတ်ပင်လျှော့ချပြီး USAID ကို ဖျက်သိမ်းခဲ့ အပြီးမှာ ထွက်ပေါ်လာတာပါ။

သဘောတူညီချက်မှာ ကွန်ဂို၊ ဟေတီနဲ့ မာလီတို့ ပါဝင်ပေမဲ့ ထိခိုက်သွားတဲ့ အကူအညီ ပမာဏ စုစုပေါင်းရဲ့ အစိတ်အပိုင်း အနည်းငယ်လေးပဲ ရှိပါသေးတယ်။

အမေရိကန်ဟာ အကူအညီရယူမဲ့ နိုင်ငံတွေကိုယ်တိုင် ရန်ပုံငွေထည့်ဝင်ဖို့လိုအပ်တဲ့ ၂ နိုင်ငံ ကျန်းမာရေးသဘောတူညီချက်ပေါင်း ၃၀ ထက်မက ကိုလည်း လက်မှတ်ရေးထိုးထားပါတယ်။

တချိန်တည်းမှာပဲ၊ အရင်က အမေရိကန် ကန်ထရိုက်တာတွေ စီမံခန့်ခွဲခဲ့တဲ့ ထောက်ပံ့ရေး ကွင်းဆက်တွေကို သက်ဆိုင်ရာနိုင်ငံအစိုးရတွေ ကိုယ်တိုင် တာဝန်ယူ ဆောင်ရွက်နိုင်ဖို့  ကြိုးပမ်း နေရပါတယ်။

UNICEF နဲ့ သဘောတူညီချက်အပြင် နိုင်ငံခြားရေးဝန်ကြီးဌာနဟာ ငှက်ဖျားနဲ့ HIV ဆေးဝါးတချို့ ပေးပို့ရမဲ့ ရက်ကို တိုးမြှင့်ပေးခဲ့သလို၊ Global Fund အဖွဲ့နဲ့လည်း သဘောတူညီချက်ရယူကာ အမေရိကန်ထောက်ပံ့တဲ့ ပစ္စည်းတွေကို ဝယ်ယူခွင့် ပြုထားပါတယ်။ 

လက်ရှိမှာ UNICEF ဘက်က အော်ဒါအသစ် မမှာယူရသေးပေမဲ့ မကြာမီမှာ စတင်မှာယူတော့မယ် လို့ သိရပါတယ်။ 

Source:Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013