
ရန်ကုန်မြို့က မြို့နယ်တချို့မှာ ဆေးစွဲသူတွေနဲ့ အိမ်ခြေမဲ့အမျိုးသားတွေကို စစ်မှုထမ်းဖို့စာရင်းပေးသွင်းနေပြီး စစ်သားစုဆောင်းရေးကိုပို့နေတယ်လို့ မြိုခံတွေက ပြောပါတယ်။
စာရင်းကောက်ပေးတာနဲ့ စုဆောင်းရေးအလုပ်တွေကို စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေက ဦးဆောင်လုပ်နေတာဖြစ်ပြီး အင်းစိန်မြို့နယ်၊ တညင်းကုန်းလမ်းဆုံအနီးက အမှတ် ၁ စစ်သားစုဆောင်းရေးတပ်ကို တိုက်ရိုက်ပို့ဆောင်ပေးနေတာပါ။
မရမ်းကုန်းမြို့ခံတယောက်က “ဒီ ၁၁ လပိုင်းထဲမှာပဲ။ အသက် ၂၀ ကျော်လောက်ရှိပြီ အဲဒီ ကောင်လေးက။ အနားက ဝိုင်းမေးတာ နာမည်ရော နေရပ်လိပ်စာရော ဘာမှမေးလို့မရဘူး။ ကြောင်တောင်တောင်ဖြစ်နေတာ။ ဆေးသုံးထားတယ်လို့ ပြောတယ်။ ရုံးခန်းထဲ ခေါ်ထားပြီး နောက်နေ့စစ်တပ်ထဲ ပို့လိုက်တာ” လို့ ပြောပါတယ်။
ပြီးတော့ မြောက်ဥက္ကလာပမြို့နယ်နဲ့ မင်္ဂလာဒုံမြို့နယ် ထိစပ်ရပ်ကွက်ဖြစ်တဲ့ အနန်းပင်ရပ်ကွက်ရုံး အဖွဲ့ဝင်တွေက ဝေဘာဂီဘူတာမှာ ညပိုင်းအိပ်နေတဲ့ အိမ်ခြေမဲ့အမျိုးသား ၃ ယောက်ကို နိုဝင်ဘာလဆန်းပိုင်း ဧည့်စာရင်းစစ်ချိန်ဖမ်းဆီးထားပြီး နောက်တနေ့မှာ စစ်ကားနဲ့ လာရောက်ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
ရပ်ကွက်ရုံးနဲ့ နီးစပ်သူတဦးက “သူတို့က ငယ်စာရင်း(ရပ်ကွက်နေစာရင်း)တောင်းတယ်။ သက်ပြည့်ပြီးသူ ဘယ်နှစ်ဦး လုပ်ခိုင်းတယ်။ အခုအပတ်စဉ် ၆ အတွက် တဦး၊ အရင် အပတ်စဉ်တွေမှာ စာရင်းရော လူရော မရှိရင် အဲအတွက် နောက်တဦး။ တောင်းတယ်။ စစ်ထဲဝင်ဖို့က တချို့ဆို သူတို့နာမည်တောင် မမှတ်မိဘူး။ ဘယ်မှာနေလဲလည်း ရေရေရာရာ မပြောဘူး။ ဒီမှာလည်း အကြာကြီးခေါ်မထားနိုင်တော့ အဆင်ပြေသလို စီစဉ်ပေးနေကြတာ” လို့ ပြောပါတယ်။
စစ်မှုထမ်းစာရင်းကောက်ယူတာအပြင်တွေ ၂၀၂၅ ခုနှစ်မှာ စစ်ကောင်စီကလုပ်မယ်ဆိုတဲ့ ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကောက်ယူတာကိုလည်း ဒီဇင်ဘာလမှာ အပြီးသတ်နိုင်ဖို့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေပါဝင်တဲ့ လူဦးရေစာရင်းကောက်ယူရေး ကော်မတီတွေက ဆက်လက် လုပ်ဆောင်နေပါတယ်။











