DVB Logo
Home
မြန်မာသတင်း
ဂျပန်၊ ကိုရီးယားနဲ့ မကာအို ခရီးသည်များကို စစ်ကောင်စီက ဆိုက်ရောက်ဗီဇာ ထုတ်ပေး
DVB
·
November 20, 2024
ဂျပန်၊ ကိုရီးယားနဲ့ မကာအို ခရီးသည်များကို စစ်ကောင်စီက ဆိုက်ရောက်ဗီဇာ ထုတ်ပေး
Donate to DVB

မြန်မာနိုင်ငံကို နိုင်ငံခြားသားခရီးသွားဝင်ရောက်မှု တိုးတက်လာစေဖို့ ဂျပန်၊ တောင်ကိုရီးယားနဲ့ တရုတ်ရဲ့ မကာအို အထူးအုပ်ချုပ်ခွင့်ရ ဒေသက ပတ်စ်ပို့ ကိုင်ထားသူတွေအတွက် အောက်တိုဘာ ၂၁ ရက်ကစပြီး ဆိုက်ရောက်ဗီဇာ ထုတ်ပေးနေတယ်လို့ စစ်ကောင်စီ လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက ထုတ်ပြန်ပါတယ်။

အခုထုတ်ပေးမယ့် ဆိုက်ရောက်ဗီဇာဟာ ကမ္ဘာ့လှည့်ခရီးသွားတွေအတွက် ဖြစ်ပါတယ်။ အဆိုပါ ဆိုက်ရောက်ဗီဇာစနစ်အရ ဝင်ရောက်လာသူဟာ တယောက်ကို အမေရိကန်ဒေါ်လာ ၅၀ ဗီဇာကြေး ပေးသွင်းရမှာဖြစ်ကာ ရက်ပေါင်း ၃၀ နေထိုင်ခွင့်ရမှာ ဖြစ်ပါတယ်။

ရက်ပေါင်း ၃၀ အပြင် ထပ်မံ သက်တမ်းတိုးခွင့်မပြုဘဲ သက်တမ်းကျော်လွန် နေထိုင်မယ်ဆိုရင် ဒဏ်ကြေးပေးဆောင်ရမယ်လို့ ထုတ်ပြန်ထားပါတယ်။

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ နိုင်ငံတကာက ခရီးသွားတွေကို ပိုမိုဆွဲဆောင်ဖို့ ရည်ရွယ်ပြီး ဆိုက်ရောက်ဗီဇာပေးတာကို စမ်းသပ်ကာလ တနှစ်ကြာ အကောင်အထည် ဖော်မယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ လုံခြုံရေးအခြေအနေတွေကြောင့် နိုင်ငံခြားခရီးသွား ဝင်ရောက်မှု ထိုးကျသွားခဲ့ပြီး တိုးတက်စပြုနေတဲ့ နိုင်ငံရဲ့ ခရီးသွားကဏ္ဍလည်း ထိခိုက်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ဟိုတယ်နဲ့ ခရီးသွားဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရတော့ နိုင်ငံခြားခရီးသွား ဝင်ရောက်မှုဟာ တဖြည်းဖြည်းနဲ့ ပြန်တက်လာနေပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလအထိ လေကြောင်းကနေ နိုင်ငံခြားခရီးသွား စုစုပေါင်း ၂ သိန်းကျော် ဝင်ရောက်ခဲ့ပါတယ်။

ဒါပေမဲ့ အာဏာမသိမ်းခင် ၂၀၁၉ ခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလအထိ ကာလတူအတွင်းမှာ လေကြောင်းကနေ ဝင်ရောက်ခဲ့တဲ့ နိုင်ငံခြားခရီးသွားဟာ စုစုပေါင်း ၁၃ သိန်းခွဲကျော် ရှိခဲ့ပါတယ်။ နယ်စပ်နဲ့ လေကြောင်း စုစုပေါင်းဆိုရင် ၃ သန်းကျော် ဝင်ရောက်ခဲ့ပါတယ်။

နယ်စပ်ကနေ ဝင်တဲ့လူတွေပါ ပေါင်းလိုက်ရင် အခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလအထိ စုစုပေါင်း ၆ သိန်းကျော် ဝင်ရောက်ထားပြီး ၂၀၂၃ ခုနှစ် ကာလတူမှာ ၁၃ သိန်းကျော် ဝင်ရောက်ထားတာကြောင့် ထက်ဝက်လျော့ကျသွားတဲ့သဘော ရှိနေပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ ၂၀၂၃ ခုနှစ် တနှစ်တာအတွင်း မြန်မာနိုင်ငံကို ပြည်ပခရီးသည် ဝင်ရောက်မှု ၁ သန်းကျော် ရှိခဲ့ပြီး ၂၀၂၄ ခုနှစ် ပထမ ၅ လတာမှာ ပြည်ပခရီးသည် ၅ သိန်းကျော် ရှိခဲ့တာကြောင့် မနှစ်ကထက် ပြည်ပခရီးသည် ပိုမို ဝင်ရောက်ဖို့ မျှော်လင့်ထားကြောင်း ပြောထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013