DVB Logo
Home
မြန်မာသတင်း
ဖယ်ခုံ စစ်ရှောင် ၁ ဦး မိုင်းနင်းမိ၊ ခင်ဦးမြို့တွင် စစ်တပ်ကပစ်ခတ်သဖြင့် လူငယ် ၁ ဦးသေဆုံး
DVB
·
November 17, 2024
ဖယ်ခုံ စစ်ရှောင် ၁ ဦး မိုင်းနင်းမိ၊ ခင်ဦးမြို့တွင် စစ်တပ်ကပစ်ခတ်သဖြင့် လူငယ် ၁ ဦးသေဆုံး
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ခေါင်အိကျေးရွာအုပ်စုရှိ မိငံ စစ်ရှောင်စခန်းမှ အသက် ၄၀ အရွယ် ဦးကျော်ငြိမ်းက မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးခဲ့ရတယ်လို့ စစ်ရှောင်တွေဆီက သိရပါတယ်။

နိုဝင်ဘာ ၁၅ ရက် နေ့လယ်က စစ်ရှောင်စခန်းအနီး တောထဲမှာသွားနေစဉ် မိုင်းနင်းမိပြီး သေဆုံးခဲ့ရတယ်လို့ စစ်ရှောင်တယောက်က ပြောပါတယ်။

“တောထဲမှာ ဟင်းသွားရှာတယ်လို့ပြောပြီး ထွက်သွားတာ။ မိုင်းနင်းမိပြီး လူတွေရောက်တော့ အသက်မရှိတော့ဘူး။ သူ့မှာ ကလေး ၃ ယောက် ရှိတယ်။” 

ဖယ်ခုံအနောက်ဘက် ကျေးရွာတွေနဲ့ စစ်ရှောင်စခန်းတွေမှာ မြေုမြှုပ်မိုင်းအန္တရာယ် ကြီးကြီးမားမား ကြုံတွေ့နေရပြီး မြေမြှုပ်မိုင်းကြောင့် ဒဏ်ရာရသူ သေဆုံးသူလည်း လစဉ်ရှိတယ်လို့ ပြောပါတယ်။

နောက်ဒေသခံတယောက်က “မြေမြှုပ်မိုင်းတွေ ကြောက်လို့ စစ်ရှောင်တွေ တောင်ယာ မလုပ်နိုင်ဘူး၊ စပါးမစိုက်ရဲဘူး။ တောထဲလည်း ဟင်းရွက်မရှာရဲဘူး။ အရမ်းဒုက္ခရောက်ရတယ်။ မိုင်းတွေကိုလည်း သေချာရှင်းပေးမယ့်လူမရှိဘူး” လို့ ပြောပါတယ်။

နိုဝင်ဘာ ၁၁ ရက်ကလည်း ဖယ်ခုံမြို့နဲ့ထိစပ်နေတဲ့ ညောင်ရွှေမြို့နယ် ထီဟမ်းတားကျေးရွာက အသက် ၁၄ နှစ်အရွယ် ခွန်ပန်းခိုင်း မောင်းတဲ့ဆိုင်ကယ် မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့မှာ နိုဝင်ဘာ ၁၄ ရက် နေ့ ည ၉ နာရီခွဲ၀န်းကျင်က ဆိုင်ကယ်စီးလာသူတွေကို စစ်ကောင်စီတပ်ဖွဲ့၀င်တွေက ပစ်ခတ်တာကြောင့် လူငယ်တယောက် သေဆုံးသွားတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။

ခင်ဦးမြို့ခံတယောက်က “ဒီမြို့က အောင်မင်္ဂလာရပ်ကွက်မှာ ဖြစ်သွားတာ။ ဆိုင်ကယ်တစီးတည်း ၂ ယောက်စီးပြီး အလုပ်ကပြန်လာတဲ့ ကလေး ၂ ယောက်ကို ရွှေကျောင်းနားမှာ ကင်းပုန်းဝပ်နေတဲ့ စစ်သားတွေက ပစ်လိုက်လို့ လူငယ် ၁ ယောက် ပွဲချင်းပြီး သေသွားတယ်” လို့ ပြောပါတယ်။

သေဆုံးသူတဲ့လူငယ်ဟာ အသက် ၂၂ နှစ်အရွယ် ကိုဖိုးပြည့်စုံဖြစ်ပြီး တခြား လူငယ်တယောက်ကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ အောင်မင်္ဂလာရပ်ကွက်နေသူ တယောက်က ပြောပါတယ်။

“ရွှေကျောင်းနားမှာ စစ်သားတွေ ကင်းပုန်းဝပ်နေတာ ကြာပြီဗျ။ အရင်နေ့တွေလည်း ၉ နာရီခွဲ ၁၀ နာရီအထိ သွားလာနေကြတာ ဘာမှမဖြစ်ပါဘူး။ အဲဒီနေ့ညက စစ်သားတွေမူးပြီး ပစ်တာနေမှာ။ ကလေးတယောက် သေသွားတယ်၊ ကျန်တဲ့ ကလေးတယောက်ကတော့ ဆိုင်ကယ်ထားခဲ့ပြီး ထွက်ပြေးတာ လွတ်သွားတယ်။ ဆုံးသွားတဲ့ ကလေးအလောင်းကို ၁၅ ရက်နေ့ မနက်ရောက်မှ လူမှုကူညီရေးအသင်းကားနဲ့ လာသယ်သွားတာ တွေ့လိုက်တယ်။ တန်းပြီးသင်္ဂြိုဟ်လိုက်တယ်လို့ လည်း သိရတယ်ဗျ။”

အာဏာသိမ်းစစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ၃ နှစ်၀န်းကျင်ကတည်းက ခင်ဦးမြို့နယ် အပါအ၀င် စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တွေမှာ  ဆိုင်ကယ်တစီးတည်း အမျိုးသား ၂ ဦး မစီးကြဖို့ ထုတ်ပြန်ထားခဲ့တယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013