
စစ်ကောင်စီရဲ့ တလနှစ်ကြိမ်ဖွင့်လှစ်တဲ့ 5Digits အောင်ဘာလေအွန်လိုင်းထီကို ဒီနေ့မှာ ၂ ကြိမ်မြောက်အဖြစ် ဖွင့်လှစ်ခဲ့ပေမဲ့ စိတ်ဝင်စားခံရမူရှိမနေဘူးလို့ ထီကိုယ်စားလှယ်တွေဆီက သိရပါတယ်။
5Digits အောင်ဘာလေအွန်လိုင်းထီကို အောက်တိုဘာ ၁၅ ရက်က စတင်ရောင်းချခဲ့ပြီး နိုဝင်ဘာ ၁ ရက်က တကြိမ်မြောက်ဖွင့်လှစ်ခဲ့ကာ ဒီနေ့မှာ ၂ ကြိမ်မြောက်ဖွင့်တာဖြစ်ပါတယ်။
စစ်ကောင်စီလက်အောက်ခံ အောင်ဘာလေသိန်းဆုဌာနက တလ တကြိမ်ပုံမှန်ဖွင့်လှစ်ရောင်းချတဲ့ ပုံနှိပ်ထီနဲ့ အွန်လိုင်းထီအပြင် တလ ၂ ကြိမ်ဖွင့်လှစ်တဲ့ ထီစနစ်အသစ်ကို အသုံးပြုလာတာလည်းဖြစ်ပါတယ်။
ထီကိုယ်စားလှယ် ဟောင်းတယောက်က “အများစုဆိုရင် အခုဖွင့်တဲ့ တလ တကြိမ်ထီ ရှိမှန်းကိုမသိကြဘူး။ စကစနဲ့ပတ်သက် ဆက်နွှယ်သူတွေနဲ့ နိူင်ငံရေးနားမလည်သူတွေလောက်ပဲ သိကြ၊ ထိုးကြတာ။ အခုအနေအထားအရဆိုရင် မအောင်မြင်ပါဘူး။ အရင်လို အောင်ဘာလေထီပွဲခံတဲ့ အနေအထားမျိုးပြန်ရောက်ဖို့မရှိဘူး” လို့ ပြောပါတယ်။
အဲဒီထီကို အွန်လိုင် သတ်မှတ်ထားတဲ့ အက်ပရီကေးရှင်းကတဆင့်ဝင်ရောက်ပြီး တစောင်ကို ၁၀၀၀ ကျပ်နဲ့ ဝယ်ယူရတာဖြစ်ပါတယ်။
ထီဆုရဲ့ အမြင့်ဆုံးဆုငွေကို ကျပ်သိန်း ၅၀၀ နဲ့ အနည်းဆုံးဆုကို ကျပ် ၅၀၀၀၀ သတ်မှတ်ထားပြီး ဆုမဲပေါင်း ၂၄၀၀ ကျော်ပေးသွားမယ်လို့ အောင်ဘာလေကအသိပေးထားပါတယ်။
အဲဒီထီကို လူစိတ်ဝင်စားလာအောင် တခြားကံစမ်းမဲ ပစ္စည်းတွေ ပေးမယ်ဆိုပြီးလည်း စွဲဆောင်ထားပါသေးတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ပြည်သူအများစုက စစ်ကောင်စီဝင်ငွေရလမ်းတွေကို ဖြတ်တောက်တဲ့အနေနဲ့ အောင်ဘာလေထီဝယ်ယူကံစမ်းတာတွေ ရပ်နားခဲ့ကြပါတယ်။
အာဏာမသိမ်းခင်အထိ အောင်ဘာလေထီ ဝါတနာရှင်တယောက်က "အခုထီတွေဘယ်လိုဖွင့်နေလဲဆိုတာလဲ မသိဘူး။ စိတ်လည်းမဝင်စားတော့ဘူး။ ပြည်သူ့အစိုးရပြန်ဖြစ်ရင်တော့ ပုံမှန်ထီပြန်ထိုးဖြစ်မယ်” လို့ ပြောပါတယ်။
အောင်ဘာလေထီကိုပြည်သူတွေက သပိတ်မှောက်ခဲ့တာကြောင့် ထီလက်မှတ်ရောင်းချရမူမှာ ၈၀ ရာခိုင်နူန်းနီးပါးအထိ ကျဆင်းသွားခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။










