
ပီရူးနိုင်ငံ လီမာမြို့တော်ရဲ့ ယော်ဂဲ ချာဗက်ဇ် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ လုံခြုံရေးဝန်ထမ်းတွေဟာ တာရန်တူလာ အမွေးထူပင့်ကူကြီးမျိုး အကောင် ၃၂၀ ၊ ကင်းခြေများ အကောင် ၁၁၀ နဲ့ ခါးပတ်၂ ခုထဲ ထည့်ပတ်ထားတဲ့ ပုရွက်ဆိတ် ၉ ကောင်တို့နဲ့အတူ ကိုးရီးယားနိုင်ငံသားတယောက်ကို နိုဝင်ဘာ ၈ ရက်က ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
လက်တဝါးစာအရွယ် တာရန်တူလာ အမွေးထူပင့်ကူကြီးတွေ အပါအဝင် တိရစ္ဆာန်တွေကို မားဒရေး ဒယ်ဒီးယို့စ် ဒေသကနေ တရားမဝင် ထုတ်ယူခဲ့တယ်လို့ သံသယရှိထားပါတယ်။
လုံခြုံရေးဆိုင်ရာ အစီရင်ခံစာထဲမှာတော့ ကိုရီးယားနိုင်ငံသားကို တောရိုင်းတိရစ္ဆာန်နမူနာတွေနဲ့အတူ လက်ဝယ်တွေ့ရှိခဲ့ကြောင်း ဖော်ပြထားတယ်လို့ အမျိုးသား သစ်တောနဲ့ တောရိုင်းတိရစ္ဆာန်ဌာနမှ ဇီဝဗေဒပညာရှင် ပီလာအယာလာက ပြောပါတယ်။
အသက် ၂၈ နှစ်အရွယ် အမျိုးသားဟာ တောင်ကိုရီးယားနိုင်ငံကို လေယာဉ်စီးဖို့ စီစဉ်ခဲ့ပေမဲ့ လုံခြုံရေးဝန်ထမ်းတွေက သူ့ရဲ့ ဝမ်းဗိုက်က ပုံမှန်မဟုတ်ဘဲ ဖောင်းကားနေတာကို သတိပြုမိချိန်မှာ တိရစ္ဆာန်တွေကို တွေ့ရှိခဲ့တာဖြစ်တယ်လို့ ဒေသခံမီဒီယာက ဖော်ပြပါတယ်။
ဖမ်းမိပြီးနောက်မှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ရှေ့နေရုံးမှ အမှုဖွင့် စစ်ဆေးခဲ့ပြီး အခုတော့ အဲဒီတိရစ္ဆာန်တွေကို အာဏာပိုင်တွေရဲ့ ထိန်းကျောင်းမှုအောက်မှာ ထားရှိခဲ့ပါတယ်။
မျိုးသုဉ်းလုနီးပါး မျိုးစိတ်တွေကို အိမ်မွေးတိရိစ္ဆာန်တွေအဖြစ် သို့မဟုတ် စုဆောင်းသူတွေဆီ ရောင်းချခြင်းဟာ တရားမဝင် ရောင်းဝယ်ဖောက်ကားခြင်းဖြစ်ပြီး ကမ္ဘာတဝန်း ဒေါ်လာ သန်းပေါင်းများစွာ လည်ပတ်လုပ်ကိုင်နေတဲ့လုပ်ငန်းဖြစ်တယ်လို့ အမျိုးသားသစ်တောနဲ့ တောရိုင်းတိရစ္ဆာန်ဌာန (SERFOR) မှ ပြောပါတယ်။
Photo-Reuters










