
မက္ကဆီကိုနိုင်ငံမြောက်ပိုင်း၊ ဆီနာလိုအာပြည်နယ်မှာ နိုဝင်ဘာ ၁၄ ရက်က သေဆုံးသူ ၃ ယောက်ရဲ့ ရုပ်အလောင်းတွေကို ထပ်မံတွေ့ရှိခဲ့ရပါတယ်။
ကြာသပတေးနေ့ မနက် အစောပိုင်းက ကူလီယာကန်မြို့ ဒေသန္တရသချိုင်းအနီးမှာ ရုပ်အလောင်း ၃ လောင်း တွေ့ရှိခဲ့ကြောင်း သတင်းပေးပို့ချက်ရရှိခဲ့ပြီး ရုပ်အလောင်းတွေဟာ အကြမ်းဖက်ခံရမှု လက္ခဏာရှိကာ ဘယ်သူဘယ်ဝါတွေဆိုတာ ဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း ပြည်နယ်ပြည်သူ့လုံခြုံရေးဆိုင်ရာ လက်ထောက်အတွင်းရေးမှူး လီယွန်စီယိုပယ်ဒရိုဂါစီယာ က ပြောပါတယ်။
ကူလီယာကန်မြို့တဝိုက်မှာ အလောင်းတွေ တွေ့ရှိခဲ့ရတဲ့ လူ ၁၄ ယောက် အသတ်ခံရမှုကို စုံစမ်းစစ်ဆေးနေကြောင်း ပြည်နယ် အစိုးရရှေ့နေရုံးက ပြောကြားလိုက်တဲ့ တနေ့တည်းမှာပဲ အလောင်းတွေ ထပ်တွေ့ခဲ့ရတာပါ။
ပြည်နယ်အတွင်း လုံခြုံရေး စစ်ဆင်ရေးတွေကို အားဖြည့်ဖို့အတွက် မက္ကဆီကိုစစ်တပ်မှ တပ်ဖွဲ့ဝင် ၁၀၀ ကျော်ဟာ ဗုဒ္ဓဟူးနေ့ ညမှာ မြို့တော်ကို ထပ်မံရောက်ရှိလာခဲ့ပါတယ်။
မက္ကဆီကိုနိုင်ငံဟာ ဆီနာလိုအာပြည်နယ်မှာ မူးယစ်ဂိုဏ်းအချင်းချင်း စစ်ပွဲအတွင်း ရာနဲ့ချီ သေဆုံးခဲ့ကြတဲ့ လတ်တလောအကြမ်းဖက်မှု လှိုင်းလုံးကြီးအပြင် ရက်သတ္တပတ်အတွင်း ဘားတခုမှာ လူ ၁၀ ယောက် သေဆုံးခဲ့တဲ့ ကဲ့ရယ်တာ့ရိုပြည်နယ်လို တခြားပြည်နယ်တွေမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို ကြုံတွေ့နေရတာ ဖြစ်ပါတယ်။
Photo-Reuters










